May 25, 2026 | မြန်မာ

သရဲ တကယ်ရှိလား . . . ?

အချိန်က သန်းခေါင်ကျော် ၁ ချက်ထိုး။ တိတ်တဆိတ် ညနက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အိမ်ထဲ ရှိနေချိန် လှေကားဆီက ခြေသံရှပ်ရှပ်ကြားရတယ်၊ ပိတ်ထားတဲ့ ပြတင်းကနေလဲ အေးစက်စက်လေတပွေ့ လည်ပင်းကို လာဟပ်သွားတယ် ဆိုပါစို့။ အဲအချိန် စင်္ကြံလမ်းမှာ လူယောင်ယောင်အရိပ်တစ်ခုကို စက္ကန့်ဝက်လောက် ဖြတ်ခနဲတွေ့လိုက်ရချိန် ရင်တွေ တဒိန်းဒိန်းခုန်လာပြီး ကြောက်စိတ်ဝင်လာပါတယ် — ဒီလိုအတွေ့အကြုံမျိုး လူတိုင်းဆီ…

Text size
Peer Reviewed · Zwe Thukha Min, Head of Fact-check

အချိန်က သန်းခေါင်ကျော် ၁ ချက်ထိုး။ တိတ်တဆိတ် ညနက်ကြီးထဲ ကိုယ်တစ်ယောက်တည်း အိမ်ထဲ ရှိနေချိန် လှေကားဆီက ခြေသံရှပ်ရှပ်ကြားရတယ်၊ ပိတ်ထားတဲ့ ပြတင်းကနေလဲ အေးစက်စက်လေတပွေ့ လည်ပင်းကို လာဟပ်သွားတယ် ဆိုပါစို့။ အဲအချိန် စင်္ကြံလမ်းမှာ လူယောင်ယောင်အရိပ်တစ်ခုကို စက္ကန့်ဝက်လောက် ဖြတ်ခနဲတွေ့လိုက်ရချိန် ရင်တွေ တဒိန်းဒိန်းခုန်လာပြီး ကြောက်စိတ်ဝင်လာပါတယ် — ဒီလိုအတွေ့အကြုံမျိုး လူတိုင်းဆီ ရှိလောက်မှာပါ။ ရာစုနှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ယဉ်ကျေးမှုတိုင်း၊ ကမ္ဘာ့ထောင့်စွန်းတိုင်းမှာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေ၊ အကောင်အထည်မဲ့အရိပ်တွေကို မျက်မြင်တွေ့ရတယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ ရှိမြဲရှိဆဲပါ။ စစ်တမ်းတွေအရ အမေရိကန်မှာဆို သူတို့နိုင်ငံသား ၄၁ ရာခိုင်နှုန်းလောက်က သရဲရှိတယ်လို့ ယုံကြည်ပြီး ယူကေ၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံအများစုမှာလဲ ခပ်ဆင်ဆင် ကိန်းဂဏန်းတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလဲ သရဲတစ္ဆေတွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်သူ အများအပြားပါပဲ။

စာရင်းဇယားတွေအရ သဘာဝလွန်ကိစ္စတွေကို ယုံကြည်ခြင်းဟာ လူအများစုအတွက် သာမန် မိရိုးဖလာ အယူအစွဲတင် မဟုတ်တော့ဘဲ မှန်ကန်ချက်တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီဖြစ်ရပ်တွေကို သိပ္ပံပညာရဲ့ အမှားခံနိုင်၊ အစမ်းသပ်ခံနိုင်တဲ့ ယုတ္တိသဘောအရ လျစ်လျူရှု ငြင်းပယ်တာမျိုး တန်းမလုပ်ခင် သိပ္ပံနည်းကျ ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို ဦးနှောက်နဲ့ အာရုံကြောသိပ္ပံ (Neuroscience) နဲ့ ရူပဗေဒ သဘောတရားတွေ အခြေခံ ချိန်ထိုးစူးစမ်းကြည့်ရင်း တကယ်တမ်း ဘယ်လိုရလဒ်တွေ တွေ့ရသလဲ သေသေချာချာ လေ့လာကြည့်ကြပါမယ်။ အဖြေတွေက သရဲယုံကြည်သူတွေ မျှော်လင့်ထားမှာမျိုးတော့ မဟုတ်ပါဘူး။


စိတ္တဇယုံကြည်မှု သမိုင်းကြောင်း

သေဆုံးသူတွေ လူရှင်တွေကြားထဲ ဆက်ရှိနေသေးတဲ့ — “သရဲ” ယုံကြည်မှုက လူ့သမိုင်းမှာ အစောဆုံးပေါ်ပေါက်ခဲ့တဲ့ အယူအစွဲတွေထဲကတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စာရေးသားခြင်းတွေနဲ့ စနစ်တကျ အုတ်မြစ်ချထားတဲ့ ဘာသာရေးယုံကြည်မှုတွေထက်တောင် ပိုရှေးကျပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်နေတာပါ။ ဘီစီ ၂၀၀၀ လောက်က ရှေးဆူမားရီးယန်းတွေဟာ လူသေတွေကို သေချာမမြှုပ်နှံရင်၊ ပူဇော်ပသမှု မလုပ်ရင် အသက်ရှင်သူတွေကို ဒုက္ခပေးမဲ့ ဂျီဒင် (Gidim) ခေါ် ဝိညာဉ်တွေအကြောင်း ရေးခဲ့ဖူးသလို အီဂျစ်ရဲ့ ကြီးကျယ်တဲ့ အသုဘအခမ်းအနားတွေဟာလဲ ‘က’ နဲ့ ‘ဘ’ (K‌a/Ba) လို့ ခေါ်တဲ့ ဝိညာဉ်တွေ တမလွန်ကို မသွားနိုင်ဘဲ ကမ္ဘာမှာ ပိတ်မိနေမယ်လို့ ယုံကြည်လို့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ရောမသားတွေဆိုရင်လဲ ညဘက်ဆို လှည့်လည်သွားလာပြီး ဒုက္ခပေးတတ်တဲ့ လက်မြူရီ (Lemures) ခေါ် မကောင်းဆိုးဝါးတွေကို ကြောက်ရွံ့လို့ သူတို့ကို သီးသန့်ချော့မော့ဖို့ လက်မြူရီရာ (Lemuria) ပွဲတော်ကိုတောင် ကျင်းပခဲ့ကြပါတယ်။ ဒီလိုကနေ “သရဲသာ တကယ်မရှိရင် ဘာဆက်နွယ်မှုမှ ရှိမနေခဲ့တဲ့ ကမ္ဘာအနှံ့က ယဉ်ကျေးမှုတွေမှာတောင် ဒီအယူအဆတွေ ဘာလို့ တစ်ထေရာတည်း သွားဖြစ်နေရသလဲ” ဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာပါတော့တယ်။ မှန်ပါတယ်၊ ဂျပန်က ယူးရေး (Yūrei)၊ တရုတ်ယဉ်ကျေးမှုက ကွေ့ (Gui) နာနာဘာဝတွေ၊ အနောက်တိုင်းက ဖန်တွမ် (Phantom)၊ မြန်မာနိုင်ငံက သရဲ . . . ဒီအယူအဆတွေအားလုံးမှာ အံ့ဩစရာကောင်းလောက်အောင် တူညီနေတဲ့ သဘောအင်္ဂါရပ်တွေ ရှိကြပါတယ်။ သေသူတွေ ပြန်လာမယ်၊ မပြီးပြတ်သေးတဲ့ ကိစ္စရှိမယ်။ သေဆုံးတဲ့နေရာမှာ ခြောက်လှန့်မယ်၊ ပူဇော်ပသမှုတွေ သေသေချာချာလုပ်မှ ကျေနပ်မယ် ဆိုတာတွေပေါ့။ ဒါပေမဲ့ ဒီလို ဆင်တူနေတာတွေက သရဲတွေ နိုင်ငံကူးလက်မှတ်နဲ့ ကမ္ဘာပတ်ခြောက်လှန့်နေလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှုတစ်ခုကနေ နောက်တစ်ခုဆီ ကူးစက်သွားတာမျိုးလဲ မဟုတ်ဘဲ လူ့ဦးနှောက်ရဲ့ သေဆုံးခြင်း၊ ဝမ်းနည်းကြေကွဲမှုနဲ့ ခွဲခွာရတာတွေအတွက် ဖြေသိမ့်ကျေလည်စရာ ပုံစံခွက်တွေကို လိုက်ရှာရာမှာ အလုပ်လုပ်ပုံချင်း တူညီနေတဲ့ ဘုံသဘော (Cognitive universal) သာ ဖြစ်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

