May 10, 2026 | မြန်မာ

“လေပြည်တစ်ခုက လူသားတွေကို ကိုယ်စားပြုနေခဲ့ရင် . . .

ရေအေးသည် “လေပြေရဲ့ ခရီး” ဝတ္ထုကို (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် လေနီကြမ်းသည် လေပြည်များအဖြစ်သို့ ကွဲပြိုသွားပုံ၊ ထိုလေပြည်များသည် မိမိအလိုရှိရာသို့ ခရီးဆက်သွားကြပုံ၊ လေပြည်တစ်ခုသည် မိမိ၏ ဖြစ်တည်မှုကား မည်သည့်အရာဖြစ်ကြောင်း ရှာဖွေပုံ၊ နေရာအမျိုးမျိုးသို့ သွားရောက်၍ မိမိ၏ ပုံစံအမှန်ကို ရှာဖွေရင်း လေပြည်အဖြစ်မှ လေနီကြမ်းအဖြစ်သို့ ရောက်ရှိသွားပုံ၊ နောက်ဆုံးတွင် လေနီကြမ်း အဖြစ်မှ လေပြည်များအဖြစ် မိမိကိုယ်မိမိ ခွဲထုတ်လိုက်ပုံတို့ကို ရေးသားထားသည်။ ဤတွင် ရေအေးသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိ ရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးမှုအတတ်ပညာကို အသုံးပြုကာ လူ့လောက လူ့သဘာဝအကြောင်း တင်ပြထားသည်။ တစ်ချက် လေ့လာဆန်းစစ်ကြည့်ပါမည်။

လေပြည်သည် လေနီကြမ်း၏ ခန္ဓာကိုယ်မှ ခွဲထွက်ကာ ဘဝကို မိမိဘာသာ ဆက်လက်လျှောက်လှမ်းရမည်နှင့် ပတ်သက်၍ ― “လေနီကြမ်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကနေ ခွဲထွက်ရတော့မယ်ဆိုတဲ့ အသိကြောင့် သူ့ရင်တွေ တဒုန်းဒုန်း ခုန်လာတယ်။ မကြာသေးခင်တုန်းက သူတို့အားလုံး လေနီကြမ်းရဲ့ကိုယ်ပေါ် တွဲလွဲခိုပြီး စီးနေခဲ့ကြတာ၊ တစ်ယောက်ကို တစ်ယောက် စနောက်ပြီး ပျော်ရွှင်နေခဲ့ကြတာကို ပြန်တွေးမိတယ်။ အခု တစ်ယောက်တည်း ခွဲထွက်ရတော့မယ် ဆိုတော့ သူ့စိတ်ထဲ ဘာမှန်း မသိတဲ့ တစ်စုံတစ်ခုကို ကြောက်နေမိတယ်။ ‘ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်နိုင်ကြပါစေ’ လို့ အခုလေးတင် ပြောလိုက်တဲ့ လေနီကြမ်းရဲ့ စကားကို ပြန်ကြားယောင်မိတယ်။ ဟုတ်တယ်၊ တစ်သက်လုံး လေနီကြမ်းကို မှီခိုနေလို့မှ မဖြစ်တာဘဲ၊ သူ အားတင်းလိုက်တယ်။ ခွဲထွက်ပြီးသွားတဲ့အခါ တစ်ယောက်တည်း အဆင်ပြေပါ့မလား၊ လေမုန်တိုင်းတွေက သူတို့အနား ရောက်လာသမျှ လေပြေတွေကို ဝါးမြိုစားသောက်ပစ်တာတဲ့၊ သူ့အတွေး‌တွေ ဗလောင်ဆူတုန်းမှာပဲ လေနီကြမ်းရဲ့ အရှိန်က မြန်သထက် မြန်လာတယ်” ဟူ၍ သရုပ်ဖော်ထားသည်။ လေနီကြမ်းမှ ခွဲထွက်လာသော လေပြည်ကို မိဘနှင့်အတူ မိသားစုအသိုက်အမြုံတွင် နေထိုင်နေရာမှ တစ်ယောက်တည်း ရပ်တည်ရန် ခွဲထွက်လာရသည့် လူသားအဖြစ် စာရေးဆရာက နိမိတ်ပုံဖန်တီးလိုက်သည်။ ဤအကြောင်းအရာကို ဖတ်ရှုလိုက်ခြင်းဖြင့် အခြားသူများ၏ ပြောစကားကြောင့် ခွဲထွက်ရမည့် အရေးကို လန့်ကြောက်နေမိသော လေနီကြမ်း၏ အဖြစ်မှတစ်ဆင့် မိမိဘာသာ တစ်ယောက်တည်း ရုန်းကန်ကြိုးစားရမည့် လူသားတစ်ယောက်၏ ကြုံတွေ့ရမည့် အန္တရာယ်များကို ကြိုတွေးကာ စိုးရိမ်တတ်ပုံကို ဆက်စပ်သိမြင်လာရလေ၏။

