May 10, 2026 | မြန်မာ
Fact Check 1 min read

ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ထက်ပိုပါတယ်

ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှားယွင်းသိထားတဲ့ အ‌ကြောင်းအရာတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငယ်ငယ်ကဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်က ပိုစ့်တွေမှာပဲဖြစ်ဖြစ် တော်တော်များများဖတ်ဖူးကြမှာကတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ပဲ ကြာတယ်ဆိုတာပါ။ တကယ်တော့ အဲ့ဒီအကြောင်းအရာဟာ Myth – ယုံတမ်းအချက်အလက်မှားတစ်ခုသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို လူတော်တော်များများက “fact” တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိထားပေမယ့် အမှန်တော့ မဟုတ်နေပါဘူး။

တကယ့်တကယ်တမ်းမှာတော့ သာမန်ရွှေငါးတစ်ကောင်ရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ထက် အများကြီးပိုပါတယ်။ အင်္ဂလန်နိုင်ငံ Plymouth တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သာမန်မဟုတ်ဘဲ ရှုပ်ထွေးများပြားတဲ့ အရာတွေကိုတောင် လအ‌တော်အတန်ကြာ မှတ်မိနိုင်ပါတယ်။ အခြားသုတေသနတွေနဲ့ စမ်းသပ်ချက်တွေအရ ရွှေငါးတွေက လီဗာကိုဖိလိုက်ရင် ကန်ထဲအစာကျလာတာမျိုးကို မှတ်မိနိုင်စွမ်းရှိပြီး သူတို့အစာစားရမယ့် အချိန်ရောက်တာနဲ့ အဲ့ဒီလီဗာကို သွားဖိတာမျိုး၊ အဲ့တာအပြင် လီဗာကိုသွားနင်းတဲ့အချိန်ကပါ မှန်နေတာမျိုးအထိ ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို လေ့လာသင်ယူနိုင်တဲ့ မှတ်ဉာဏ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ရွှေငါးတွေက သူတို့သခင်ရဲ့ မျက်နှာနဲ့ အသံကိုပါ မှတ်မိနိုင်စွမ်းရှိပါတယ်။

ဒါဆိုရင် ရွှေငါးတွေရဲ့ မှတ်ဉာဏ်က သုံးစက္ကန့်ထက်မပိုဘူးဆိုတဲ့ အဲ့ဒီယုံတမ်းအချက်အလက်မှားက ဘာလို့ အခုချိန်အထိ ကျန်ရှိနေသေးတာလဲ?.. ဖြစ်နိုင်တာကတော့ ရွှေငါးတွေရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေအ‌ပေါ် မူတည်ပြီးတော့ အခုလို အထင်အမြင်လွဲမှားစေနိုင်တဲ့ ယုံတမ်းအယူအဆတွေ ပေါ်ပေါက်လာတာပါ။ ရွှေငါးတွေက သူတို့ရဲ့ ကန်တွေ ဖန်လုံးတွေထဲမှာ ဦးတည်ရာမဲ့လှည့်လည်ကူးခတ်နေကြတာဖြစ်ပြီးတော့ အတိတ်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို အချိန်ကြာကြာမှတ်မိနိုင်စွမ်းမရှိဘဲ မေ့ပျောက်သွားကြသယောင်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ‌ရွှေငါးတွေရဲ့ အဲ့ဒီလိုအပြုအမူတွေက မှတ်ဉာဏ်စွမ်းရည်နိမ့်ပါးတာကို ရည်ညွှန်းတာမဟုတ်လို့ အဲ့လိုကောက်ချက်မချနိုင်ပါဘူး။