၁၆ ရာစုကနေ ၁၉ ရာစု အစောပိုင်း ခေတ်သစ်ကာလတွေရောက်ချိန်မှာ သရဲအပါအဝင် သဘာဝလွန်ယုံကြည်မှုတွေကို စနစ်တကျ စတင်စစ်ဆေးလာခဲ့ကြပါတယ်။ ၁၈၈၂ ခုနှစ်၊ လန်ဒန်မြို့မှာ ကိန်းဘရစ်ချ်တက္ကသိုလ်က ပညာရှင်တွေ စုပေါင်းပြီး သဘာဝလွန်သုတေသန အစည်းအရုံး (Society for Psychical Research – SPR) ကို တည်ထောင်ခဲ့ပြီး အဲအဖွဲ့ထဲ ဟန်နဒီ ဆစ်ဒ်ဝစ်ခ် (Henry Sidgwick) နဲ့ ဝီလျံ ဘားရက် (William F. Barrett) တို့လို အုတ်မြစ်စွဲနေတဲ့ မျက်ကန်းယုံကြည်မှုကို ဖောက်ထွက်သုတေသနလုပ်ချင်တဲ့ ပညာရှင်စစ်စစ်တွေရယ်၊ ရူပဗေဒနဲ့ ဦးနှောက်အာရုံကြောသုတေသီတွေရယ် ပါဝင်တာပါ။ ဒီအဖွဲ့ထဲက အက်ဒ်မန်း ဂါမေး (Edmund Gurney)၊ ဖရက်ဒရစ် မိုင်ယာ (Frederic Myers) နဲ့ ဖရန့်ခ် ပေါ့ဒ်မော (Frank Podmore) တို့ ပေါင်းပြီး ၁၈၈၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Phantasms of the Living” စာအုပ်ဆိုရင် သရဲပက်ပင်းကြုံမှုပေါင်း ၇၀၀ ကျော်ကို စနစ်တကျ ခွဲခြမ်းတင်ပြခဲ့ပြီး အဲဒီလေ့လာမှုတွေထဲ သရဲရှိတယ်ဆိုတဲ့ ခိုင်ခိုင်မာမာ သက်သေအထောက်အထားမျိုး လုံးဝ (လုံးဝ) မပြနိုင်ခဲ့တာကို တွေ့ရပါတယ်။ “သေဆုံးသွားချိန် သရဲလာခြောက်တယ်” ဆိုတဲ့ ဖြစ်ရပ်တွေ အများအပြားရှိနေတဲ့တိုင် သူတို့ကိုယ်တိုင်ဟာ ဒီဖြစ်စဉ်တွေက မှတ်ဉာဏ်ယိုယွင်းချက်တွေ (Memory distortion)၊ တိုက်ဆိုင်မှုတွေ (Coincidence) နဲ့ လူတွေရဲ့ ထွက်ဆိုချက်တွေမှာ အားကိုးယုံကြည်လောက်စရာ အခြေအမြစ်မျိုး မရှိဘူးလို့ ဝန်ခံခဲ့ရတာပါ။ ဒီ SPR အဖွဲ့ကြီး လက်ရှိအချိန်ထိ ရှိနေဆဲပေမဲ့ သရဲတကယ်ရှိကြောင်း ခိုင်မာတဲ့ သက်သေမျိုး မပြနိုင်သေးသလို နောက်ပိုင်းပေါ်ပေါက်လာတဲ့ ဘယ်အဖွဲ့အစည်းကမှလဲ ပြနိုင်နေခြင်း မရှိပါဘူး။

သရဲတွေအကြောင်း လေ့လာရင် အထူးသတိပြုရမဲ့ ကာလတစ်ရပ် ရှိပါတယ် — ဗစ်တိုးရီးယားခေတ်ပါ။ ဒီခေတ်မှာ သရဲပုံပြင်တွေက စာပေအမျိုးအစားတစ်ရပ်လို အထွတ်အထိပ်ရောက် ခေတ်စားခဲ့ပြီး အလယ်အလတ်တန်းစား မိသားစုတွေရဲ့ ဧည့်ခန်းတွေထဲ နတ်ဝင်သည်တွေ၊ သရဲခေါ်ပွဲ (Séances) တွေ အကြီးအကျယ်လုပ်ခဲ့ချိန် ဖြစ်သလို သရဲခြောက်တဲ့ ဇာတ်လမ်းတွေလဲ နေရာတိုင်းပါပဲ။ ဒါပေမဲ့ သမိုင်းတစ်လျှောက် ဘယ်သူမှ သိပ်သတိမထားမိခဲ့တဲ့ နောက်ကွယ်က အမှန်တရားက အဲခေတ်ဟာ ဓာတ်ငွေ့မီးအိမ်တွေ၊ ကျောက်မီးသွေးမီးဖိုတွေနဲ့ လေဝင်လေထွက်မကောင်းတဲ့ အပူပေးစနစ်တွေက ထွက်တဲ့ ကာဘွန်မိုနောက်ဆိုဒ် (Carbon monoxide) ဓာတ်ငွေ့ အဆိပ်သင့်မှု အမြင့်ဆုံးကို ရောက်နေတယ် ဆိုတာပါ။ ကာဘွန်မိုနောက်ဆိုဒ်ဟာ ရှူမိသူတွေကို ဇဝေဇဝါဖြစ်စေတာ၊ အမြင်ပိုင်းဆိုင်ရာ အားနည်းစေတာနဲ့ ခေါင်းမူးခေါင်းကိုက်အပြင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုပါ ကမောက်ကမဖြစ်စေတတ်တဲ့ ဆိုးကျိုးအာနိသင် ရှိပါတယ်။ သမိုင်းမှာ သရဲယုံကြည်မှုတွေ အထွတ်အထိပ်ရောက်ချိန်နဲ့ အိမ်တွင်းလေထုအဆိပ်သင့်မှု အမြင့်ဆုံးအချိန် နှစ်ခုကြားက ဆက်နွယ်မှုကြောင့် ထင်ယောင်ထင်မှားအမြင်တွေ အဖြစ်များကြပြီး အစုလိုက်အပြုံလိုက် စိတ်ပိုင်းဆိုင်ရာ မူမမှန်စေတာက တိုက်ဆိုင်မှုတစ်ခုထက် ပိုတယ်လို့ သုတေသနတွေက ပြောတာပါ။


သရဲကို ရူပဗေဒရှုထောင့်က ချဉ်းကပ်ကြည့်ရင် . . .  

သရဲရဲ့ ဖြစ်တည်မှုက တကယ်တမ်း ဘယ်လိုဖြစ်နိုင်သလဲဆိုတာ ရူပဗေဒရှုထောင့်ကနေ ယုတ္တိကျကျ စဉ်းစားကြည့်ရအောင်ပါ။ ယုံကြည်သူတွေရဲ့ သတ်မှတ်ချက်အရ သရဲဟာ အကောင်အထည် ရှိပေမဲ့ မြင်ရ/မမြင်ရ ကွဲနိုင်တယ်၊ သူတို့မှာ အသိစိတ်၊ မှတ်ဉာဏ်၊ ပြောဆိုဆက်သွယ်နိုင်စွမ်းနဲ့ ရွေ့လျားနိုင်စွမ်း ရှိမယ်၊ အရာဝတ္ထုတွေကို ကိုင်တွယ်နိုင်တာမျိုး၊ အသံထွက်နိုင်တာမျိုးနဲ့ မမြင်ရတဲ့ ဖြစ်တည်မှုတစ်မျိုးနဲ့ ခြောက်လှန့်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ ရူပဗေဒမှာတော့ ဒီအချက်တိုင်းက ယုတ္တိကင်းမဲ့နေပြီး ရှိနှင့်ပြီးသားနဲ့ သက်သေပြနိုင်ပြီးသား စကြဝဠာလုံးဆိုင်ရာ ဥပဒေသတွေနဲ့ ငြိစွန်းနေတာပါ။ ပထမဆုံး၊ အမှုန်ရူပဗေဒ (Particle physics) ရဲ့ စကြဝဠာမှာ ရှိရှိသမျှ အခြေခံအမှုန်တွေနဲ့ သူတို့အချင်းချင်း ဆက်စပ်သက်ရောက်နေတဲ့ စွမ်းအင်အားလုံးကို စာရင်းပြုစုသတ်မှတ်ထားတဲ့ စံမော်ဒယ် (Standard Model) မူဘောင်ကြီး ရှိပါတယ်။ နေ့စဉ်ထိတွေ့သမျှ အရာဝတ္ထုမှန်သမျှ၊ လူ့ခန္ဓာကိုယ်အပါ ဒြပ်အားလုံးဟာ ကွာ့ခ် (Quark) နဲ့ အီလက်ထရွန် (Electron) တို့လို အက်တမ်တွင်းအမှုန်တွေနဲ့ ဖွဲ့စည်းထားပြီး လျှပ်စစ်သံလိုက်အား (Electromagnetic)၊ နျူကလီးယားအပြင်းအား (Strong Nuclear) နဲ့ နျူကလီးယားအပျော့အား (Weak Nuclear) အပြင် စံမော်ဒယ်ထဲ မပါတဲ့ ဒြပ်ဆွဲအား (Gravity) ခေါ် အခြေခံအား လေးမျိုးနဲ့ လည်ပတ်နေတာပါ။ တကယ်လို့ သရဲတစ်ကောင်ဟာ အမှောင်ထဲ ပုံရေးရေး ပေါ်လာတယ် (မျက်လုံးအမြင်အာရုံထဲ ဖိုတွန်အလင်းလှိုင်းတွေ လာရောင်ပြန်ဟပ်တယ်)၊ အသံထွက်လာတယ် (လေမော်လီကျူးတွေကို တုန်ခါစေတယ်)၊ ပြီးတော့ ပစ္စည်းတွေရွှေ့၊ တံခါးတွေ ဖွင့်နိုင်တယ် (ရုပ်ဝတ္ထုတွေ ရွေ့လျားစေတယ်) ဆိုရင် ဒီသရဲဟာ သေချာပေါက် အပေါ်က အခြေခံအားလေးမျိုးပေါ် မူတည်ပြီး သာမန်ရုပ်ဝတ္ထုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန်ထိတွေ့မှု လုပ်နေရပါမယ်။

