
အရေးကြီးကိစ္စတစ်ခုကြောင့် အပြင်သွားဖို့ အလောတကြီး အိမ်ကအထွက် ရုတ်တရက် သန့်စင်ခန်းသွားချင်လာတာ (ဒါမှမဟုတ်) စာမေးပွဲခန်းထဲ မေးခွန်းစာရွက်ထိုင်စောင့်နေတုန်း စိတ်လှုပ်ရှားလွန်းလို့ ဗိုက်ထဲက မအီမသာ ဖြစ်လာတာ၊ ဒီလိုအခိုက်အတန့်တွေကို ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုဖြစ်တာက စိတ်ခံစားချက်တွေဟာ ဝမ်းဗိုက်တွင်းက တစ်စုံတစ်ရာအပေါ် သက်ရောက်မှု ရှိနေလို့လား . . . ? ဦးနှောက်နဲ့ အစာအိမ်၊ အူလမ်းကြောင်းကြားမှာ ဘယ်လို ဆက်သွယ်မှုတွေ ရှိနေပါသလဲ . . . ?
ဦးနှောက်နဲ့ အစာအိမ်၊ အူလမ်းကြောင်းကြားမှာ နှစ်လမ်းသွားဆက်သွယ်မှု (Bidirectional Communication) ရှိပါတယ်။ ဆိုလိုတာက ဦးနှောက်ကပဲ အစာခြေစနစ်ရဲ့ လုပ်ငန်းစဉ်တွေကို ထိန်းချုပ်နေတာ မဟုတ်ဘဲ အစာခြေစနစ်ကလဲ ဦးနှောက်အပေါ် လွှမ်းမိုးမှုရှိနေတာပါ။ အတိအကျပြောရရင် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ အဏုဇီဝပိုးမွှား (Microbiota) တွေက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို စွက်ဖက်နိုင်စွမ်းရှိပြီး ဦးနှောက်တွင်း ဖြစ်ပျက်နေတဲ့ စိတ်ခံစားမှုနဲ့ သိမှုဖြစ်စဉ်တွေကလဲ အဏုဇီဝပိုးမွှားတွေရဲ့ ရှင်သန်တည်ရှိမှုအပေါ် သက်ရောက်မှုရှိပါတယ်။ အဲဒီလို တစ်ခုပေါ်တစ်ခု လွှမ်းမိုးနိုင်ဖို့ ဗက်ဂက်(စ်)အာရုံကြော (Vagus Nerve) နဲ့ အာရုံကြောဆဲလ်အချင်းချင်း သတင်းပို့နိုင်ဖို့ ကြားခံပေါင်းကူးပေးတဲ့ အာရုံကြောပေါင်းကူးပစ္စည်း (Neurotransmitter) တွေကတစ်ဆင့် အပြန်အလှန် ဆက်သွယ်ကြတာပါ။
ဦးနှောက်အပေါ် အဏုဇီဝပိုးမွှားတွေရဲ့ လွှမ်းမိုးမှု

အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် အဏုဇီဝပိုးမွှား သန်းပေါင်းသန်းချီရှိပြီး အဲဒီအရေအတွက်က လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ဆဲလ်အားလုံးထက် အဆများစွာပိုပါတယ်။ အဏုဇီဝပိုးမွှားတွေဟာ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အရေးပါသလို ဦးနှောက်ရဲ့ စိတ်ခံစားမှုနဲ့ ဆင်ခြင်တွေးတောမှု လုပ်ငန်းစဉ်တွေကိုလဲ စွက်ဖက်နိုင်စွမ်း ရှိကြပါတယ်။ အဲဒီလို စွက်ဖက်နိုင်ဖို့ ဦးနှောက်နဲ့ ကျောရိုးမကြီး ပါဝင်တဲ့ ဗဟိုအာရုံကြောစနစ် (Central Nervous System) နဲ့ အူလမ်းကြောင်းနွယ်အာရုံကြောစနစ် (Enteric Nervous System) ကို ဆက်သွယ်ပေးတဲ့ အာရုံကြောတွေထဲက တစ်ခုဖြစ်တဲ့ ဗက်ဂက်(စ်)အာရုံကြောက