May 26, 2026 | မြန်မာ
Fact Check 1 min read

သိပ္ပံရှုထောင့်မှ နတ်ပူး နဂါးပူးခြင်း

နတ်ပွဲ၊ နဂါးပွဲတွေထဲ ဆိုင်းသံ၊ ဗုံသံကြားလိုက်တာနဲ့ လူအကောင်းကနေ ရုတ်တရက် အသိစိတ်လွတ်သွားပြီး မြေကြီးတွေမှာ လူးလှိမ့်ကုန်တာမျိုး၊ အစုလိုက် ထကကြတာမျိုး၊ တက်ကုန်တာမျိုး စတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ တချို့ကျတော့လည်း နေရင်းထိုင်ရင်း လူစိတ်ပျောက်ပြီး ပါးစပ်ကနေ မူမမှန်တဲ့ စကားတွေထွက်လာတာမျိုး၊ ထူးထူးဆန်းဆန်း အပြုအမူတွေနဲ့ အရူးသယောင်ဖြစ်ကုန်ကြတာမျိုးတွေကို ကြုံဖူးတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့မှာတော့ အဲ့ဒီဖြစ်ရပ်တွေကို နတ်ပူး၊ နဂါးပူးတယ်လို့ ခေါ်ဆိုကြပါတယ်။ ၂၁ ရာစု သိပ္ပံနဲ့ နည်းပညာခေတ်ထဲမှာ နတ်ပူးတာ၊ နဂါးပူးတာတွေနဲ့ ပတ်သက်လို့ အယုံအကြည်မရှိကြတော့တဲ့ သူတွေ အတော်များလာပါပြီ။ အဲ့ဒီထဲမှာ ခေတ်လူငယ်တွေလည်း အပါအဝင်ပါ။ အသိပညာအဆင့်အတန်း မြင့်မားလာတာနဲ့အမျှ ဝေဖန်ဆန်းစစ်မှုတွေ တိုးမြင့်လာတာ သဘာဝပါပဲ။ ဒါပေမဲ့ အသိပညာကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသတွေ၊ ရိုးရာယုံကြည်မှု အစွဲကြီးလွန်းတဲ့ နေရာတွေမှာတော့ ဒီဖြစ်ရပ်တွေရဲ့ ရင်းမြစ်ကို သေချာမသိကြတာဖြစ်လို့ အယူစွဲ၊ အမှားလွဲတွေအဖြစ် ကျန်ရစ်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီ နတ်ပူး၊ နဂါးပူး၊ စုန်းပူ၊ သရဲပူးဖြစ်စဉ်အများစုကို ဆေးသိပ္ပံက ရှင်းပြထားတာတော့ ရှိပါတယ်။

Mass Hysteria (Mass psychogenic illness – MPI)

နတ်ပူး၊ နဂါးပူးခေါင်းစဉ်အောက်က အဲ့ဒီဖြစ်စဉ်တွေက မြန်မာနိုင်ငံမှာတင် ဖြစ်တာမဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း ဖြစ်ကြပါတယ်။ ရင်းမြစ်လိုက်ကြည့်တဲ့အခါကျတော့ Mass Hysteria အမည်ရ အစုလိုက်အပြုံလိုက် စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါဖြစ်နေပါတယ်။ ဒီရောဂါကို collective hysteria လို့လည်း လူသိများပါတယ်။ အင်တာနက်ပေါ် တက်လာတဲ့ သီချင်းမျိုး၊ ဓာတ်ပုံ၊ ဗီဒီယိုမျိုး ကြည့်မိပြီး စိတ်ထဲတစ်မျိုးဖြစ်တာ၊ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို တစ်ပြိုင်တည်း သရဲဝင်ပူးတာ၊ နေရာတစ်နေရာကို ရောက်ရင် ကျောချမ်းတာ၊ တီးလုံးတစ်ခုခုကို ကြားလိုက်တာနဲ့ အသိစိတ်လွတ်ပြီး ခန္ဓာကိုယ်က အကြောတွေဆွဲကုန်တာ၊ နေရင်း ထိုင်ရင်း ထကကုန်ကြတာ၊ နောက် နတ်ပူးနဂါးပူး ထွန့်ထွန့်လူးတာ၊ စတာတွေအကုန်လုံး ဒီ mass hysteria မျိုးကွဲတွေ ဖြစ်ကြပါတယ်။