ပြဿနာက အဲမှာ စတာပါပဲ။ သရဲက အသက်ရှင်စဉ်က ဦးနှောက်ရဲ့ နျူရွန်ကွန်ယက်တွေထဲ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်အချက်အလက်တွေကို သယ်ဆောင်ထားပြီး ရုပ်ဝတ္ထုကမ္ဘာထဲ လက်တွေ့ရှိနေတာတွေကို ဒီလိုသက်ရောက်မှုပေးနိုင်ဖို့က စံမော်ဒယ်မှာ မပါတဲ့ အမှုန်သစ်တစ်မျိုးမျိုး၊ မဟုတ်လဲ ရှာမတွေ့သေးတဲ့ စွမ်းအင်တစ်ခုခု မဖြစ်မနေ လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ဥရောပ နျူကလီးယား သုတေသနအဖွဲ့ (CERN) မှာရှိတဲ့ Large Hadron Collider (LHC) ဆိုတဲ့ ဧရာမ အမှုန်အရှိန်မြှင့်စက်ကြီးဟာ လူသားတွေရဲ့ ဇီဝဖြစ်စဉ်မှာ သုံးတဲ့ စွမ်းအင်ထက် အဆပေါင်း သန်းထောင်ချီ ပိုပြင်းတဲ့ စွမ်းအင်တွေ သုံးပြီး အခြေခံအမှုန်အမွှားတွေကို တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း သန်းရာချီ တိုက်ခွဲ စမ်းသပ်နေတာပါ။ ဒါနဲ့ ဆက်စပ်လို့ မန်ချက်စတာတက္ကသိုလ်က ပါမောက္ခ ဘရိုင်ယန် ကော့စ် (Brian Cox) ရဲ့ သရဲရှိ၊ မရှိ ရှင်းပြခဲ့ပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်။

တကယ်လို့ ‘ဝိညာဉ်’ ဒါမှမဟုတ် ‘သရဲ’ ဆိုတာ တကယ်ရှိပြီး လူ့စိတ်နေစိတ်ထားနဲ့ မှတ်ဉာဏ်တွေကို သယ်ဆောင်ထားနိုင်တယ်ဆိုရင် အဲဒီဝိညာဉ်ဟာ ကျွန်တော်တို့ ရုပ်ခန္ဓာကိုယ်နဲ့ ထိတွေ့ဆက်စပ်မှု (Interaction) ရှိရပါမယ်။ ဥပမာ၊ ခန္ဓာကိုယ်ရဲ့ ဦးနှောက် မရှိတော့တဲ့နောက် ပြင်ပမှာ သီးသန့်ဆက်ရှိနေနိုင်ဖို့ဆိုရင် ဒီမှတ်ဉာဏ်အချက်အလက်တွေကို သယ်ဆောင်ပေးထားနိုင်တဲ့ ‘ကြားခံစွမ်းအင်’ တစ်ရပ် ရှိဖို့ လိုပါတယ်၊ ရေဒီယိုလှိုင်းက သီချင်းတွေကို သယ်ဆောင်ပေးသလိုပေါ့။ အဲဒီလို ဆက်စပ်ဖို့ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ အခြေခံအမှုန်လေးတွေနဲ့ သရဲဟာ ထိတွေ့သက်ရောက်မှုတွေ အပြန်အလှန် ပေးနိုင်ရမှာပါ။ တကယ်လို့သာ အဲလို သက်ရောက်မှုပေးနိုင်တဲ့ ‘ဝိညာဉ်စွမ်းအင်’ ဒါမှမဟုတ် ‘သရဲအမှုန်’ ဆိုတာမျိုး ရှိခဲ့မယ်ဆိုရင် အမှုန်လေးတွေရဲ့ အပြုအမူကို အသေးစိတ် စောင့်ကြည့်နေတဲ့ LHC စက်ကြီးမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက တစ်ခုခုကို သေချာပေါက် ရှာတွေ့ထားပြီး ဖြစ်မှာပါ။ အခုထက်ထိ ဘာမှ ရှာမတွေ့သေးတာကို ကြည့်ရင် ဝိညာဉ်ဆိုတာ ရုပ်ဝတ္ထုလောကထဲမှာ တကယ်မရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ဦးနှောက်ထဲက နျူရွန်ဆဲလ်တွေ ပေါင်းစပ်အလုပ်လုပ်ရာက ထွက်လာတဲ့ ရလဒ်သက်သက်ပဲဖြစ်လို့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင် အဲအချက်အလက်တွေကို သယ်ဆောင်ထားပေးမဲ့ တခြား ‘သဘာဝလွန် စွမ်းအင်’ ဆိုတာ သိပ္ပံနည်းကျ ကြည့်ရင် မရှိနိုင်ဘူး လို့ သူ ရှင်းပြခဲ့တာပါ။

နောက်ထပ် အကြီးမားဆုံး ယုတ္တိမှားကတော့ “စွမ်းအင်ဆိုတာ ဖျက်ဆီးပစ်လို့ မရဘူး၊ ဒါကြောင့် ဝိညာဉ်ဆိုတာ ဆက်ရှိနေရမယ်” ဆိုပြီး သာမိုဒိုင်းနမစ် ပထမနိယာမကို တလွဲကိုးကားတတ်ကြတာပါ။ တကယ်တော့ ဒီနေရာမှာ ‘အင်ထရိုပီ’ (Entropy) လို့ခေါ်တဲ့ ဒုတိယနိယာမကိုပါ ထည့်တွက်ရပါမယ်။ အင်ထရိုပီရဲ့ သဘောတရားက ‘အရာဝတ္ထုတိုင်းဟာ အစီအစဉ်တကျ ရှိနေတဲ့ အခြေအနေကနေ တဖြည်းဖြည်း ပြန့်ကျဲပြီး ဖရိုဖရဲ ဖြစ်သွားတဲ့ အခြေအနေကိုပဲ ဦးတည်တယ်’ ဆိုတာပါ။ စွမ်းအင်ဟာ ဖျက်ဆီးလို့ မရတာ မှန်ပေမဲ့ ပုံစံတစ်ခုထဲမှာ စုစည်းမနေဘဲ အမြဲတမ်း ပြန့်ကျဲ ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ – အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ စားလိုက်တဲ့ အစားအသောက်ကနေ ရတဲ့ ‘ဓာတုစွမ်းအင်’ ကို သုံးပြီး ဆဲလ်တွေကို အလုပ်လုပ်စေတယ်၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းထားပေးပါတယ်။ ဒါကို သိပ္ပံလိုပြောရင် စွမ်းအင်ကို သုံးပြီး အင်ထရိုပီ (ဖရိုဖရဲဖြစ်မှု) ကို အနိုင်တိုက်နေတာပါ။ ဒါပေမဲ့ အဲဒီလူ သေသွားတာနဲ့ တစ်ပြိုင်နက် နှလုံးခုန်ရပ်မယ်၊ ဦးနှောက်သေမယ်၊ သွေးလည်ပတ်မှု ရပ်သွားမယ်၊ ဆဲလ်တွေရဲ့ ATP ခေါ် စွမ်းအင်ထုတ်လုပ်မှု ရပ်တန့်သွားမယ်။ ခန္ဓာကိုယ်ထဲက ဓာတုစွမ်းအင်တွေဟာ အပူအဖြစ်နဲ့ လေထုထဲကို ပျံ့ထွက်သွားတယ်၊ ရုပ်အလောင်းကို မြေမြှုပ်လိုက်ရင် အဏုဇီဝပိုးမွှားတွေက ကျန်ရှိနေတာတွေ တဖြည်းဖြည်း စားသုံးကြမယ်၊ ဒီလိုနဲ့ ဂေဟစနစ်ထဲ ပြန်ရောက်သွားတယ်။ ဒီတော့ ဒီလို ပျံ့ကျဲသွားတဲ့ စွမ်းအင်တွေကနေ ‘ဝိညာဉ်’ ဆိုတဲ့ လူပုံစံ အကောင်အထည်ကြီးအဖြစ် ပြန်စုစည်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သရဲတစ်ကောင်ဟာ အလင်းတန်းပဲ ဖြစ်ဖြစ်၊ လူပုံစံပဲဖြစ်ဖြစ် သူ့ပုံပန်းသဏ္ဍာန်ကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ ပတ်ဝန်းကျင်ကို လွန်ဆန်ပြီး အင်ထရိုပီ လျှော့ချရမှာဖြစ်လို့ စဉ်ဆက်မပြတ် စွမ်းအင်အရင်းအမြစ် တစ်ခုခု မဖြစ်မနေ လိုအပ်ပါတယ်။ ဘက်ထရီလဲမရှိ၊ အစာလဲမစားတဲ့ ဝိညာဉ်က ဘယ်က ဘယ်လိုစွမ်းအင်ရပြီး စင်္ကြံလမ်းမှာ လမ်းလျှောက်ပြနေမှာပါလဲ . . . ?။ ရူပဗေဒရှုထောင့်က ကြည့်ရင် ယုတ္တိကင်းမဲ့နေပါတယ်။

