ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးဟာ ကားတွေ၊ စက်ရုံတွေ အစရှိတဲ့ နေရာတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ တခြား လေထုညစ်ညမ်းစေတဲ့ အကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်စီးယိုယွင်းလာပြီး အပူချိန်တွေလဲ မြင့်မားလာတဲ့ အကြောင်း အားလုံးသိနှင့်ပြီးသားဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကြည့်မယ်ဆိုရင်တောင် တစ်နှစ်နဲ့ တစ်နှစ် နွေရာသီရောက်လာတိုင်းမှာ သိသိသာသာ ပိုပြီး ပူပြင်းခြောက်သွေ့လာတာကိုလဲ ကျွန်တော်တို့ ကောင်းကောင်းသတိထားမိကြမှာပါ။ ထူးဆန်းတဲ့အချက်က တစ်နှစ်ပြီး တစ်နှစ် အပူချိန်တွေ တစ်ရှိန် ထိုးတက်လာတဲ့တိုင်အောင် ဆောင်းတွင်းရောက်လို့ရှိရင် ရာသီဥတုက ပိုပိုအေးလာတာပါပဲ။ အမြဲခြောက်သွေ့တတ်တဲ့ နေရာတွေမှာတောင် ဆောင်းတွင်းမှာ နှင်းတွေကျလာတတ်တဲ့အထိကို ပိုအေးလာတာပါ။ မြန်မာနိုင်ငံမှာလဲ အလားတူပါပဲ။ နွေအခါကျရင် အပူပြင်းတတ်တဲ့ အလယ်ပိုင်းက ဒေသတချို့ဆိုရင် ဆောင်းအခါ ခိုက်ခိုက်တုန်အောင် အေးတတ်တဲ့ ရာသီဥတုမျိုး ရှိကြပါတယ်။ ဒီနှစ်ပိုင်းတွေဆိုရင် ပိုလို့တောင် အေးကြပါတယ်။ ရန်ကုန်လို နေရာမှာတော့ သိပ်မသိသာပါဘူး။
ဒါဆို ဘာကြောင့် နွေနဲ့ ဆောင်းရဲ့ အပူချိန်တွေက မျှခြေမဖြစ်နေရတာလဲ။ နွေအခါ အပူချိန်မြင့်ရင် ဆောင်းကျရင်လဲ အပူချိန်လျော့လာသင့်တယ် မဟုတ်လား။ ဘာကြောင့် အဲ့လိုမဟုတ်ဘဲ ဆန့်ကျင်ဘက်တွေဖြစ်နေရတာလဲ။ ဒီအဖြေကိုလေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ အဓိကအကြောင်းအရင်းတွေက Polar Vortex ခေါ် ကမ္ဘာ့ဝင်ရိုးစွန်းမှာရှိတဲ့လေဝဲတွေမတည်ငြိမ်တာနဲ့ လေထုထဲမှာ ရေခိုးရေငွေ့ပါဝင်မှုတွေ များလာတာကြောင့်ပါ။
ဒါဆို ဒီလေဝဲတွေအကြောင်းကို အရင်ကြည့်ကြပါမယ်။ ကျွန်တော်တို့ ကမ္ဘာရဲ့ ဝင်ရိုးစွန်းဒေသတွေမှာ လေဝဲတွေ အသီးသီးရှိကြပါတယ်။ လေထုရဲ့ အထက်အမြင့် Stratosphere အလွှာမှာ တည်ရှိကြပြီးတော့ ဒီလေဝဲတွေရဲ့ အရှိန်ဟာအတော်မြင့်မားပါတယ်။ လေတိုက်နှုန်းက တစ်နာရီ ၁၆၀ ကီလိုမီတာနဲ့ အထက်မှာရှိပြီး နာရီလက်တံလို စက်ဝိုင်းပုံသဏ္ဌာန် ရွေ့လျားနေကြတဲ့ အဲ့ဒီလေဝဲတွေဟာ ဝင်ရိုးစွန်းဒေသတွေရဲ့ အအေးဓာတ်ကို ထိန်းသိမ်းသိုလှောင်ပေးထားတဲ့ နေရာမှာ အဓိက