May 24, 2026 | မြန်မာ
Space Featured Featured Story

လကမ္ဘာသို့ ပထမဆုံးခြေလှမ်း

လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ကြဖို့အတွက် သိပ္ပံပညာကို အသုံးပြုပြီး လေ့လာရှာဖွေမှုတွေ၊ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ယနေ့ထိတိုင် ပြုလုပ်လျက်ရှိကြပါတယ်။ သိပ္ပံလောကရဲ့ သမိုင်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ရှာဖွေတွေ့ရှိမှု‌တွေ၊ အောင်မြင်မှုတွေအများကြီး ရှိခဲ့တဲ့အပြင် အဲ့ဒါတွေထဲမှာ Apollo ၁၁ ဆိုတဲ့ လကမ္ဘာခရီးစဉ်လဲ အပါအဝင်ပါ။ ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုအလယ်မှာ ဒီမိုကရေစီနိုင်ငံတော် အမေရိကန်နဲ့…

Text size

လူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ကြဖို့အတွက် သိပ္ပံပညာကို အသုံးပြုပြီး လေ့လာရှာဖွေမှုတွေ၊ စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခု ယနေ့ထိတိုင် ပြုလုပ်လျက်ရှိကြပါတယ်။ သိပ္ပံလောကရဲ့ သမိုင်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ရှာဖွေတွေ့ရှိမှု‌တွေ၊ အောင်မြင်မှုတွေအများကြီး ရှိခဲ့တဲ့အပြင် အဲ့ဒါတွေထဲမှာ Apollo ၁၁ ဆိုတဲ့ လကမ္ဘာခရီးစဉ်လဲ အပါအဝင်ပါ။

ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုအလယ်မှာ ဒီမိုကရေစီနိုင်ငံတော် အမေရိကန်နဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးတဲ့ ဆိုဗီယက်တို့ကြားမှာ ဘယ်သူက ပိုအားသာကြောင်း ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ကြတဲ့အတွက် အာကာသလေ့လာရေးခရီးစဉ်တွေနဲ့ဆက်နွှယ်လာပါတော့တယ်။ နှစ်နိုင်ငံလုံးဟာ လူသားတွေကို အာကာသဆီ အပြိုင်အဆိုင်စေလွှတ်ခဲ့ကြပြီး ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ သမ္မတရစ်ချက်နစ်ဆန် လက်ထက်မှာပဲ Apollo ၁၁ မစ်ရှင်အောင်မြင်ပြီးတဲ့နောက် အမေရိကန်ဟာ လပေါ်မှာ ပထမဦးဆုံး အခြေချဖူးတဲ့ နိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတော့တယ်။

မစ်ရှင်အတွက် Columbia ဆိုတဲ့ အာကာသယာဥ် တည်ဆောက်တဲ့အချိန်မှာ လူပေါင်းလေးသိန်းကျော် ပါဝင်အားထုတ်ခဲ့ကြတဲ့အပြင် အဲ့ဒီယာဉ်မှာ Command Module (ပင်မယာဉ်)၊ Service Module (ထောက်ပံ့ရေးအပိုင်း) နဲ့ Eagle ဆိုတဲ့ Lunar Module (လဆင်းယာဉ်ပျံ) ဆိုပြီး သုံးပိုင်းပါဝင်ခဲ့တာပါ။ လိုက်ပါစီးနင်းခဲ့သူ ယာဉ်မှူးတွေကတော့ အမ်းစ်စထရောင်း၊ ဘတ်ဇ်အယ်ဒရင် နဲ့ မိုက်ကယ်ကိုလင်စ်တို့ ဖြစ်ကြပါတယ်။