တချို့ကလဲ သိပ္ပံကို သိပ္ပံသုံးပြီး ပြန်ချေပဖို့ ကြိုးစားကြပါတယ် — ကွမ်တမ်မက္ကင်းနစ် (Quantum mechanics) က ‘ကွမ်တမ်ချိတ်ဆက်မှု’ (Entanglement) တို့၊ ‘စောင့်ကြည့်သူရဲ့ သက်ရောက်မှု’ (Observer Effect) တို့ဆိုတဲ့ စကားလုံးတွေကို မျက်လှည့်ပြသလို သုံးပြီး သရဲဆိုတာကို သိပ္ပံနည်းကျသယောင် ဆွဲယူရေးတတ်ကြပါသေးတယ်။ တကယ်တော့ ကွမ်တမ်ဖြစ်စဉ်တွေက လက်တွေ့လောကမှာ ရှိတာမှန်ပေမဲ့ အတော်များများကတော့ ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို မှတ်ယူပြီး နားလည်မှု လွဲနေကြတာပါ။ သူတို့က ‘Quantum state’ လို့ခေါ်တဲ့ ကွမ်တမ်အခြေအနေ တစ်ခုခုကို အမှီပြုပြီး သရဲရှိနိုင်တယ်လို့ ပြောကြပေမဲ့ ပြဿနာက အဲဒီ အခြေအနေဟာ ဆပ်ပြာပူဖောင်းလေးလိုပဲ အလွန်ပျက်စီးလွယ်တယ် ဆိုတာကို ထည့်မတွက်ကြပါဘူး။ ကွမ်တမ်နိယာမတွေ အလုပ်လုပ်ဖို့ဆိုရင် ‘Quantum Coherence’ လို့ခေါ်တဲ့ ကွမ်တမ်ဂုဏ်သတ္တိ တည်ငြိမ်နေမှု ရှိရပါမယ်။ ဒီလို တည်ငြိမ်တဲ့ အခြေအနေမျိုး ရဖို့ဆိုတာ အပူချိန် သုညဒီဂရီ အကြွင်းမဲ့ (Absolute zero) နား ကပ်နေပြီး ပြင်ပလောကနဲ့ သီးခြားခွဲထုတ်ထားတဲ့ ဓာတ်ခွဲခန်းမျိုးမှာပဲ ဖြစ်နိုင်တာပါ။ လူ့ဦးနှောက်လိုမျိုး ပူနွေး၊ စိုစွတ်ပြီး ဆူညံလှုပ်ရှားနေတဲ့ ဇီဝဗေဒပတ်ဝန်းကျင်မှာ ကွမ်တမ်အခြေအနေဆိုတာ မီလီစက္ကန့်တောင် မခံပါဘူး။ စက္ကန့်တစ်စက္ကန့်ရဲ့ ကုဋေကုဋာပုံ တစ်ပုံ (Femtoseconds) လောက်မှာတင် ပတ်ဝန်းကျင်နဲ့ ရောထွေးပြီး ချက်ချင်း ပျက်ပြယ် (Decoherence) သွားတာပါ။ နာမည်ကြီး ရူပဗေဒပညာရှင် ရော်ဂါပန်ရို့စ် (Roger Penrose) နဲ့ စတူးဝက် ဟန်မာအော့ဖ် (Stuart Hameroff) တို့ရဲ့ (Orch OR) သီအိုရီမှာ ဦးနှောက်ထဲက ဆဲလ်တွင်းပြွန်မျှင်လေးတွေဆီ ကွမ်တမ်ဖြစ်စဉ်ရှိနိုင်တယ်လို့ ဆိုထားဖူးပေမဲ့ အဲသီအိုရီကတောင် ‘အသိစိတ်’ ဆိုတာ ဦးနှောက်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တစ်ခုလို့ပဲ အဓိပ္ပါယ်ဖွင့်ထားတာပါ။ လူသေသွားတဲ့အခါ အဲဒီကွမ်တမ်အချက်အလက်တွေက ဦးခေါင်းခွံထဲကနေ အပြင်ကို လွင့်ထွက်သွားပြီး အိမ်ဟောင်းကြီးတွေထဲ သရဲလိုက်ခြောက်နေနိုင်မယ်လို့ လုံးဝ မဆိုလိုပါဘူး။

သတင်းအချက်အလက် တည်မြဲမှုနိယာမ (Conservation of Information) အရ စာအုပ်တစ်အုပ်ကို မီးရှို့လိုက်ရင် အဲစာအုပ်ထဲ ပါတဲ့ အချက်အလက်တွေဟာ မီးခိုး၊ ပြာနဲ့ အပူတွေအဖြစ် စကြာဝဠာထဲမှာ ပုံစံပြောင်းပြီး ဆက်ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီပြာတွေကို ကြည့်ပြီး စာအုပ်ကို ဘယ်လိုမှ ပြန်ဖတ်လို့ မရတော့တာပါပဲ။ လူတစ်ယောက် သေသွားတဲ့အခါမှာလဲ ဒီအတိုင်းပါပဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေ၊ အသိစိတ်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်အလက်တွေဟာ အက်တမ်တွေအနေနဲ့ စကြာဝဠာထဲမှာ ဆက်ရှိနေနိုင်ပေမဲ့ အဲဒီအက်တမ်တွေရဲ့ နဂိုမူလ အနုစိတ်ချိတ်ဆက်မှုပုံစံ (Complex Structure) ကြီးကတော့ ပြိုကွဲပျက်စီးသွားပါပြီ — မှတ်ဉာဏ်လဲ မရှိနိုင်တော့သလို အသိစိတ်လဲ ဘယ်ရှိပါတော့မလဲ။ ဒါကြောင့် အချက်အလက်တွေဟာ ဒြပ်စင်တွေ၊ အပူစွမ်းအင်တွေအဖြစ် ပျံ့နှံ့ကျန်ရစ်နေမှာ ဖြစ်ပေမဲ့ တစ်စုတစည်းတည်း ဝိညာဉ်တစ်ရပ်အဖြစ် ဆက်တည်ရှိနေဖို့ဆိုတာ ရူပဗေဒ ဥပဒေသတွေကို အကုန်ဖျက်ပစ်ပြီး သက်သေမပြနိုင်တဲ့ စိတ်ကူးယဉ်ပုံပြင်တွေနဲ့ အစားထိုးလိုက်မှသာ ဖြစ်နိုင်ပါတော့မယ်။ နားလည်လွယ်အောင် ပြောရရင် အသိစိတ်ဆိုတာ ဦးနှောက်ဆိုတဲ့ စက်ပစ္စည်းကြီး အလုပ်လုပ်နေလို့ ထွက်ပေါ်လာတဲ့ ရလဒ် (Emergent property) သက်သက်ပါပဲ၊ ကွန်ပျူတာ ပိတ်လိုက်ရင် Screen ပေါ်က ပုံရိပ်တွေ လေထဲလွင့်မသွားသလိုပဲ ဦးနှောက်သေသွားရင်လဲ အသိစိတ်ဆိုတာ လွတ်ထွက်သွားစရာ ကြားခံနယ် လုံးဝ မရှိပါဘူး။


ဦးနှောက် (ဒါမှမဟုတ်) သရဲထုတ်စက်ရုံ

သိပ္ပံပညာရဲ့ အလှဆုံးနဲ့ အားအကောင်းဆုံးအချက်က “သရဲမရှိဘူး” လို့ ငြင်းဆိုရုံသက်သက်မဟုတ်ဘဲ ဘာကြောင့် သရဲမြင်ရသလဲဆိုတဲ့ အကြောင်းရင်းကို ဦးနှောက်အာရုံကြောသိပ္ပံ (Neuroscience) နဲ့ ချိတ်ဆက်ဖော်ထုတ်ပေးနိုင်တာပါပဲ။ တကယ်တမ်း လူသားတွေရဲ့ ဦးနှောက်ဆိုတာက အပြင်လောကက အချက်အလက်တွေကို မှန်မှန်ကန်ကန် ဘာသာပြန် ပုံရိပ်ဖမ်းပေးတတ်တဲ့ ကင်မရာတစ်လုံးလိုမျိုးထက် အခြေအနေပေးရင်၊ ဒါမှမဟုတ် ဒေတာအချက်အလက်တွေ လိုအပ်နေရင် မရှိတဲ့အရာတွေကို ရှိနေသယောင် ဇာတ်လမ်းဆင် ဖန်တီးပေးနိုင်စွမ်းရှိတဲ့ စက်ရုံကြီးတစ်ခုလို ဖြစ်ပါတယ်။