လေပြည်သည် မိမိ၏ ဖြစ်တည်မှုကို သိခွင့်ရရန် ရှာဖွေရင်း နွေတစ်ရက်တွင် သရက်ပင်နှင့် ဆုံရာ သရက်ပင်က လေပြည်ကို ပုတ်သင်နှင့် တူသောသူ ဟု ဆိုခဲ့သည်။ ထိုစကားကြောင့် လေပြည်သည် ခွန်အားကြီးသော လေအဖြစ် ပြောင်းလဲရန် ကြိုးစားသင့်ကြောင်း အတွေးဖြစ်ခဲ့ပုံကို ― “တစ်ချိန်တည်းမှာပဲ ကာလအတန်ကြာ ပျောက်ဆုံးနေတဲ့ ကြောက်စိတ်တွေက သူ့ကိုယ်ပေါ်မှာ ဖြူးဆူးတွေလို ပြန်ထွက်လာကြတယ်။ ‘ငါ ကြောက်လို့ မဖြစ်ဘူး၊ ငါ ကြောက်နေရင် ပိုဆိုးလာမှာ’ ဟု သူ ရေရွတ်တယ်။ ‘ငါ ခွန်အားရှိမှ ဖြစ်မယ်၊ ငါ အားကြီးအောင် လုပ်မှ ဖြစ်မယ်’ ဟု သူ့ကိုယ်သူ ပြောလိုက်တယ်” ဟူ၍ ရေးသားထားသည်။ ဤတွင် သရက်ပင်၏ စကားကြောင့် မိမိ၏ ဖြစ်တည်မှုပုံသဏ္ဌာန်အစစ်အမှန်ကို ရှာတွေ့ခဲ့ပြီ ဟု ထင်ခဲ့သော လေပြည်သည် မိမိကိုယ်မိမိ သံသယဖြစ်လာရပြီး အခြားသော အသွင်တစ်ခုကို ကူးပြောင်းရန် ကြိုးစားပုံသည် ဘေးပတ်ဝန်းကျင်၏ စကားကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုမရှိ ဖြစ်ကာ ထိုသူတို့၏ စကားအလိုက် ပြောင်းလဲနေထိုင်တတ်ရန် ကြိုးစားတတ်ကြသော လူတို့၏ သဘာဝကို ဆက်စပ်သိမြင်လာစေသည်။ အားနည်းခြင်းကို ကြောက်ရွံ့ပြီး ခွန်အားကြီးခြင်းကို မိမိ၏ ဖြစ်တည်မှု ဟု ယူဆလိုက်သော လေပြည်၏ အတွေးကို ထောက်ချင့်ခြင်းအားဖြင့်  ‘အားကြီးသူသာ နိုင်စတမ်း’ ဟူသော လူသားတို့၏ တွေးမြင်ယူဆတတ်ပုံကို နိမိတ်ပုံထင်ဟပ်ပြလိုက်ခြင်းပင်။