၁၉၆၉ ခုနှစ်၊ ဇူလိုင် ၁၆၊ ဖလော်ရီဒါ အာကာသစခန်းမှာ Columbia ယာဉ် ပါဝင်တဲ့ Saturn 5 ဒုံးပျံကို ကမ္ဘာ့ဒြပ်ဆွဲအာကနေ လွတ်မြောက်ရာဆီ လွှတ်တင်ပြီးတဲ့နောက် ယာဉ်မှူးသုံးယောက်ဟာ အာကာသထဲ စတင်ဝင်ရောက်လာပါတယ်။ အာကာသလေဟာနယ်မှာ သုံးရက်ကျော်ကြာ ခရီးသွားခဲ့ပြီး လကြမ်းပြင်နဲ့ ကီလိုမီတာ ၁၀၀ ခန့်အကွာကို ရောက်တဲ့အခါ အမ်းစထရောင်းနဲ့ ဘတ်ဇ်အယ်ဒရင်တို့ဟာ လပေါ်ကို အခြေချဖို့ Lunar Module နဲ့ ပင်မယာဉ်ကနေ ထွက်ခွာပါတော့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လကြမ်းပြင်ပေါ် ဆင်းသက်တဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ယာဉ်ပျံဟာ မူလဆင်းသက်ရမဲ့ နေရာကနေ လမ်းလွဲသွားပြီး ကျောက်ခဲ၊ ကျောက်စိုင်တွေနဲ့ ပြည့်နေတဲ့ နေရာကိုသာ ဦးတည်နေခဲ့ပါတယ်။ ဒါကြောင့် အမ်းစထရောင်းဟာ ယာဉ်ကို ကျောက်စိုင်တွေရဲ့ အဝေးဆီ ကိုယ်တိုင်မောင်းနှင်ခဲ့ရပါတယ်။ ၁၃ မိနစ်အကြာမှာတော့ Lunar Module ဟာ လကြမ်းပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့အပြင် အမ်းစ‌ထရောင်းဟာ လပေါ်ကို ပထမဆုံး အခြေချနိုင်ခဲ့တဲ့ လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ လပေါ်မှာ ၂၁ နာရီကျော်ကြာ ရှိနေခဲ့ပြီးတဲ့နောက် အမ်းစထရောင်းနဲ့ ဘတ်ဇ်အယ်ထရင်တို့ဟာ Lunar Module ကို အသုံးပြုပြီး Command Moduleထဲမှာ ရှိနေတဲ့ မိုက်ကယ်ကိုလင်စ်နဲ့ ပြန်လည်စုစည်းခဲ့ပါတယ်။ ဇူလိုင်လ ၂၄ ရက်မှာတော့ ယာဉ်မှူးတွေဟာ Columbia ယာဉ်နဲ့ပဲ ကမ္ဘာပေါ်ကို ပြန်လည်စိုက်ရောက်ခဲ့ပြီး ၈ ရက်ကျော် ကြာမြင့်ခဲ့တဲ့ Apollo 11 မစ်ရှင်ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတော့တယ်။

ဒီမစ်ရှင်ဟာ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်း၊ တီထွင်နိုင်စွမ်းကို သရုပ်ပြနိုင်ခဲ့တဲ့အပြင် သိပ္ပံပညာကိုပါ ကောင်းကောင်းအထောက်အကူပြုနိုင်ခဲ့တာပါ။ လကမ္ဘာက‌နေ သယ်ယူလာတဲ့ ကျောက်ခဲတွေကြောင့် လရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ မြေလွှာနဲ့ သမိုင်းအကြောင်းကို လေ့လာနိုင်တာတွေ၊ လမျက်နှာပြင်မှာ ဖြန့်ကြက်ထားတဲ့ Laser Ranging Retroreflecter တွေကြောင့် လနဲ့ ကမ္ဘာကြား အကွာအဝေးကို တိတိကျကျ တိုင်းတာနိုင်လာတာတွေဟာ Apollo 11 မစ်ရှင်ရဲ့ လက်တွေ့ အသီးအပွင့်တွေပါပဲ။

Article Credits

Written by Zay Bhone Hlyan
Managing Editor Aww Myat Khin Khin

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.