ဒီနေရာမှာ သရဲခြောက်ခံရတာတွေထဲ လူပြောအများဆုံးဖြစ်တဲ့ ဘီလူးစီးတဲ့ဖြစ်စဉ် (Sleep Paralysis) ကို အရင်ဆုံး ရှင်းပြဖို့ လိုပါတယ်။ လူ ၁၀၀ မှာ ၂၅ ယောက်ကနေ အယောက် ၄၀ လောက်အထိ ကြုံဖူးကြတဲ့ ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုပါ။ လူတွေ အိပ်ပျော်တဲ့အခါ သူငယ်အိမ် လှုပ်ရှားမှု မြန်တဲ့ REM (Rapid Eye Movement) အဆင့်ကို ရောက်ရင် ဦးနှောက်က အိပ်မက်တွေ မက်တတ်ပါတယ် — အဲအချိန်မှာ အိပ်မက်ထဲကအတိုင်း လက်တွေ့မှာ လိုက်ပြေးလွှား၊ လှုပ်ရှားတာ၊ ကန်ကျောက်တာမျိုးတွေ မလုပ်မိစေဖို့ ဦးနှောက်ကနေ ကိုယ်ခန္ဓာကို ယာယီ “အသေ” လုပ်ထားတဲ့ REM atonia ဆိုတဲ့ အခြေအနေကို ဖန်တီးလိုက်ပါတယ်။ ပြဿနာက ခန္ဓာကိုယ်ကြီးက လှုပ်မရသေးဘဲ ဦးနှောက်က ရုတ်တရက် နိုးလာတဲ့အခါ ဘီလူးစီးတယ်ဆိုတာ ဖြစ်လာတာပါ။ ဒီလိုအချိန်မှာ မျက်လုံးက ပွင့်နေပေမဲ့ ကိုယ်ခန္ဓာက လုံးဝလှုပ်လို့မရတဲ့အတွက် ဦးနှောက်ထဲက ကြောက်စိတ်ကို ထိန်းချုပ်တဲ့အပိုင်း (Amygdala) က အလုပ်တွေ အလွန်အမင်း လုပ်လာပြီး ပြင်းထန်တဲ့ ထိတ်လန့်မှုကို ခံစားရပါတယ်။ ဦးနှောက်ကလဲ ‘ငါ ဘာလို့ လှုပ်လို့မရတာလဲ’ ဆိုတာကို အကြောင်းပြချက်ရှာဖို့ ကြိုးစားရင်း REM အဆင့်ထဲ ဝင်နေချိန်မို့ အသက်ရှူနှုန်းနှေးနေ၊ အသက်ရှူရခက်သလို ခံစားရရင်း ‘တစ်ယောက်ယောက်က ငါ့ကို လာဖိထားလို့ ဖြစ်ရမယ်’ ဆိုတဲ့ ယူဆချက်ကို အလိုအလျောက် ထုတ်လုပ်လိုက်တာပါ။ ဒါကို ဆေးပညာအရ အိပ်ပျော်ခါစ (Hypnagogic) ဒါမှမဟုတ် နိုးခါစ (Hypnopompic) မှာ ဖြစ်တတ်တဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်း (Hallucinations) လို့  ခေါ်ပါတယ်။ ရင်ဘတ်ပေါ်မှာ တစ်စုံတစ်ယောက်က တက်ထိုင်နေသလို၊ အခန်းထောင့်မှာ အရိပ်မည်းကြီး ရှိနေသလို၊ နားထဲမှာ တီးတိုးသံတွေ ကြားနေရသလို ခံစားရတာတွေဟာ အမှန်တော့ ဦးနှောက်ရဲ့ ဓာတုဗေဒ လုပ်ဆောင်ချက် ခဏတာ သဘာဝကျကျ လွဲချော်သွားတာပဲ ဖြစ်ပါတယ်။ ဒါကို အကြောင်းရင်း အမှန်မသိကြတဲ့ ရှေးလူတွေက ‘ဘီလူးစီးတယ်’ လို့ နာမည်ပေးခဲ့ကြတာပါ။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ကိုယ့်နောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရတယ်ဆိုတဲ့ ကိစ္စပါ။ ၂၀၁၄ ခုနှစ်မှာ École Polytechnique Fédérale de Lausanne (EPFL) က ပညာရှင်တွေက ခပ်ဆန်းဆန်း စမ်းသပ်ချက်တစ်ခု လုပ်ခဲ့ပါတယ်။ စမ်းသပ်ခံရသူကို မျက်စိပိတ်ခိုင်းထားပြီး သူ့ရှေ့က စက်ရုပ်လက်တံတစ်ခုကို လှမ်းထိခိုင်းပါတယ်။ အဲလှုပ်ရှားမှုကို ကွန်ပျူတာက တစ်ဆင့် စမ်းသပ်ခံရသူရဲ့ ကျောဘက်မှာရှိတဲ့ နောက်ထပ် စက်ရုပ်လက်တံတစ်ခုဆီကို ပို့ပေးပြီး ကျောကို ပြန်တို့စေပါတယ်။ ပုံမှန်ဆိုရင် ဦးနှောက်က “အမိန့်ပေးလိုက်တဲ့ လှုပ်ရှားမှု (Motor command)” နဲ့ “ကိုယ့်ဆီပြန်လာတဲ့ အာရုံခံစားမှု (Sensory feedback)” ကို တွဲလျက် မှတ်ထားပါတယ်။ ဥပမာ – ကိုယ့်လက်မောင်းကို ပြန်ကုတ်ရင် ဒါ ငါ့လက်နဲ့ ငါပြန်ကုတ်တာပဲ လို့ ဦးနှောက်က သိနေတဲ့အတွက် တခြားတစ်ယောက်ယောက်က လာကုတ်သလိုမျိုး ထူးဆန်းမနေပါဘူး။ ဒါပေမဲ့ ဒီစမ်းသပ်ချက်မှာ ပညာရှင်တွေက အနောက်က စက်ရုပ်လက်တံကို စမ်းသပ်ခံရဲ့ လှုပ်ရှားမှုထက် စက္ကန့်ဝက် (၅၀၀ မီလီစက္ကန့်) ခန့် နောက်ကျပြီးမှ တို့ထိအောင် လုပ်လိုက်ပါတယ်။ ဒီလို အချိန်ကွာဟချက် အနည်းငယ်လေး ဖြစ်သွားတာနဲ့တင် ဦးနှောက်က “ကိုယ့်ရဲ့ လှုပ်ရှားမှု” နဲ့ “ကိုယ့်ဆီ ပြန်လာတဲ့ အာရုံ” ကြားက ဆက်စပ်မှုကို မရှာနိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ ဦးနှောက်က “ဒါ ငါ့ရဲ့ လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ထိတွေ့မှု” လို့ မမှတ်မိတော့ဘဲ “အနောက်မှာ တစ်ယောက်ယောက် ရပ်နေပြီး ငါ့ကို လာတို့နေတာပဲ” လို့ ယုံကြည်သွားပါတော့တယ်။ ဒါဟာ ဦးနှောက်ရဲ့ Temporal-parietal junction လို့ခေါ်တဲ့ ကိုယ်ခန္ဓာ ဘယ်မှာ ရှိနေလဲ၊ ဘယ်လိုဖြစ်နေတယ်ဆိုတာ အမြဲသိနေစေတဲ့ ဦးနှောက် GPS လို နေရာမျိုးမှာ အချက်အလက်တွေ ရှုပ်ထွေးသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အာရုံမှားတစ်ခုပါ။

ဒီလို ရှုပ်ထွေးမှုမျိုးက စက်ရုပ်နဲ့မှ မဟုတ်ဘဲ ပြင်ပလှုံ့ဆော်မှုတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အာရုံကြောသိပ္ပံပညာရှင် မိုက်ကယ် ပါဆင်ဂျာ (Michael Persinger) ဆိုရင် ဦးနှောက်ရဲ့ နားထင်မွှာ (Temporal lobe) ကို သံလိုက်စက်ကွင်း အားပျော့ပျော့နဲ့ လှုံ့ဆော်ပေးရုံနဲ့တင် လူတွေဟာ အခန်းထဲမှာ တစ်စုံတစ်ယောက် ရှိနေသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တွေ ရလာတတ်ကြောင်း ‘ဘုရားသခင် ခေါင်းဆောင်း – God Helmet’ အမည်ရ စမ်းသပ်ချက်နဲ့ သက်သေပြခဲ့ဖူးပါတယ်။ ဒါကြောင့် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ ရှိတတ်တဲ့ သံလိုက်စက်ကွင်း (Electromagnetic fields) အပြောင်းအလဲတွေကြောင့် ဦးနှောက်က ဒီလို အချက်ပြမှုတွေ ကမောက်ကမဖြစ်ပြီး “တစ်ယောက်ယောက် ရှိနေတယ်” လို့ ခံစားရတတ်တာပါ။

နောက်ဆက်ပြီး ပါရေဒိုလီယာ (Pareidolia) ခေါ် မရှိတာကို အရှိမှတ် ပုံဖော်ကြည့်ခြင်း သဘောတရားကလဲ ဒီနေရာမှာ အရေးကြီးပါတယ်။ လူ့ဦးနှောက်ဆိုတာ ဆင့်ကဲဖြစ်စဉ်အရ အမှောင်ထဲမှာ၊ မဟုတ်လဲ ဝေဝါးဝါး အခြေအနေမျိုးမှာ အနီးအနားက မျက်နှာပြင်တွေကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ ဒီဇိုင်းထုတ်ခံထားရမျိုးတာပါ။ ဒါကို ထောက်လှမ်းရေးဗီဇ – HADD (Hyperactive Agency Detection Device) လို့ ခေါ်ပါတယ်။ ရှေးခေတ်တောထဲမှာ ခြုံပုတ်လှုပ်တာကို “ကျား” လို့ ထင်လိုက်ခြင်းက မရှိတာကို အရှိမှတ်ပြီး ကြောက်ရတာပဲ ရှိမယ်၊ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် “ကျား” ရှိနေတာကို ခြုံပုတ်လှုပ်တာပဲလို့ လျစ်လျူရှုလိုက်ရင်တော့ သေသွားနိုင်ပါတယ်။ ဒါကြောင့် သဘာဝတရားက လူတွေအပြင် သက်ရှိတွေရဲ့ ဦးနှောက်ကို “မရှိတာကို ရှိတယ်လို့ မှားယုံတာက (False Positive)၊ ရှိတာကို မရှိဘူးလို့ မှားယုံတာထက် (False Negative) ပိုပြီး အသက်ရှင်ဖို့ အခွင့်အလမ်းများတယ်” ဆိုတဲ့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဘက်ယိမ်းမှုတစ်မျိုးနဲ့ ပုံသွင်းပေးလိုက်ပါတယ်။ ဒါကြောင့် အမှောင်ထဲက လိုက်ကာတွေ၊ သစ်ပင်ရိပ်တွေကို ကြည့်ပြီး သရဲရှိနေတယ်လို့ ခံစားရချက်ဟာ ဦးနှောက်က အလုပ်ကြိုးစားနေရင်း ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုး သက်သက်ပါပဲ။