ပင်မဆက်သွယ်ရေးလမ်းကြောင်းအဖြစ် တာဝန်ယူပေးတာပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းတွေထဲ နေထိုင်တဲ့ အဏုဇီဝပိုးမွှားတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေ ကောင်းကောင်း လည်ပတ်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အာရုံကြောပေါင်းကူးပစ္စည်းတွေ ဖြစ်တဲ့ ဆယ်ရိုတိုနင် (Serotonin) ၊ ဂါဘာ (GABA) ၊ ဒိုပါမင်း (Dopamine) နဲ့ အက်ဆီတိုင်ကိုလင်း (Acetylcholine) တို့လို ဒြပ်ပေါင်းတွေ ထုတ်လုပ်တာကို ထိန်းညှိပေးပါတယ်။ အထူးသဖြင့် ဆယ်ရိုတိုနင် ၉၅ ရာခိုင်နှုန်းလောက်ကို အစာအိမ်၊ အူလမ်းကြောင်းနံရံတစ်လျှောက်က အင်တာရိုခရိုမာဖင်ဆဲလ် (Enterochromaffin Cells) တွေက ထုတ်ပေးလို့ အဏုဇီဝပိုးမွှားတွေရဲ့ အဲဒီထိန်းညှိရေးလုပ်ငန်းစဉ်က ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုကြီးပါတယ်။ ဒါ့အပြင် အဏုဇီဝပိုးမွှားတွေက အစာခြေအင်ဇိုင်းတွေ မခြေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေကို ကာဗွန်အက်တမ် ၆ လုံးထက် ပိုမပါတဲ့ ဖက်တီးအက်စစ် (Short-chain Fatty Acid) တွေအဖြစ် ပြောင်းပေးတယ်။ အဲဒီ ဖက်တီးအက်စစ်တွေ၊ အထူးသဖြင့် ဗျူးဒရိတ် (Butyrate) က အာရုံခံစားမှု၊ မှတ်ဉာဏ်နဲ့ ဆင်ခြင်တွေးတောမှုတွေကို ကောင်းမွန်စေပြီး ဦးနှောက်ထဲက ခုခံအားဆဲလ် (Microglia) တွေရဲ့ ရင့်ကျက်ဖွံ့ဖြိုးမှုကိုလဲ ထောက်ကူပေးပါတယ်။ ဦးနှောက်ထဲက ခုခံအားဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ စိတ်ဖိစီးမှု အပါအဝင် တခြားသော ဦးနှောက်အာရုံကြောပိုင်းပြဿနာတွေနဲ့ ဆက်နွယ်မှု ရှိနေတာပါ။ ဒီအချက်တွေအရ အဏုဇီဝပိုးမွှားတွေက လူ့ဦးနှောက်အပေါ် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ထိန်းချုပ်တဲ့သဘောဆောင်ပါတယ်။
အစာခြေစနစ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တဲ့ အသည်းက ကိုလက်စထရောကို သည်းခြေအက်စစ်အဖြစ် ပြောင်းပြီး၊ အဏုဇီဝပိုးမွှားတွေက အဲဒီအက်စစ်တွေကို ဒုတိယအဆင့် သည်းခြေအက်စစ် (Secondary Bile Acid) တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒီလိုနဲ့ သွေးလည်ပတ်မှုကနေ ဒုတိယအဆင့် သည်းခြေအက်စစ်တွေ ဦးနှောက်ဆီ ရောက်တဲ့အခါ အာရုံကြောဆဲလ်အချင်းချင်း ဆက်သွယ်နိုင်ဖို့ အာရုံကြောပေါင်းကူးပစ္စည်းတွေကို လက်ခံပေးတဲ့ ပရိုတင်း (Neuroreceptor) တွေရဲ့ လုပ်ငန်းစဉ်တွေကို ချိန်ညှိပေးနိုင်လို့ မှတ်ဉာဏ်၊ စိတ်ခံစားမှုနဲ့ တခြားသော အာရုံကြောလုပ်ငန်းစဉ်တွေ ကောင်းကောင်းလည်ပတ်ဖို့ အထောက်အကူဖြစ်စေမှာပါ။ နောက်ပြီး၊ စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့ ဖြစ်စဉ်မှာလဲ အဏုဇီဝပိုးမွှားတွေက ကဏ္ဍတစ်ခု ပါဝင်ပါတယ်။ လူတွေ စိတ်ဖိစီးတဲ့အခါ ဦးနှောက်ထဲက ဟိုက်ပိုသယ်လမက်(စ်) (Hypothalamus) က CRH ဟော်မုန်းကို ထုတ်တယ်။ CRH ဟော်မုန်းက ဟိုက်ပိုသယ်လမက်(စ်)ရဲ့ အောက်တည့်တည့်မှာ ရှိတဲ့ ပစ်ကျူထရီဂလင်းကို ACTH ဟော်မုန်း ထုတ်စေပြီး အဲဒီ ACTH ဟော်မုန်းက ကျောက်ကပ် ၂ လုံးပေါ် ကပ်ရက်တည်ရှိတဲ့ အက်ဒရီနယ်ဂလင်း (Adrenal Gland) ၂ ခုကို ကော်တဆော (Cortisol) ဟော်မုန်း ထုတ်ဖို့ လှုံ့ဆော်ပါတယ်။ အဏုဇီဝပိုးမွှားတွေက ကော်တဆောဟော်မုန်း ပါဝင်တဲ့ ဂလူကိုကော်တကွိုက် (Glucocorticoid) ဟော်မုန်းအုပ်စု ထုတ်လုပ်မှုကို ထိန်းညှိပေးတာပါ။
စမ်းသပ်မှုတွေအတွက် လက်သပ်မွေးထားတဲ့ ပိုးမွှားကင်းကြွက် (Germ-free Mice) တွေကို လေ့လာရာမှာလဲ အဏုဇီဝပိုးမွှားတွေက ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ ဥပမာ ပိုးမွှားကင်းကြွက်တွေ ဦးနှောက်ခုခံအားဆဲလ် နည်းပါးတာကို အဏုဇီဝပိုးမွှား ဒါမှမဟုတ် ဖက်တီးအက်စစ်နဲ့ ကုသပေးတဲ့အခါ သက်သာသွားကြပြီး၊ မွေးကင်းစအရွယ်မှာ စိတ်ဖိစီးမှုကိုတုံ့ပြန်တဲ့စနစ် ပုံမှန်အတိုင်း ဖွံ့ဖြိုးနိုင်ဖို့လဲ အဏုဇီဝပိုးမွှားတွေ လိုပါတယ်။ နောက်၊ စိတ်ကျရောဂါရှင်လူတွေဆီက အစာဟောင်းကို ပိုးမွှားကင်းကြွက်တွေထဲ ထည့်တဲ့အခါ အဲဒီကြွက်တွေမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာမျိုး ပုံစံတူအပြုအမူတွေ ပိုလုပ်လာတာကို တွေ့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အဏုဇီဝပိုးမွှားတွေ ထည့်ပေးလိုက်ရင်တော့ ဂနာမငြိမ်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နှုန်း လျော့သွားကြတာပါ။ ဒါ့အပြင် ပုံမှန်ကြွက်နဲ့ယှဉ်ရင် ပိုးမွှားကင်းကြွက်တွေက ဖိအားပေးမှုကို ပိုတုံ့ပြန်ကြသလို အများနဲ့ ထိတွေ့ဆက်ဆံမှုလဲ ပိုနည်းကြပါတယ်။ ဒီတွေ့ရှိချက်တွေ အရေးပါရတာက ကြွက်တွေမှာ လူတွေနဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှု၊ ဇီဝကမ္မဖြစ်စဉ်နဲ့ မျိုးဗီဇပိုင်းတူညီချက်တွေ ရှိလို့ပါ။
အဏုဇီဝပိုးမွှားတွေအပေါ် ဦးနှောက်ရဲ့ သက်ရောက်မှု