Mass hysteria က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုပါ။ တစ်နည်းအားဖြင့် စိတ်ကစဉ့်ကလျားဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီဝေဒနာကို ခံစားရသူတွေက ရုပ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းမှု တစ်စုံတစ်ရာမရှိဘဲ သူတို့ရဲ့ စိတ်မှာပဲ အဓိက သက်ဆိုင်နေတာပါ။ ဒါကြောင့် စိတ်ရောဂါတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ခံစားရတဲ့သူတွေက သူတို့ရဲ့ စိတ်ထဲမှာ ဖြစ်လာတဲ့ ပြင်းပြင်းထန်ထန် စိတ်ခံစားချက်တွေကြောင့် သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခန္ဓာကိုယ်တွင်းက အာရုံကြောတွေက တုံ့ပြန်ကုန်တာပါ။ Mass hysteria ရဲ့ ရောဂါမျိုးကွဲတွေက အများကြီးရှိတာဖြစ်လို့ ရောဂါရဲ့ အသွင်အပြင်လက္ခဏာအတိအကျကိုတော့ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ဖြစ်ရတဲ့အကြောင်းကတော့ စိတ်ခံစားမှု ပြင်းထန်တာ၊ စိတ်အတက်အကျကြီးနေတာ၊ ယုံကြည်မှုကြီးလွန်းတာ၊ အယူစွဲလွန်/ယုံမှားလွန် စိတ်ရှိနေတာ၊ ကြောက်စိတ်တစ်ခု ဖြစ်တည်နေတဲ့အချိန်မှာ အဲ့ကြောက်စိတ်ကို အဆုံးစွန်ထိ တွန်းပို့နိုင်မယ့် ဖြစ်ရပ်တစ်ခု ပေါ်လာတာမျိုးကြောင့်ပါ။

ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ တစ်နေရာကို ဖြတ်သွားချိန်မှာ သူငယ်ချင်းတစ်ယောက်က သူသရဲကို တွေ့လိုက်တယ်လို့ ရုတ်တရက် ထပြောမယ်ဆိုရင် ကျန်တဲ့ဘေးနားက သူငယ်ချင်းတွေကိုပါ အဲ့ဒီအကြောက်တရားက ကူးစက်စေပါလိမ့်မယ်။ နဂိုကမှ သရဲခြောက်တယ်လို့ သိထားတဲ့နေရာမလို့ အကုန်လုံးက ကြောက်နေချိန်မှာ တစ်ယောက်ယောက်က အဲ့လိုထဖောက်မယ်ဆိုရင် ကျန်တဲ့သူတွေရဲ့ စိတ်မှာပါ အလိုလို မသိုးမသန့်ဖြစ်ပြီး ကြောက်စိတ်ဝင်စေနိုင်ပါတယ်၊ အဲ့ကနေမှ Mass hysteria ဖြစ်စေနိုင်ပါတယ်။ နောက် နတ်ပွဲ၊ နဂါးပွဲတွေမှာလည်း အဲ့ဒီလိုပါပဲ။ နတ်ပင့်တယ်ဆိုတဲ့အခါ ဖွင့်တဲ့ တီးလုံးတွေ၊ သီချင်းတွေ၊ ဆိုင်းသံ၊ ဗုံသံတွေ ကြားရပြီး ဒီအရာအပေါ် သက်ဝင်ယုံကြည်လွန်းတာကနေ စိတ်မထိန်းနိုင်တော့ဘဲ ခဏတာအသိစိတ်လွတ်သွားတတ်ကြပါတယ်၊ အဲ့ဒီဖြစ်စဉ်တွေက တခြားသူတွေလို ယုံကြည်မှုအားကောင်းလွန်းသူတွေ၊ စိတ်အတက်အကျမြင့်မားတဲ့သူတွေ၊ စိတ်မခိုင်သူတွေကိုပါ ဆက်ကူးစက်တတ်ပြီး Mass hysteria ဖြစ်တာပါ။ နောက် မြန်မာနိုင်ငံအတွင်းမှာပဲ ခဏခဏဖြစ်လေ့ရှိတတ်တာက ကျောင်းတွေမှာ တစ်ယောက်ယောက်က အသံနက်နဲ့ ထအော်လိုက်တာ၊ ငိုလိုက်တာ၊ ‌နောက် ဆိုးဆိုးရွားရွား အပြုအမူမျိုးဖြစ်သွားတာကြောင့် အတန်းထဲက တခြား ကျောင်းသားတွေကို သရဲဝင်ပူးသလိုဖြစ်တာမျိုးက Mass hysteria ပါ။ အလားတူ မြန်အောင်မြို့က ကျောင်းသူ ငါးယောက် ဘယ်လိုအကြောင်းမှမရှိဘဲ နှစ်ရက်နီးပါး တစ်ပြိုင်နက်တည်း အော့အန်ကြတာမျိုးကလည်း Mass hysteria ပါ။ အဲ့ဒါနဲ့ဆင်တူတာက အိမ်တစ်အိမ်က မိသားစုဝင်တွေ ဟင်းတစ်မျိုး စားမိတာကနေ အဆိပ်မိသလို ခံစားမိတာ၊ ကာကွယ်ဆေးထိုးတဲ့သူတွေ အော့အန်ကုန်တာ စတာတွေဟာလည်း mass hysteria ပါ။  ခြုံကြည့်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အယူအစွဲကနေ ဖြစ်တာပါ။ ဒီထဲမှာ သက်ဝင်ယုံကြည်စိတ်၊ စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့စိတ်တွေလည်း အမျိုးမျိုးပါဝင်ကြပါတယ်။ ကွဲသွားတဲ့ အမျိုးအစားတွေအပေါ်လိုက်လို့ လက္ခဏာတွေကလည်း မတူညီကြပါဘူး။ ဖြစ်ရပ်အများစုကလည်း အမှန်တကယ်ဖြစ်ကြတာမျိုး မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်ကြတာ၊ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ကြတာမျိုးပါ။ တကယ့်တကယ်မှာ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်တာမျိုး မရှိပါဘူး။