နောက်ဆုံးတစ်ချက်ကတော့ ဝမ်းနည်းကြေကွဲမှုကြောင့် မြင်ယောင်ခြင်း (Bereavement Hallucination) ပါ။ စိတ်ဝေဒနာ သုတေသနဂျာနယ် (Journal of Affective Disorders) မှာ တင်ထားတဲ့ ၂၀၁၉ ခုနှစ်က လေ့လာမှုအရ လူ ၁၀၀ မှာ ၅၀ ဟာ ချစ်ရသူတစ်ဦးဦး သေဆုံးသွားတဲ့အခါ သေဆုံးသူရဲ့ အသံကို ကြားရတာ၊ အရိပ်ကို မြင်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဦးနှောက်က နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ ချစ်ရသူရဲ့ ဖြစ်တည်မှုကို စိတ်ပိုင်းဆိုင်ရာမှာ အပြီးတိုင်ဖျက်ပစ်ဖို့ အချိန်ယူနေရတာကြောင့်ပေါ့။ ဒီတော့ အဲဒီလူ ရှိနေကျနေရာမှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားတတ်သလို အပြင်က လှုံ့ဆော်မှုတစ်ခုခု (ဥပမာ – တံခါးစိသံ) ရမိတာနဲ့ သေဆုံးသူ ပြန်လာပြီလို့ အလိုအလျောက် ဖြည့်စွက်တွေးရင်း ထင်ယောင်ထင်မှား ဖြစ်မိတာမျိုးပါ။

အတိုချုပ်ပြောရင်တော့ သရဲဖြစ်စဉ်အားလုံးက ဦးခေါင်းခွံထဲက အလေးချိန် ၃ ပေါင်လောက်ရှိတဲ့ အသားစိုင်ကြီးကနေ ဖန်တီးပေးလိုက်တဲ့ လှည့်စားမှုတွေပါပဲ။ သရဲဆိုတာ အပြင်လောကမှာ မရှိပါဘူး၊ ဦးနှောက်ရဲ့ ဇီဝကမ္ဖဖြစ်စဉ်တွေနဲ့ အာရုံကြောစနစ်တွေကြားထဲပဲ ရှိနေတာ ဖြစ်ပါတယ်။


ပတ်ဝန်းကျင်ရဲ့ လှည့်စားမှု  

သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ကျောချမ်းစရာ အငွေ့အသက် ဆိုတာဟာလဲ တကယ်တမ်း ဝိညာဉ်တွေရှိနေလို့ မဟုတ်ဘဲ ပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကနေ အာရုံခံအဖွဲ့အစည်းတွေကို လာရောက်နှောင့်ယှက်နေတာ ဖြစ်ပါတယ်။ ဒါရဲ့ အဓိက တရားခံကတော့ လူတွေရဲ့ နားနဲ့မကြားနိုင်တဲ့ အသံလှိုင်းအနိမ့် (Infrasound) တွေပါ။ လူတွေရဲ့ နားက ယေဘုယျအားဖြင့် ၂၀ ဟတ်ဇ် (20 Hz) ကနေ ၂၀,၀၀၀ ဟတ်ဇ် (20,000 Hz) ကြားက အသံတွေကိုသာ ကြားနိုင်ပြီး ၂၀ ဟတ်ဇ်အောက် ရောက်သွားတဲ့ အသံလှိုင်းတွေကိုတော့ နားနဲ့ မကြားနိုင်တော့ဘဲ ခန္ဓာကိုယ်ကပဲ တုန်ခါမှုအနေနဲ့ ခံစားရပါတယ်။ ဒီလို မကြားနိုင်တဲ့ အသံလှိုင်းတွေထဲမှာမှ ၁၉ ဟတ်ဇ် (18.9 Hz ~ 19 Hz) ကြိမ်နှုန်းက အန္တရာယ်များပြီး စိတ်ဝင်စားဖို့လဲ ကောင်းတာပါ။ အကြောင်းက လူ့မျက်လုံးရဲ့ ပင်ကိုယ်တုန်ခါမှု ကြိမ်နှုန်း (Resonant frequency) ဟာ အဲဒီ ၁၉ ဟတ်ဇ် ဝန်းကျင် (18.9 Hz) မှာ ရှိနေလို့ပါပဲ။ အရာဝတ္ထုတစ်ခုခုရဲ့ ပင်ကိုယ်ကြိမ်နှုန်းနဲ့ အပြင်ကလာတဲ့ လှိုင်းကြိမ်နှုန်း တူညီသွားချိန် အဲဒီအရာဝတ္ထု သိသိသာသာ တုန်ခါလာတတ်တာကို ရူပဗေဒမှာ Resonant frequency လို့ ခေါ်ပါတယ်။

ဒီ ၁၉ ဟတ်ဇ် အသံလှိုင်းတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံးသားငယ်အိမ်က ကိုယ်တိုင်မသိလိုက်ဘဲ အနည်းငယ် တုန်ခါလာပါတယ်။ ဒီတော့ အမြင်အာရုံတွေ ဝေဝါးလာပြီး မျက်လုံးရဲ့ ဘေးအစွန်း (Peripheral vision) တွေမှာ အရိပ်တွေ လှုပ်ရှားနေသလိုမျိုး အာရုံခြောက်ခြားမှုတွေ စတင်ဖြစ်လာပါတော့တယ်။ ဒါတင် မကသေးဘူး၊ ဒီအသံလှိုင်းတွေက ဦးနှောက်ထဲက အကြောက်တရားကို ထိန်းချုပ်တဲ့ အမ်မီဂဒါလာ (Amygdala) ကိုပါ သွားပြီး လှုံ့ဆော်တဲ့အတွက် ဘာအကြောင်းရင်းမှ မရှိဘဲ ကျောချမ်းတာ၊ ရင်လေးတာနဲ့ ထိတ်လန့်တုန်လှုပ်တာမျိုးတွေကိုပါ ခံစားရစေပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်ဂျင်နီယာ ဗစ် တန်ဒီ (Vic Tandy) က ဒါကို လက်တွေ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူ အလုပ်လုပ်တဲ့ ဓာတ်ခွဲခန်းက သရဲခြောက်တယ်လို့ နာမည်ကြီးနေတာပါ။ တစ်နေ့မှာ သူ စားပွဲပေါ်တင်ထားတဲ့ ဓားရေးပြိုင်တဲ့ ဓား (Fencing foil) လေးက သူ့အလိုလို တုန်ခါနေတာကို တွေ့လိုက်ရပါတယ်။ အဲဒါကို အသေးစိတ် လိုက်စစ်ကြည့်တော့ အသစ်တပ်ထားတဲ့ လေထုတ်ပန်ကာကနေ ၁၈.၉ ဟတ်ဇ် ရှိတဲ့ အသံလှိုင်းတွေ ထွက်နေတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီပန်ကာကို ပိတ်လိုက်ချိန်မှာတော့ သရဲမြင်ရတာတွေ၊ ဓားတုန်တာတွေ လုံးဝ ပျောက်ကွယ်သွားခဲ့တာပဲ။ ဒီအကြောင်းကို အခြေခံပြီး တန်ဒီနဲ့ လောရန့်စ် (Tandy & Lawrence) က “စက်ထဲက သရဲ –  The Ghost in the Machine’ အမည်ရ သုတေသနစာတမ်းတစ်စောင် ရေးသားထုတ်ဝေခဲ့ပါတယ်။

နောက်ထပ် သရဲဖန်တီးရှင်ကတော့ ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide – CO) အဆိပ်သင့်မှု ဖြစ်ပါတယ်။ ဒီဓာတ်ငွေ့ဟာ အရောင်လဲ မရှိ၊ အနံ့လဲ မရှိပါဘူး။ ကာဗွန်မိုနောက်ဆိုဒ်ကို ရှူမိရင် ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဟီမိုဂလိုဘင် (Hemoglobin) နဲ့ ပေါင်းစပ်သွားပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် မရောက်အောင် တားဆီးလိုက်ပါတယ်။ ဒီ့အခါ ဦးနှောက်က အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အာရုံခြောက်ခြားတာ၊ ထူးဆန်းတဲ့ အသံတွေ ကြားရတာ၊ အခန်းထဲမှာ တစ်ယောက်ယောက်က စောင့်ကြည့်နေတာလိုမျိုးတွေ ခံစားရစေပါတယ်။ ၁၉၂၁ ခုနှစ်က အိမ်တစ်အိမ်မှာ မိသားစုလိုက် သရဲခြောက်ခံနေရတာကို ဇာစ်မြစ်လိုက်ကြည့်တော့ အိမ်ရဲ့ မီးဖိုဟောင်းကနေ ကာဘွန်မိုနောက်ဆိုဒ်တွေ ယိုစိမ့်နေတာ တွေ့ခဲ့ရပြီး ပြုပြင်လိုက်ချိန်မှာ သရဲကိစ္စ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို “Haunted House Syndrome” လို့တောင် နာမည်ပေးခဲ့ကြသေးရဲ့။ ဗစ်တိုးရီးယားခေတ်က အိမ်ဟောင်းကြီးတွေမှာ လေဝင်လေထွက် မကောင်းတဲ့ ကျောက်မီးသွေးမီးဖိုတွေနဲ့ ဂတ်စ်မီးအိမ်တွေ သုံးစွဲခဲ့တာကြောင့် အဲခေတ်သားတွေရဲ့ အလွန်အမင်း သရဲခြောက်ခံရခြင်းက ဒီအဆိပ်သင့်မှုနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တာပေါ့။