လေပြည်သည် လေနီကြမ်းအဖြစ်သို့ ရောက်ရှိသွားသောအခါ လေပြည်ဘဝကကဲ့သို့ အများ၏ နှစ်သက်မှုကို မခံရဘဲ မလိုလားမှု၊ ရွံ့ကြောက်မှု၊ အမုန်းစကားများနှင့်သာ ကြုံရပုံကို ― “သူ မြို့တစ်မြို့ကို ဖြတ်ပြီး ပျံခဲ့တယ်။ သူ့ကို မြင်တာနဲ့တင် မြို့ထဲက သစ်ပင်၊ သစ်ခက်၊ သစ်ရွက်တွေက မြို့ထဲကို မလာဖို့ တော်လဲသလို အော်ပြီး နှင်တယ်။ အိမ်တံခါးတွေက မကြည်ဖြူဟန်နဲ့ ဆောင့်ပိတ်သွားကြတယ်။ အဲဒီဆူညံသံတွေရဲ့ ကြားကနေ သူ့ကို အော်ဟစ်ဆဲဆိုလိုက်တဲ့ လူယောက်ျားတစ်ယောက်ရဲ့ အသံနဲ့ သူ့ကို ကြောက်လန့်ပြီး ဟစ်ငိုနေတဲ့ လူကလေးနှစ်ယောက်ရဲ့ အသံကိုလဲ သူ ကြားလိုက်ရသေးတယ်။ ဘာလဲ သူ ဘာမှ မလုပ်ဘဲ ဘာကြောင့် အားလုံးက သူ့ကို မုန်းနေကြတာလဲ။ သူ အဖြေကို ရှာမရဘူး” ဟူ၍လည်းကောင်း၊ “သူ လေပြေဘဝတုန်းက သူ့ကို အားလုံးက ချစ်ကြတဲ့အကြောင်း ပြန်တွေးမိတယ်။ အခုတော့ အဲဒီလို မဟုတ်ဘဲ အားလုံးက သူ့ကို ဆဲဆိုနေကြတာ။ ဘာကြောင့်လဲ၊ ဒါ ဘာကြောင့်လဲ။ အဲဒီမေးခွန်းကို မေးဖို့အတွက် သူ ကြီးမားတဲ့ ညောင်ပင်အိုတစ်ပင်ရဲ့ အနားကို ကပ်လိုက်တယ်။ သူ ဘာမှ မပြောရသေးခင်မှာဘဲ သူ့လက်နဲ့ ထိမိလိုက်တဲ့ ညောင်ပင်ကြီးရဲ့ လက်တံတစ်ခုက ဝုန်းခနဲ ကျိုးပဲ့သွားတယ်။ သူ အလျှင်အမြန် နောက်ဆုတ်လိုက်ပေမယ့် မမီတော့ဘူး။ ညောင်ပင်ကြီးက သူ့ကို မင်းနဲ့ ငါ ဘာအငြိုးများ ရှိလို့လဲကွယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်နေခဲ့ပြီ” ဟူ၍လည်းကောင်း သရုပ်ဖော်ထားသည်။ မြို့ကို ဖြတ်၍ ပျံသန်းခဲ့သော လေနီကြမ်းသည် မိမိ ထင်ထားသည့်အတိုင်း အများ၏ လိုလားမှုကို မခံရဘဲ မလိုလားမှုများကိုသာ ကြုံတွေ့ခဲ့ရသည်။ အခြားသူ၏ စကားကြောင့် အသွင်ပြောင်းလဲခဲ့သော လေနီကြမ်းသည် မိမိ၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ အခြားသူများ၏ လက်ခံနိုင်မှု ပြောင်းလဲသွားခြင်းကို အဖြေရှာမရသဖြင့် ညောင်ပင်အိုကို မေးရန် ချဥ်းကပ်ရာ ထိုချဥ်းကပ်မှုသည် ညောင်ပင်အိုအတွက် ထိခိုက်မှုကိုသာ ဆောင်ကြဥ်းခဲ့သည်။ လေနီကြမ်း၏ ဖြစ်အင်သည် လူ့လောက၏ သဘောသဘာဝတစ်ခုကို ထင်ဟပ်ပြသနေ၏။ လူသားတို့သည် ယခင်က မိမိ၏ လက်ရှိအနေအထားကို ကျေနပ်နေခဲ့မိသော်လည်း အခြားသူတစ်ဦးက ဝေဖန်လာလျှင် ထိုကျေနပ်မှုသည် တမုဟုတ်ချင်း ပျောက်ပျက်သွားကာ ထိုဝေဖန်သူ၏ စကားအတိုင်း မိမိကိုယ်မိမိ ပြောင်းလဲတတ်ကြသည်။ ထိုသို့ ပြောင်းလဲခြင်းသည် မိမိ မျှော်မှန်းထားသည့်အတိုင်း ကောင်းမွန်ခြင်းများကို မယူဆောင်လာဘဲ အပျက်သဘောများကိုသာ ယူဆောင်လာတတ်ကြောင်းကို လေနီကြမ်း တွေ့ကြုံရသည့် အဖြစ်အပျက်များဖြင့် နိမိတ်ပုံဖန်တီးထားခြင်းပင်။