ရွှေငါးတွေက သူတို့ရဲ့ အမြင်မှာ ခဏတဖြုတ်ပေါ်လာတဲ့ အရာဝတ္ထုတစ်ခုကို အချိန်အကြာကြီးမှတ်မိနိုင်လောက်အောင် အားကောင်းတဲ့ အာရုံခံစွမ်းရည်မရှိပါဘူး။ တစ်နည်းအားဖြင့် သူတို့မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေက ဆက်လက်တည်ရှိနေတယ်ဆိုတာကို မသိနိုင်တာကြောင့်ဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်လေးတွေကို လူကြီးတွေ ဆော့ပေးလေ့ရှိတဲ့ “တူတူရေ .. ဝါး” ဆိုတာလည်း အဲ့ဒီ‌သဘောတရားနဲ့ ဆင်တူပါတယ်။ ကလေးငယ်တွေအနေနဲ့ သူတို့မျက်စိရဲ့ မြင်ကွင်းဖုံးနေချိန်မှာ ပျောက်ကွယ်သွားတဲ့အရာကို မြင်ကွင်းပြန်ပေါ်လာချိန်မှာ အဲ့ဒီအရာ တည်‌ရှိနေတယ်ဆိုတာကို ချက်ချင်းသတိမရနိုင်ပါဘူး။ အဲ့ဒီအချိန်မှာမှ လူကြီးကနေပြီး “ဝါး” ဆိုပြီးတော့ ကလေးရဲ့ မြင်ကွင်းထဲကို ပြန်ဝင်လာပြီး အသံပြုတဲ့အခါမှ ကလေးငယ်တွေအနေနဲ့ ပြန်အမှတ်ရ – recognize ဖြစ်တာ ဖြစ်ပါတယ်။

ရွှေငါးတွေရဲ့ သုံးစက္ကန့်မှတ်ဉာဏ်ယုံတမ်းကို ဆက်တည်မြဲနိုင်ဖို့အတွက် ထောက်ခံပေးနေတဲ့ နောက်တစ်ချက်ကတော့ ရွှေငါးတွေရဲ့ တက်ကြွမှုနဲ့ စိတ်ဝင်စားမှုကိုနည်းပါးစေတဲ့ ရိုးရှင်း သေးငယ်တဲ့ ငါးကန်တွေ၊ လှောင်အိမ်တွေထဲမှာ ထားလို့ဖြစ်ပါတယ်။ အဲ့လိုနေရာတွေမှာ မွေးမြူထားခြင်းအားဖြင့် ရွှေငါးတွေကို ငြီးငွေ့လာနိုင်စေပြီး ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုကို အားနည်း‌စေပါတယ်။ အကယ်၍ လုံလောက်တဲ့ ရေကန်အကျယ်အဝန်းရယ်၊ သဘာဝနဲ့အနီးစပ်ဆုံးဆင်တူတဲ့ ပတ်ဝန်းကျင်ကို ပြုလုပ်ပေးပြီး ရွှေငါးတွေရဲ့ တက်ကြွမှု၊ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးမယ် ဆိုရင် သူတို့အနေနဲ့ ရှုပ်ထွေးတဲ့ အပြုအမူတွေ၊ စွမ်းရည်တွေကို ပြသလာနိုင်မှာဖြစ်ပြီး မှတ်ဉာဏ်စွမ်းရည်ကိုလည်း ပိုမိုတိုးတက်မြင့်မားလာစေမှာပါ။

နိဂုံးချုပ်အနေနဲ့ ရွှေငါးတွေရဲ့ မှတ်ဉာဏ် သုံးစက္ကန့်ပဲခံတယ်ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အချက်အလက်မှားတစ်ခုပဲ ဖြစ်ပါတယ်။ ရွှေငါးတွေက ကျွန်တော်တို့လူတွေ ဒါမှမဟုတ် တခြားတိရစ္ဆာန်တွေရဲ့ မှတ်ဉာဏ်အမျိုးအစားခြင်း တူညီမှုမရှိပေမယ့်လို့ သူတို့တွေမှာလည်း လေ့လာသင်ယူနိုင်တဲ့ မှတ်ဉာဏ်ရယ်၊ သုံးစက္ကန့်ထက်အများကြီးပိုတဲ့ မှတ်မိနိုင်စွမ်းတွေရယ်ကို ပိုင်ဆိုင်ထားပါတယ်။ အခုလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါတွေရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို သိရှိနားလည်ထားမှသာလျှင် အဆိုပါတိရစ္ဆာန်လေးတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ စပ်လျဉ်းလို့ သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း သဘာဝကို လေ့လာတဲ့အခါ ပိုမိုထိရောက်ကြားနိုင်ပါတယ်လို့ ပြောကြားရင်း ရွှေငါးတွေရဲ့ မှတ်ဉာဏ်ဟာ သုံးစက္ကန့်ပဲကြာတယ်ဆိုတဲ့ လူပြောများတဲ့ အချက်အလက်မှားတစ်ခုကို Fact Hub က fact check ပြီး တင်ဆက်ပေးလိုက်ရပါတယ်။

Share Facebook Telegram Email
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.