နောက်ဆုံးတစ်ချက်ကတော့ သရဲခြောက်တဲ့အခါ ရုတ်တရက် အေးစိမ့်သွားတတ်တဲ့ ဖြစ်စဉ်ပါ။ ဒါဟာလဲ ဝိညာဉ်တွေက စွမ်းအင်ကို စုပ်ယူလိုက်လို့၊ သရဲ အနားမှာရှိနေလို့ မဟုတ်ဘဲ ရိုးရှင်းတဲ့ ကွန်ဗက်ရှင် (Convection currents) သဘောတရားကြောင့်သာ ဖြစ်ပါတယ်။ အဆောက်အအုံဟောင်းတွေရဲ့ နံရံတွေ၊ ပြတင်းပေါက်တွေကနေ စိမ့်ဝင်လာတဲ့ လေအေးတွေဟာ အခန်းထဲက လေပူတွေနဲ့ တွေ့တဲ့အခါ လေပူက အပေါ်တက်ပြီး လေအေးက အောက်ကို ဆင်းလာတတ်ပါတယ်။ အဲသလို လေအေးတွေ စီးဆင်းနေတဲ့ နေရာကို ဖြတ်သွားမိရင် ခန္ဓာကိုယ်က ရုတ်တရက် အေးစက်သွားသလို ခံစားရပြီး သရဲဖြတ်သွားတာပဲလို့ စိတ္တဇဆန်ဆန် ကောက်ချက်ချမိတတ်ကြတာပါ။ ဒီတော့ ခြုံငုံကြည့်လိုက်ရင် သရဲခြောက်မှုတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ အသံလှိုင်းအနိမ့်တွေ၊ ဓာတ်ငွေ့ယိုစိမ့်မှုတွေနဲ့ လေထုစီးဆင်းမှုတွေလိုမျိုး သိပ္ပံနည်းကျ အလွယ်တကူ ရှင်းပြလို့ရတဲ့ အချက်အလက်တွေကြောင့်သာ ဖြစ်နေတာကို ကွင်းကွင်းကွက်ကွက်မြင်ရမှာပါ။


လူတွေ ဘာလို့ ဆက်ယုံနေကြသလဲ

သိပ္ပံနည်းကျ အထောက်အထား လုံးဝ မရှိဘဲနဲ့တောင် ဘာလို့ လူဦးရေရဲ့ တစ်ဝက်လောက်က ဒီစိတ္တဇပုံပြင်တွေကို ဆက်ယုံနေကြသလဲဆိုတာကျ စိတ်ပညာပိုင်းက ချဉ်းကပ်ရမဲ့ ပြဿနာဖြစ်လာပါတယ်။ အဓိကတရားခံကတော့ လူ့ဦးနှောက်ဖွဲ့စည်းပုံ (Cognitive Architecture) ပါပဲ။ ရှေ့ပိုင်းမှာ ပြောခဲ့သလို လူ့ဦးနှောက်ဟာ အသက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုတွေကို အမြဲသတိထားဖို့ HADD (Hyperactive Agency Detection Device) ယန္တရားနဲ့ တည်ဆောက်ထားပါတယ်။ တောထဲမှာ သစ်ကိုင်းကျိုးသံကြားရင် လေတိုက်လို့ဖြစ်မယ်ဆိုပြီး အေးဆေးနေတတ်သူဟာ ကျားစားခံရဖို့ သေချာသလောက်ရှိပြီး “ငါ့ကို တစ်ကောင်ကောင် ချောင်းနေပြီ” လို့ အမြဲထိတ်လန့်စိုးရိမ်နေတတ်သူကတော့ အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် သဘာဝတရားက အဖြစ်အပျက်တိုင်းရဲ့ နောက်ကွယ်မှာ ‘တစ်စုံတစ်ယောက်က တမင်လုပ်နေတယ်’ လို့ ယုံကြည်တတ်တဲ့ မှားယွင်းတဲ့ ရှင်သန်ရေးဗီဇကို လူ့ဦးနှောက်ထဲ ထည့်ပေးလိုက်တာပါ။ အဲဒီ HADD နဲ့ အဓိပ္ပါယ်မရှိတဲ့ ကျပန်းအချက်အလက်တွေထဲမှာ အဓိပ္ပါယ်လိုက်ရှာတတ်တဲ့ Apophenia (Patternicity) စိတ်အခြေအနေတို့ ပေါင်းစပ်သွားတဲ့အခါ၊ လေတိုက်လို့ တံခါးပိတ်သွားတာကို ‘သရဲကတံခါးလာပိတ်တယ်’၊ အမှောင်ထဲက အရိပ်ကို ‘လူပုံစံကြီး’ ဆိုပြီး မရှိတာကို ရှိတယ်လို့ ယုံကြည်မှုလွန်ကဲ မြင်ယောင်လာပါတော့တယ်။ ပြီးတော့ အတည်ပြုချက် ဘက်လိုက်မှု (Confirmation bias) ခေါ် ကိုယ်ယုံကြည်ချင်တာကိုပဲ ရွေးချယ်လက်ခံတတ်တဲ့ စိတ်ကြောင့် သာမန်အဖြစ်အပျက် ၉၉ ခုကို မေ့ပစ်လိုက်ပြီး ထူးဆန်းသယောင်ဖြစ်နေတဲ့ အဖြစ်အပျက် ၁ ခုကိုပဲ ဆွဲထုတ်လိုက်ပြီး ‘ဒါ သရဲကြောင့်လေ’ ဆိုပြီး အခိုင်အမာ ဇာတ်လမ်းဆင်တော့တာပါ။

ဒုတိယအချက်ကတော့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် (Emotional Need) နဲ့ သေဆုံးခြင်းကို ကြောက်ရွံ့မှုပါ။ စိတ်ပညာမှာ Terror Management Theory လို့ခေါ်တဲ့ သီအိုရီတစ်ခု ရှိပါတယ်။ လူတွေက တစ်နေ့ကျရင် ငါတို့အားလုံး သေရမယ်၊ ဘာမှဆက်မရှိတော့ဘဲ ပျောက်ကွယ်သွားရမယ်ဆိုတဲ့ အသိတရား (Existential dread) ကို ကြောက်ကြပါတယ်။ ဒီကြောက်ရွံ့မှုကို ဖြေဖျောက်ဖို့ “သေခြင်းတရားဟာ အဆုံးသတ်မဟုတ်ဘူး၊ ဝိညာဉ်အနေနဲ့ ဆက်ရှိနေဦးမယ်” ဆိုတဲ့ စိတ်ကူးယဉ်မှုက ဖြေတွေးရာရောက်ပြီး သက်သာရာရစေပါတယ်။ ကိုယ် နှစ်နှစ်ကာကာ ချစ်ရသူတွေ သေဆုံးသွားတဲ့အခါ သူတို့တွေ လုံးဝအဆုံးသတ်သွားပြီ၊ ပြာဖြစ်သွားပြီ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးဆိုတဲ့ အမှန်တရားကို လက်မခံရဲကြပါဘူး။ ဒါကြောင့် ဝိညာဉ်တွေ ဆက်ရှိနေတယ်၊ ငါတို့ကို စောင့်ရှောက်နေတယ်၊ တစ်နေ့ ပြန်ဆုံတွေ့ရအုံးမယ်ဆိုတဲ့ ယုံကြည်မှုကို မသိစိတ်ကနေ အတင်းအကျပ် ဆုပ်ကိုင်ထားကြတာဟာ သရဲယုံကြည်မှုတွေကို အားအကောင်းဆုံး မောင်းနှင်နေတဲ့ လောင်စာဆီပဲ ဖြစ်ပါတယ်။ သရဲကိုကြောက်တယ်ဆိုတာထက် သေပြီးရင် ဘာမှမရှိတော့ဘူးဆိုတာကို ပိုကြောက်ကြလို့ သရဲကို ဖန်တီးယုံကြည်နေကြတာပါ။