“လေပြေရဲ့ခရီး” ဝတ္ထုတွင် စာရေးဆရာသည် လေပြည်ကို လူသားဖြင့် နိမိတ်ပုံပြုထားသေးသည်။ လေပြည်သည် အသက်မဲ့သော အရာတစ်ခုဖြစ်သော်လည်း တွေးမြင်ခံစားပြုမူနိုင်သော လူသားတစ်ဦးအသွင် တင်စားထား၏။ ဤနိမိတ်ပုံကို ဖန်တီးခြင်းဖြင့် မိမိ၏ ဖြစ်တည်မှုအစစ်အမှန်ကို ရှာဖွေရာတွင် အခြားသူများ၏ စကားကို နားယောင်လိုက်၍ အမျိုးမျိုး ပြောင်းလဲနေပါက အမှန်ကို တွေ့နိုင်မည်မဟုတ်ဘဲ မိမိ၏ လက်ရှိပုံသဏ္ဌာန်ပင် ပျောက်ပျက် ပျက်စီးသွားတတ်ကြောင်း ဟူသည့် ဘဝအသိအမြင်ကိုပါ ဆက်စပ်သိမြင်လာစေသည်။

ရှေ့တွင် တင်ပြခဲ့သော “ဘွန်ဇိုင်း” နှင့် ယခု “လေပြေရဲ့ ခရီး” ဝတ္ထုများတွင် စာရေးဆရာသည် ဘေးက ရှုမြင်သူအနေနှင့် ကန့်သတ်သိရှုထောင့်က ဝင်စားပြီး သရုပ်ဖော်ရာတွင် ဝတ္ထုပါ သက်မဲ့ဇာတ်ဆောင်တို့ကို သက်ရှိအသွင် တင်စား၍လည်းကောင်း၊ တိရစ္ဆာန်ကို အတွေးခံစားချက်နှင့် ပြုမူနိုင်သော လူသားအသွင် တင်စား၍လည်းကောင်း နိမိတ်ပုံ ဖန်တီးထားသည်ကို တွေ့ရပေသည်။ ထို့ပြင် ဇာတ်ဆောင်တို့၏ အပြောစကားများ၊ အတွေးစကားများနှင့် အပြုအမူများ၊ ဇာတ်လမ်းအဖြစ်အပျက်များကို စာရေးဆရာ၏ စိတ်ကူးဉာဏ်၊ စိတ်လှုပ်ရှားမှု၊ အသိအမြင်တို့နှင့် ပေါင်းစပ်သရုပ်ဖော်ကာ နိမိတ်ပုံဖန်တီးထားသည်ကိုလည်း တွေ့ရသည်။ ထိုသို့ နိမိတ်ပုံဖန်တီးထားခြင်းဖြင့် စာဖတ်သူ၏ စိတ်တွင် ဝတ္ထုကို နှစ်သက်မှုဖြစ်လာပြီး ဝတ္ထုတွင် ထည့်သွင်းဖန်တီးထားသည့် အသိအမြင်နှင့် အတွေးအယူအဆတို့ကိုပါ ဆက်စပ်သိမြင်လာနိုင်သည်ကို တွေ့ရှိရပေတော့သည်။ ။

ဆက်ရန် . . .


Leave a Reply

Your email address will not be published. Required fields are marked *

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.