လူအများစု ဒီစကားလုံးနဲ့ မစိမ်းကြဘူး ထင်ပါရဲ့။ ကိုယ်တိုင်က အိမ်ပြေးကလေး ဖြစ်ဖူးရင် ဖြစ်၊ မဟုတ်ရင် အခြားအိမ်ပြေးကလေးတွေအကြောင်း တစ်နည်းတစ်ဖုံ တစ်မျိုးတစ်ကဏ္ဍ ကြားဖူးကြမှာပါ။ အိမ်ကနေ ဘာကြောင့် ပြေးကြသလဲ။ အိမ်မှာ နေရတာ မပျော်လို့ စိတ်ကျဉ်းကျပ်လို့၊ မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေလို့၊ အသစ်အဆန်းရှာချင်လို့၊ လောကကြီးထဲ ဒါမှမဟုတ် ဘဝထဲကို တစ်ယောက်တည်း ကိုယ့်ဘာသာခြေဆန့်ရှင်သန်ချင်လို့ စတဲ့ အကြောင်းအချက်တွေအပြင် အကြောင်းအရင်းများစွာထဲက တစ်ခုမဟုတ် တစ်ခုကြောင့် အိမ်ပြေး ဆိုတဲ့ စကားနဲ့ ရင်းနှီးနေမိ၊ ကြားဖူးနေမိ၊ အိမ်ပြေးကလေးတွေကို တွေ့ဖူး၊ မြင်ဖူးမိတာတွေ ရှိပါမယ်။
ဂန္ထဝင် (၃) မှာ တင်ပြခဲ့တဲ့ မာဂရက်ဝှိုက်စ်ဘရောင်းန် က ၁၉၄၂ ခုနှစ်မှာ ဒီလို အိမ်ပြေးလေးတစ်ယောက်အကြောင်း ရုပ်ပြဇာတ်လမ်းတစ်ပုဒ် ရေးသားခဲ့ဖူးပြီး သရုပ်ဖော်ပုံတွေကိုတော့ စလီမန့်ဟာ့ဒ်က ဖန်တီးပေးခဲ့ပါတယ်။ ဇာတ်ဆောင် ဘန်နီ (ယုန်ကလေး) က သူ့မေမေကို ကျွန်တော် ထွက်ပြေးတော့မယ် လို့ ပြောတော့ မေမေက မင်း အိမ်က ထွက်ပြေးရင် ငါ မင်းရဲ့ နောက်က ပြေးလိုက်မှာပေါ့ လို့ ပြောခဲ့တယ်။ ဘန်နီ လေးက ငါးပုံစံ ပြောင်းသွားရင် မေမေက ငါးဖမ်းသမား ဖြစ်သွားတယ်။ ဘန်နီ လေးက တောင်တန်းပေါ်က ကျောက်တုံးပုံစံပြောင်းသွားရင် မေမေက တောင်တက်သမား ဖြစ်သွားတယ်။ ဘန်နီ လေးက ဥယျာဉ်ထဲက ကုံကုမံပန်းပုံစံ ပြောင်းသွားရင် မေမေက ဥယျာဉ်မှူး ဖြစ်သွားတယ်။ ဘန်နီ လေးက ငှက်ပုံစံ ပြောင်းသွားရင် မေမေက သစ်ပင်တစ်ပင် ဖြစ်သွားတယ်။ ဘန်နီ လေးက ဆက်ကပ်ကျွမ်းဘားသမားပုံစံ ပြောင်းသွားရင် မေမေက ကောင်းကင်ဘားတန်းလျှောက်သူ ဖြစ်သွားတယ်။ အဆုံးမှာတော့ ဘန်နီ လေးက သူ့မူရင်းပုံစံ ယုန်ကလေး အဖြစ်ပဲ ပြောင်းသွားပြီး မေမေနဲ့အတူ နေပြီး မေမေ့ဘန်နီလေးအဖြစ် ရှိနေပါမယ်လို့ သဘောတူလိုက်တော့မှ ရင် မေမေက မေမေဘန်နီကြီး ပြန်ဖြစ်သွားခဲ့တယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။