တတိယအချက်က ယဉ်ကျေးမှုအရ ပုံသွင်းခံရခြင်း (Cultural Reinforcement) နဲ့ ယုံလွယ်မှု (Suggestibility) ပါ။ လူအများစုက သရဲရှိတယ်လို့ ယုံကြည်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့အခါ နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ အတွေ့အကြုံတစ်ခု ကြုံရတာနဲ့ ‘ဒါသရဲပဲ’ လို့ အလိုလို တံဆိပ်ကပ်ပေးဖို့ အသင့်စောင့်နေပါတယ်။ စိတ်ပညာရှင်တွေက “ဒီအခန်းက သရဲခြောက်တယ်လို့ နာမည်ကြီးတယ်” လို့ ကြိုပြောထားတဲ့ လူအုပ်စုနဲ့၊ ဘာမှမပြောထားတဲ့ လူအုပ်စုကို သာမန်အခန်းတစ်ခုထဲ ထည့်စမ်းသပ်တဲ့အခါ ကြိုပြောခံထားရတဲ့ အုပ်စုက အပူချိန် အပြောင်းအလဲ ဖြစ်တာ၊ သစ်သားကြမ်းပြင် အသံမြည်တာလေးကအစ ‘သရဲခြောက်တာ’ ဆိုပြီး တုံ့ပြန်ကြပါတယ်။ ဒါဟာ ကိုယ်ယုံကြည်ထားတဲ့ မျှော်လင့်ချက်အတိုင်း ဦးနှောက်က လိုက်လံပုံဖော်ပေးတဲ့ (Top-down processing) သဘောတရားပါပဲ။ ယဉ်ကျေးမှုက ပုံပြင်တွေကို ဖန်တီးတယ်၊ အဲပုံပြင်တွေက လူတွေရဲ့ မျှော်လင့်ချက်ကို ပုံသွင်းတယ်၊ မျှော်လင့်ချက်ကမှ တစ်ဆင့် အဲဒီအတိုင်း တကယ်မြင်ရတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတာပေါ့။

နောက်ဆုံး အဆိုးရွားဆုံးနဲ့ အလိမ်ညာအကြီးဆုံး အချက်ကတော့ မီဒီယာတွေရဲ့ ဖြားယောင်းမှုပါပဲ။ တီဗီတွေ၊ YouTube တွေပေါ်မှာ “Ghost Hunters” ဆိုပြီး ညဘက်ကြီး အိမ်ပျက်တွေထဲသွား၊ သိပ္ပံနည်းကျသယောင်ယောင် ကိရိယာတွေဖြစ်တဲ့ EMF Meter တွေ၊ Thermal Camera တွေ၊ အသံဖမ်းစက်တွေ ကိုင်ပြီး လျှောက်လုပ်ပြနေတာတွေဟာ သရဲယုံကြည်မှုကို ပိုမိုခိုင်မာစေတဲ့ အဆိပ်အတောက်တွေပါ။ တကယ်တော့ ဒါဟာ “Techno-mysticism” လို့ခေါ်တဲ့ သိပ္ပံကိရိယာတွေကိုသုံးပြီး အယူသည်းမှုကို အသက်သွင်းနေတဲ့ လုပ်ရပ်သက်သက်ပါ။ သူတို့ကိုင်ထားတဲ့ EMF (Electromagnetic fields) မီတာဆိုတာ သရဲကို တိုင်းတာမဟုတ်ဘဲ အဆောက်အဦဟောင်းတွေရဲ့ ကြွက်ကိုက်ထားတဲ့ လျှပ်စစ်ဝါယာကြိုးတွေ၊ အနီးအနားက ဆဲလ်ဖုန်းတာဝါတိုင်တွေ၊ ရေဒီယိုလှိုင်းတွေကြောင့် လျှပ်စစ်သံလိုက်စက်ကွင်း ပြောင်းလဲသွားတာကို တိုင်းပြနေတာပါ။ Thermal Camera တွေမှာ အနီရောင်၊ အပြာရောင်တွေ ပေါ်လာတာဟာလဲ သရဲကြောင့် မဟုတ်ဘဲ လေဝင်လေထွက်ပြွန်တွေ၊ နံရံအက်ကွဲကြောင်းတွေကနေ ဝင်လာတဲ့ လေအေး/လေပူ ဖြတ်သန်းမှုတွေနဲ့၊ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အပူချိန်တွေ ရောင်ပြန်ဟပ်နေတာ သက်သက်ပါ။ EVP (Electronic Voice Phenomena) လို့ခေါ်တဲ့ အသံဖမ်းစက်တွေကရတဲ့ ‘သရဲအသံ’ ဆိုရင် ပိုဆိုးပါသေးတယ်။ ပတ်ဝန်းကျင်က နောက်ခံဆူညံသံ (White noise) တွေ၊ ရေဒီယိုလှိုင်း ဖြတ်ဝင်တာတွေကို ဖမ်းယူပြီး၊ စောစောကပြောခဲ့တဲ့ Audio Pareidolia (အသံပိုင်းဆိုင်ရာ အဓိပ္ပါယ်လိုက်ရှာခြင်း) သဘောတရားအရ ကိုယ်ကြားချင်တဲ့ စကားလုံးအဖြစ် ဦးနှောက်က ပုံဖော်ပေးနေတာပါ။ သူတို့ပြထားတဲ့ စာတန်းထိုး (Subtitles) တွေကို ဖျောက်ပြီး နားထောင်ကြည့်ရင် အဲအသံတွေဟာ ဘာအဓိပ္ပါယ်မှန်း သိမှာတောင် မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကမ္ဘာပေါ်မှာ ‘သရဲရှာနိုင်တဲ့ ကိရိယာ’ ဆိုတာ လုံးဝ မရှိပါ၊ ရှာပြနေသူတွေကလဲ သူတို့ရဲ့ View တွေ၊ Rating တွေအတွက် လူတွေရဲ့ အကြောက်တရားနဲ့ အသိပညာနည်းပါးမှုကို အသုံးချပြီး ငွေရှာနေကြတာသာ ဖြစ်ပါတယ်။


သိပ္ပံပညာရဲ့ အဆုံးအဖြတ်

နှစ်ပေါင်း ၁၄၀ ကျော် စနစ်တကျ လေ့လာစမ်းသပ်ပြီးတဲ့နောက်မှာ သိပ္ပံပညာက ပြတ်ပြတ်သားသား ကောက်ချက်ချထားတာကတော့ “လူ့ဦးနှောက်ရဲ့ ပြင်ပမှာ သရဲဆိုတာ လုံးဝ (လုံးဝ) မရှိဘူး” ဆိုတာပါပဲ။ သိပ္ပံပညာမှာ ကွက်လပ်တွေ ရှိနေသေးလို့ မသိတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါ စမ်းသပ်လေ့လာပေမဲ့ ဘာမှရှာမတွေ့တာဟာ “ဘာမှမရှိလို့” ပါ။ ဘီလူးစီးခြင်းက အနားမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ခံစားရစေတယ်၊ အသံလှိုင်းအနိမ့်တွေက ထိတ်လန့်မှုနဲ့ အမြင်အာရုံဝေဝါးမှုကို ဖြစ်စေတယ်၊ ကာဘွန်မိုနောက်ဆိုဒ်က ထင်ယောင်ထင်မှားဖြစ်စေတယ်၊ ပါရေဒိုလီယာ (Pareidolia) က အရိပ်တွေကို လူပုံစံဖြစ်အောင် ဖန်တီးပေးတယ်၊ ဝမ်းနည်းပူဆွေးမှုက သေဆုံးသူတွေကို ပြန်မြင်ယောင်စေတယ်။ ယုံကြည်မှုလွန်ကဲနေတဲ့ အခြေအနေတွေက တခြားသူတွေရဲ့ ပုံပြင်တွေကို လက်ခံသွားစေပါတယ်။

အနှစ်ချုပ်ရရင် ဦးနှောက်ကိုယ်တိုင်ကကို အင်မတန် အစွမ်းထက်တဲ့ သရဲထုတ်လုပ်ရေး စက်ရုံကြီးတစ်ခု ဖြစ်နေလို့ သရဲကို ယုံကြည်နေကြတာပါ။ ဒီအတွေ့အကြုံတွေကို ခံစားခဲ့ရသူတွေကို လှောင်ပြောင်တာ၊ နှိမ့်ချလိုတာမျိုး မဟုတ်ပါဘူး။ ခံစားချက်တွေက အစစ်အမှန်ဖြစ်နေတဲ့တိုင် သဘာဝလွန် သရဲတစ္ဆေဆိုတဲ့ အဓိပ္ပါယ်ကောက်ယူမှုတွေက လုံးဝ လမ်းလွဲနေတာပါ။ သိပ္ပံပညာမှာ ဒီဖြစ်စဉ်တွေကို စနစ်တကျရှင်းပြနိုင်တဲ့ သုတေသနတွေ၊ လေ့လာချက်တွေ ပုံအောတည်ရှိနေပြီး ဖြစ်လို့ ယုံကြည်လက်ခံသူတွေကသာ ဒါတွေက အလွဲအမှားလို့ ယူဆရင် ပြန်တိုက်ဖျက်ချေပနိုင်မဲ့ အထောက်အထားတွေ စုဆောင်းပြီး ‘သရဲရှိပါတယ်’ ဆိုတဲ့ အဆိုကို သက်သေပြနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အဆုံးမှာ သိပ္ပံဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ထက် ဘယ်အရာက သက်သေပြနိုင်ပြီး ဘယ်အရာကတော့ သက်သေမပြနိုင်ဘူးလဲဆိုတဲ့ ယုတ္တိသဘောပေါ်ပဲ အခြေခံတာ ဖြစ်လို့ပါ။

Htoo Tay Za

Htoo Tay Za is the Co-Founder of Fact Hub Myanmar. Currently serving as the platform's Head of Publishing and Research and Development Officer, he oversees its technical operations and editorial frameworks. He initially contributed to the digital newsroom as a regular author dedicated to science communication and pseudoscience checking, but has since shifted his focus toward backend infrastructure. His technical background also extends to scientific computing and experimental physics, including experience developing simulations for practical applications. Alongside managing digital operations and coordinating grant-funded science education workshops, he maintains a broad interest in exploring the intersections of artificial intelligence, history, and physics.

Article Credits

Written by Htoo Tay Za
Managing Editor Min Z

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.