အူလမ်းကြောင်းလှုပ်ရှားမှု၊ အစာခြေအက်စစ်ထုတ်လှုပ်မှု၊ အက်စစ်-ဘေ့စ်မျှခြေထိန်းပေးတဲ့ ဘိုင်ကာဗွန်နိတ် (Bicarbonate) တွေနဲ့ အကျိအချွဲထုတ်လုပ်မှုကို ဦးနှောက်က ထိန်းချုပ်ထားတာပါ။ ဒီလုပ်ငန်းစဉ်တွေ ယိုယွင်းရင် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် အဏုဇီဝပိုးမွှားတွေ နေထိုင်ပေါက်ဖွားတဲ့ ဇီဝအလွှာ (Biofilm) ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဏုဇီဝပိုးမွှားတွေရဲ့ ရှင်သန်ပွားများနှုန်းကို စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ဟော်မုန်းတွေက အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာ စိတ်ဖိစီးမှုကြောင့် CRH ဟော်မုန်းများများထွက်ရင် အူလမ်းကြောင်းလှုပ်ရှားမှုတိုးစေလို့ အဏုဇီဝပိုးမွှားတွေအနေနဲ့ လိုအပ်တဲ့ အစာအာဟာရ၊ အထူးသဖြင့် အစာခြေအင်ဇိုင်းတွေ မခြေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေ လုံလုံလောက်လောက် ရမရအပေါ် သက်ရောက်မှု ရှိတာမျိုးပါ။
ကော်တဆောဟော်မုန်းကတော့ အူနံရံရဲ့ စိမ့်ဝင်နိုင်စွမ်း (Permeability) ကို တိုးစေပါတယ်။ အကျိုးဆက်အနေနဲ့ အစာအာဟာရတွေအပြင် အဆိပ်အတောက်တွေပါ အူနံရံဆဲလ်တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်လာလို့ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့အခါ ရောင်ရမ်းမှုဖြစ်စေတဲ့ ပရိုတင်းတွေ ထွက်လာပါတယ်။ အဲဒီပရိုတင်းတွေက အဏုဇီဝပိုးမွှားမျိုးစိတ် မျှခြေပျက်မှု (Dysbiosis) ကို ဖြစ်စေနိုင်တာပါ။ ပြီးတော့၊ စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ နော်အက်ဖင်းနက်ဖရင်း (Norepinephrine) ဟော်မုန်းက အူလမ်းကြောင်းမှာရှိတဲ့ ရောဂါပိုးမွှားပွားများနှုန်းကို မြင့်တက်စေပြီး တချို့ဘက်တီးရီးယားတွေရဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်စွမ်းလဲ တိုးစေပါတယ်။ ဒီတော့ ဦးနှောက်ဟာ အစာခြေစနစ်လုပ်ငန်းစဉ်တွေကို ထိန်းချုပ်ရာကတစ်ဆင့် (ဒါမှမဟုတ်) ဇီဝဓာတုဒြပ်ပေါင်းတွေကတစ်ဆင့် အဏုဇီဝပိုးမွှားတွေကို လွှမ်းမိုးမှုရှိနေတဲ့သဘောပါပဲ။