ရိုးရှင်းတဲ့ ဒီဇာတ်လမ်းဟာ ဘရောင်းန် ရဲ့ ဂန္ထဝင်မြောက်လက်ရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ အိမ်ပြေးကလေးဘန်နီ (The Runaway Bunny) စာအုပ်ထဲမှာ ဘန်နီ က အိမ်ပြေးကလေး၊ မေမေက အိမ်ပြေးကလေးကို လိုက်ခေါ်ရသူပေါ့။ အိမ်ပြေးကလေးက အတွေ့အကြုံတွေ အများကြီးကို ပုံစံမျိုးစုံနဲ့ ကြုံဆုံခဲ့ရပြီး အိမ် ဆိုတဲ့ နေရာကိုပဲ အဆုံးမှာ သူ ပြန်ရောက်လာရပါတယ်။ တကယ်တော့ ဒါက ဘန်နီ လေးနဲ့ သူ့မေမေကြားက စိတ်ကူးယဉ်ကစားနည်းလေးတစ်ခုပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းက စီစဉ်တင်ပြပုံနောက်ကို ထပ်ဆင့်ဖတ်ပြီး တွေးကြည့်တဲ့အခါ မိဘနဲ့ သားသမီးကြားက ဆက်သွယ်မှုပုံစံနဲ့ အတွေးဖန်တီးခွင့်လွတ်လပ်စေခြင်း ကို ချင့်ဆတွေ့ရှိရပါတယ်။
ဘန်နီ လေးက သူ အိမ်က ထွက်ပြေးမဲ့အကြောင်း ပြောတဲ့အခါ မေမေ ဖြစ်သူက မပြေးနဲ့၊ အိမ်မှာပဲ နေရမယ် လို့ တားဆီးပိတ်ပင်တာမျိုး မရှိခဲ့ပါဘူး။ သားသမီးတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားတဲ့အခါ မိဘတွေ စိတ်ပူပန်ရ၊ ရတက်မအေးဖြစ်ရ၊ လိုက်ရှာရနဲ့ အကယ်၍ မတွေ့ခဲ့ရင်လဲ ယူကျုံးမရနဲ့ သောကမီးဟုန်းဟုန်းဆောက်ရမဲ့ အရေးကို မိဘတွေ လိုလားဆန္ဒရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘန်နီ လေးနဲ့ သူ့မေမေ ရဲ့ ပြောစကားနေတစ်ဆင့် ဘရောင်းန်က ဆက်သွယ်မှုပုံစံတစ်ခုကို တင်ဆက်ပြခဲ့ပါတယ်။ ဘန်နီ လေးရေ . . . မင်း ကြိုက်သလောက် စိတ်ကူးပုံဖော်ပြီး ပြေးလိုက်စမ်းပါ။ မေမေ ခွင့်ပြုပါတယ်။ ဘန်နီ လေးရဲ့ ဆန္ဒရှိသမျှ မေမေက လွတ်လပ်ခွင့်ပေးပြီး အဆက်အသွယ်မပြတ် လိုက်ပါရှိနေပေးပါမယ်။ ဒီလို ပြောပြနေသလို ပုံစံမျိုးနဲ့ ငယ်ရွယ်စဉ်ကာလမှာ ကလေးတွေရဲ့ စိတ်ကူးဖန်တီးမှုကို လွတ်လပ်နိုင်သမျှ လွတ်လပ်ခွင့်ပေးထားဖို့ လိုကြောင်း တင်ပြချက်ကနေတစ်ဆင့် ကလေးတွေရဲ့ စိတ်ကူးပုံဖော်မှုနဲ့ ဉာဏ်ကွန့်မြူးမှု၊ စူးစမ်းလေ့လာမှုနဲ့ သိလိုစိတ်ကို ကန့်သတ်ပိတ်ပင်ထားတာမျိုးတွေ ရှိလာတဲ့အခါ ကလေးတွေဟာ ဘောင်သတ်မှတ်ချက်တွေအတွင်းမှာပဲ ကိုယ့်စိတ်ကူးတွေကို ပုံစံချကန့်သတ်လိုက်ပြီး ကျယ်ပြန့်ခြင်း၊ စစ်မှန်ခြင်း၊ စိတ်ကူးကွန့်မြူးနိုင်ခြင်းတွေ တဖြည်းဖြည်း အရောင်မှိန်လာတတ်ကြောင်းကို ဆက်စပ်မြင်လာစေပါတယ်။