ပါဝင်တာပါ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆောင်းရာသီအတွင်းမှာ အအေးလှိုင်းဖြတ်တတ်တာမျိုး မကြာခဏကြုံကြ၊ ကြားကြမှာပါ။ ဒါက မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ Polar Vortex တွေ မတည်မငြိမ်ဖြစ်လာလို့ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာ့လေထုထဲမှာ လေပူတွေ များပြားလာတဲ့အခါ ကမ္ဘာရဲ့ မြောက်ခြမ်းမှာရှိတဲ့ အပူပိုင်းဒေသတွေက လေပူတွေဟာ ဝင်ရိုးစွန်းဒေသကို ဦးတည်ပြီးသွားပါတယ်။ ဒီလေပူတွေဟာ မြောက်ဝင်ရိုးစွန်း Polar Vortex ကို မတည်မငြိမ်ဖြစ်စေပြီး အဲ့ဒီဒေသက Stratosphere အလွှာရဲ့ အပူချိန်ကို မြင့်တက်လာစေပါတယ်။ အကျိုးဆက်အနေနဲ့ Polar Vortex ကိုအားနည်းစေပြီး Polar Jet Stream ဆိုတဲ့ လေစီးကြောင်းကိုလဲ ကွေ့ကောက်စေပါတယ်။ ဒါ့အပြင် ဝင်ရိုးစွန်းအတွင်းမှာ သိုလှောင်ထားတဲ့ လေအေးတွေ ပြင်ပကို လွတ်ထွက်သွားပြီး ခုနက Polar Jet Stream ဆိုတဲ့ လေစီးကြောင်းကတစ်ဆင့် မြောက်အမေရိကတိုက်လိုမျိုး၊ ဒါမှမဟုတ် အာရှမှာဆိုရင်လဲ တရုတ်နဲ့ ရုရှားအစပ် ကုန်းမကြီးကနေ လတ္တီတွဒ် အလယ်ပိုင်းက အရပ်တွေ တစ်လျှောက် တိုက်ခတ်သွားတာပါ။ ဒါကြောင့် ဒီလေတွေ ဖြတ်သွားတဲ့အရပ်တွေမှာ ပုံမှန်ထက် အေးမှာဖြစ်ပြီး နှင်းမုန်တိုင်းတွေကိုလဲ ကြုံတွေ့ရနိုင်ပါတယ်။
ကမ္ဘာ့အပူချိန် မြင့်တက်လာတာကြောင့် ရေထုအငွေ့ပျံတာပြီး လေထုထဲမှာ ရေခိုးရေငွေ့များပြားတဲ့အခါ ဆီးနှင်းတွေ ပိုပို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီရေခိုးရေငွေ့တွေဟာ မြောက်ဝင်ရိုးစွန်းကလာတဲ့ လေတွေနဲ့ ထိတွေ့မိတဲ့အခါမှာ ဆောင်းဟာပိုပြီး အပူချိန်နိမ့်ကျပြီး အေးသွားနိုင်တာမျိုးပါ။
လွန်ခဲ့တဲ့နှစ်တွေတုန်းက U.S နဲ့ ဉရောပ ရဲ့ အချို့နေရာတွေမှာဆိုရင် ဆောင်းတွင်းမှာ ရာသီဥတုဖောက်ပြန်တာတွေ ဆက်တိုက်ကြုံတွေ့နေရပြီး နယူးယော့ခ်လို နေရာမှာတောင် ဆောင်းတွင်းဘက်အပူချိန်က -၉ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ကျဆင်းခဲ့ပါတယ်။
Polar Jet Stream တွေဟာ လတ္တီတွဒ်နိမ့်ရာအရပ်တွေကို တခါတရံမှသာ ဖြတ်လာလေ့ရှိတဲ့အတွက် အီကွေတာနှင့်အနီး လတ္တီတွဒ်အနိမ့်ပိုင်း မှာရှိတဲ့ မြန်မာနိုင်ငံမှာတော့ သူ(မ)ရှိတဲ့ညတွေကသာ အေးစက်နေမှာပါ။