စိတ်ဝင်စားဖို့ကောင်းတာက ဦးနှောက်အာရုံကြောပြဿနာတွေနဲ့ အဏုဇီဝပိုးမွှားတွေကြား ဆက်နွယ်မှု ရှိနေတဲ့အချက်ပါ။ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဘက်တီးရီးယားမျိုးစိတ်တချို့က သဏ္ဌာန်ယွင်းနေတဲ့ အယ်(လ်)ဖာ-ဆိုင်နျူကလီယင် (Alpha-synuclein) ပရိုတင်းနဲ့ အလွန်ဆင်တူတဲ့ ကာလီ (Curli) ပရိုတင်းတွေကို ထုတ်ပါတယ်။ ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတစ်ခုက ဦးနှောက်ထဲမှာ သဏ္ဌာန်ယွင်းနေတဲ့ အယ်(လ်)ဖာ-ဆိုင်နျူကလီယင် ပရိုတင်းတွေ အစုအဝေးလိုက် ရှိနေတာပါ။ လေ့လာမှုတွေအရ အဲဒီပရိုတင်းတွေဟာ အူလမ်းကြောင်းကနေ ဦးနှောက်ဆီ ဗက်ဂက်(စ်)အာရုံကြောကတစ်ဆင့် တိုက်ရိုက်ရောက်လာနိုင်တာ တွေ့ရပြီး အစာခြေလမ်းကြောင်းအထက်ပိုင်း (ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်ဦး) ပြဿနာရှိသူတွေမှာ ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်တာကို တွေ့ရပါတယ်။ အယ်ဇိုင်းမားရောဂါရှင်တွေမှာတော့ အဏုဇီဝပိုးမွှားမျိုးစိတ် မျှခြေပျက်နေလေ့ရှိပြီး အသိဉာဏ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကလဲ ဦးနှောက်တစ်ရှူးတွေထဲ ရောက်လာတဲ့ ဒုတိယအဆင့် သည်းခြေအက်စစ်တွေနဲ့ သက်ဆိုင်နေတာပါ။
လေ့လာတွေ့ရှိချက်တွေအရ စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ရောဂါတွေဟာ ဟိုက်ပိုသယ်လမက်(စ်)၊ ပစ်ကျူထရီဂလင်းနဲ့ အက်ဒရီနယ်ဂလင်းတို့ကြား ဆက်သွယ်ရေးချို့ယွင်းတာ၊ အဏုဇီဝပိုးမွှားတွေရဲ့ အာရုံကြောပေါင်းကူးပစ္စည်း ထုတ်လုပ်မှု မူမမှန်တာတွေနဲ့ ချိတ်ဆက်မှု ရှိနေပါတယ်။ အော်တစ်ဇင် (Autism Disorder) လက္ခဏာတွေကို လေ့လာတဲ့ ကြွက်စမ်းသပ်မှုတွေမှာ လက်တိုဘက်ဆေးလက်(စ်) ရွိုင်တဲရီ (Lactobacillus Reuteri) လို့ ခေါ်တဲ့ ဘက်တီးရီးယားက အောက်ဆီတိုဆင် (Oxytocin) ဟော်မုန်းကို မြှင့်တင်ပေးရာကတစ်ဆင့် ကြွက်တွေကို အချင်းချင်း ဆက်သွယ်တဲ့ အပြုအမူတွေ ပိုလုပ်စေတာ တွေ့ရပါတယ်။ တစ်ခါ၊ ကိုဗစ်ရောဂါကို ရေရှည်ကုသခဲ့ရလို့ ဦးနှောက်ထိုင်းမှိုင်းဝေဒနာ (Brain Fog) ခံစားနေရတဲ့လူတွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် အဏုဇီဝပိုးမွှားအမျိုးမျိုးရဲ့ တည်ရှိမှုအချိုးအစားဟာ ကျန်းမာစဉ်ကနဲ့မတူဘဲ ကွဲပြားနေတတ်ပါတယ်။ ဒါ့အပြင် လူအယောက် ၄၅၀,၀၀၀ ရဲ့ မျိုးဗီဇအချက်အလက်တွေကို လေ့လာဆန်းစစ်ရာမှာလဲ အစာခြေလမ်းကြောင်းနွယ်ရောဂါနဲ့ စိတ်ရောဂါတွေကြား မျိုးဗီဇဆက်နွယ်မှုရှိတာကို တွေ့ခဲ့ပါတယ်။ ဒီတော့ စိတ်ကျန်းမာရေးနဲ့ အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးက ဆက်စပ်မှုရှိနိုင်တဲ့သဘောပါပဲ။
အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာဖို့ဆိုရင် အဏုဇီဝပိုးမွှားတွေက ကောင်းမွန်သင့်တော်တဲ့ အချိုးအစားမှာ ရှိနေဖို့ လိုပါတယ်။ အဲဒီအတွက် အကျိုးပြုဘက်တီးရီးယား (Probiotics) တွေ တိုက်ရိုက်ပါဝင်တဲ့ ဒိန်ချဉ်၊ ချိစ်၊ ကီဖာ၊ ကင်ချီ၊ သခွားချဉ် စတဲ့ အချဉ်ဖောက် အစားအသောက်တွေကို စားပေးနိုင်သလို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစေ့အဆန်၊ ပန်းသီး၊ ငှက်ပျောသီး၊ ဘယ်ရီအမျိုးမျိုး၊ ပဲအမျိုးမျိုး စသဖြင့် အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရပေးမဲ့ အမျှင်ဓာတ်ကြွယ် စားစရာ (Prebiotics) တွေကိုလဲ စားသုံးနိုင်ပါတယ်။ ဒါတင်မက စိတ်ဖိစီးမှုက အဏုဇီဝပိုးမွှားတွေအပေါ် သက်ရောက်မှု ရှိလို့ တတ်နိုင်သမျှ စိတ်မဖိစီးအောင် ကြိုးစားနေထိုင်ရမှာပါ။ ဒီတော့မှ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်နေတဲ့ စိတ်နဲ့ အစာခြေစနစ်ရဲ့ ကျန်းမာရေးကို ဘဝနေထိုင်မှုပုံစံကနေ ထိန်းညှိပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဖွင့်မှာမေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေဖြစ်တဲ့ ဦးနှောက်နဲ့ အစာအိမ်၊ အူလမ်းကြောင်းကြားက ဆက်သွယ်မှုတွေအပြင် စိတ်နဲ့ အစာခြေစနစ် ကျန်းမာဖို့ ကျင့်သုံးနိုင်တဲ့ စားသောက်နေထိုင်မှုပုံစံတချို့ကို တင်ပြပြီးပါပြီ။
လက်ရှိအချိန်အထိ တွေ့ရှိထားတာတွေအရ ဦးနှောက်နဲ့ ဝမ်းဗိုက်ထဲက အဏုဇီဝပိုးမွှားတွေဟာ အပြန်အလှန် လွှမ်းမိုးမှု ရှိတာ သိပြီးဖြစ်ပေမဲ့ ဦးနှောက်လုပ်ငန်းစဉ်တွေအပေါ် အဏုဇီဝပိုးမွှားအမျိုးမျိုးရဲ့ မတူညီတဲ့ သက်ရောက်မှုတွေ၊ ကောင်းမွန်သင့်တော်တဲ့ အဏုဇီဝပိုးမွှားမျိုးကွဲ တည်ရှိမှုအချိုးအစား စတဲ့ အချက်တွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ဒါ့အပြင် ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအများစုကလဲ ကြွက်တွေကိုသုံးပြီး လေ့လာတာမလို့ လူတွေကို တိုက်ရိုက်လေ့လာတဲ့ သုတေသနတွေ များများလုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ အဲဒီကြွက်အခြေပြုစမ်းသပ်မှုတွေကပဲ နောင်လုပ်မဲ့ လူအခြေပြု သုတေသနတွေအတွက် လမ်းစ ဖြစ်နေတာပါ။ ဒီတော့ အနာဂတ်မှာ လူအခြေပြု သုတေသနတွေကတစ်ဆင့် အဏုဇီဝပိုးမွှားတွေရဲ့ ဦးနှောက်အပေါ်သက်ရောက်မှုကို တိတိကျကျလေ့လာနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေးပြဿနာတွေအတွက် အကျိုးပြုဘက်တီးရီးယားကုထုံးတွေ ပေါ်ပေါက်လာဖို့ အလားအလာရှိပါတယ်။ ။