ဒီဖြစ်စဉ်တွေက အပေါ်မှာပြောသလို ဒီနိုင်ငံမှာပဲ ဖြစ်ကြတာမဟုတ်ပါဘူး၊ မှတ်တမ်းတွေအရ တခြားနိုင်ငံတွေမှာလည်း လွန်ခဲ့တဲ့ ၁၄ ရာစုလောက်ကစပြီး ဖြစ်ကြတာမျိုး ရှိပါတယ်။ ဥပမာ

– ၁၅၁၈ ခုနှစ်က ပြင်သစ်နိုင်ငံ Strasbourg မှာ အမျိုးသမီးတစ်ယောက်က အကြောင်းအရင်းမရှိဘဲ လမ်းမပေါ်မှာ ကနေပြီး နောက်ရက်တွေကျ သူ့နားမှာ လူငါးဆယ်လောက်ပါ ရောက်လာပြီး အလားတူကကြပါတယ်၊ ရက်သတ္တပတ် နည်းနည်းလောက်အတွင်းမှာပဲ အဲ့နေရာမှာ လူလေးရာကျော်လောက် စုလာကြပြီး တချို့ဆို အမောဖောက်ပြီး သေဆုံးတာ၊ heart attack ဖြစ်တာမျိုးတွေပါ ရှိကြပါတယ်။

– ၁၉၆၂ ခုနှစ်တုန်းကလည်း အမေရိကန်အထည်လိပ်စက်ရုံက အလုပ်သမား အယောက် ၆၀ လောက် အော့အန်တာ၊ အရေပြားတွေ နီမြန်းလာတာ၊ ထုံကျဉ်လာတာ စတဲ့ ထူးထူးဆန်းဆန်း လက္ခဏာတွေ တစ်ပြိုင်တည်းဖြစ်ကြပါတယ်။ တကယ့်တကယ်လည်း ‌ဇီဝကျွမ်းကျင် ပညာရှင်တွေ သူတို့နေရာကို လာစစ်ဆေးတဲ့အခါကျ ဘယ်လိုပိုးမွှားမျိုးမရှိတဲ့အပြင် အလုပ်သမားတွေမှာလည်း ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုး မရှိ‌နေပါဘူး။ ဒါ့အပြင် အဲ့ဒီသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တစ်နေရာတည်းမှာ တစ်ချိန်တည်း အလုပ်ဆင်းကြတဲ့ သူတွေ၊ နောက် အချိန်ပိုတူတူ ဆင်းကြတဲ့ သူတွေဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကနေ ဖြစ်လာတဲ့ Mass hysteria ပါ။

ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ဒီစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ စိတ်ဖိစီးမှုပိုများတတ်ပြီး စိုးရိမ်စိတ်လွန်ရောဂါတွေလည်း ဖြစ်တတ်ကြလို့ပါ။ နတ်ပွဲ၊ နဂါးပွဲတွေမှာလည်းပဲ အမျိုးသမီးတွေက အဖြစ်များတာကို သိသိသာသာတွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ အသိပညာတိုးတက်မှုပိုင်း အားနည်းတာဖြစ်လို့ မကြုံဖူး၊ မမြင်ဖူးတဲ့ အခြေအနေတေွရင်ဆိုင်ရတဲ့အခါ အကြောင်းအရာရဲ့ ရင်းမြစ်ကိုလိုက်မယ့်အစား အခြားလမ်းလွဲနေတဲ့ ယုံကြည်မှုတွေနဲ့ မေးခွန်းရဲ့ အဖြေကို ဖို့တတ်ကြပါတယ်။ နတ်ပွဲ၊ နဂါးပွဲတွေမှာ နတ်ပူး နဂါးပူးတယ်ဆိုတာတွေရဲ့ အများစုကလည်း mass hysteria အစစ်အမှန် မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီး လိမ်လည်လုပ်ကြတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

Share Facebook Telegram Email
Zwe Thukha Min

Zwe Thukha Min is a Yangon-based journalist, founder, and media researcher with a deep-seated interest in high-discipline editorial leadership. He began his career in the digital publishing space, eventually founding Fact Hub Myanmar to champion science communication and rigorous fact-checking in a complex information landscape. Zwe is currently expanding his academic foundation through a Bachelor of Arts in Journalism (Media Studies) at Thammasat University, alongside pursuing a degree in Business Administration from the University of the People. With over four years of experience in research-driven journalism, his work spans the intersections of global politics, human rights, and the methodology of verification. Beyond his role as Head of Fact-check, he has dedicated himself to making scientific knowledge accessible to the public through structured educational initiatives. When he isn't managing the editorial desk or investigating social issues, he is an avid reader and a swimmer, bringing the same focus to his personal interests as he does to the newsroom.

Article Credits

Written by Zwe Thukha Min
Managing Editor Fact Hub Editor Team

Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.