ကိုယ့်ဘဝ ကိုယ့်စိတ်ကူး ကိုယ့်လမ်းကို မိဘတွေက ဦးဆောင်မပေးဘဲ ကလေး/ သားသမီးကိုယ်တိုင် ဦးဆောင်ခွင့်ပြု၊ ကန့်သတ်ချက်မရှိ အပြည့်အဝ လမ်းဖွင့်ပေးလိုက်တဲ့နောက်မှာ မိဘတွေအနေနဲ့ ဒီလမ်းကို စိတ်ကူးဖန်တီးပြီး လျှောက်နေတဲ့ ကလေးတွေအတွက် လိုအပ်လာချိန်တိုင်းမှာ ရှိနေပေးချင်တတ်တဲ့ အလေ့အထကိုလဲ သား ဘယ်သွားသွား မေမေ အဲဒီနေရာကို အရောက်ရှိနေမှာပေါ့ ဆိုတဲ့ စကားက ပြသနေတာပေါ့။ ဒါပေမဲ့ ကလေးတွေရဲ့ ဘယ်အချိန် ဘယ်အနေအထား ဘယ်ခရီး ဘယ်လမ်း ဘယ်တာအထိ မိဘတွေအနေနဲ့ ရှိနေပေးကြမလဲ၊ ရှိနေပေးနိုင်မလဲ၊ ရှိနေပေးသင့်ပါသလဲ။ ဘန်နီ လေးရဲ့ မေမေက လက်တွေ့အရှိတရားနဲ့ ကစားခဲ့သူတစ်ဦးပါ။ အိမ်ပြေး လုပ်မဲ့ ဘန်နီက မိဘရဲ့ အရိပ်အောက်နေ ထွက်ခွါတော့မဲ့ အရွယ်ရောက်သူတွေရဲ့ ပုံရိပ်လို ဖြစ်နေပြီး ဘန်နီ လေးရဲ့ မေမေက သားသမီးတွေ လျှောက်နေတဲ့ လမ်းမှာ ကမ်းလက်တစ်ခုအဖြစ် အမြဲ ရှိနေပးချင်တဲ့ ဆန္ဒကို ညွှန်ပြနေပါတယ်။ အိမ်ပြေးလေး ဘန်နီက အိမ်ပြန်လာခဲ့ပေမဲ့ အိမ်ပြေးတိုင်းကတော့ အိမ်ကို ပြန်ရောက်မလာနိုင်ခဲ့ကြောင်းကို သတိချပ်ကြဖို့ လိုပါတယ်။ အတူရှိနေခြင်း၊ ပြန်ဆုံခြင်းတွေရဲ့ တစ်ဖက်မှာ အပြီးတိုင် လက်လွှတ်ရခြင်း၊ ခွဲခွါရခြင်းတွေ ရှိနေတာပါ။ လူတစ်ယောက် လိုအပ်နေချိန်တိုင်းမှာ၊ လူတစ်ယောက် သွားနေရာ လမ်းတစ်လျှောက်မှာ အမြဲအတူ ရှိနေမပေးနိုင်တာမို့ ဘန်နီ လေးရဲ့ မေမေက သား ဘယ်သွားသွား မေမေ အဲဒီနေရာကို အရောက်ရှိနေမှာပေါ့ ဆိုတဲ့ စကားက လူကိုယ်တိုင် ရှိနေပေးနိုင်ခြင်းအပြင် စိတ်အထောက်အပံ့နဲ့ နွေးထွေးမှုကိုပါ ရည်ညွှန်းနေကြောင်း ထပ်ဆင့်တွေးဆစရာ ဖြစ်လာပါတယ်။
ဒီလို တွေးစရာတွေ ပေးခဲ့တဲ့ ဘရောင်းန် ဟာ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) နဲ့ ကောင်းသော ညပါ လမင်းကြီးရေ (Goodnight Moon) ရဲ့ ပိုင်ဆိုင်ခွင့်အားလုံးကို သူ (မ) ကွယ်လွန်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ်မှာပဲ အိမ်နီးချင်းတစ်ဦးရဲ့ သားဖြစ်သူ အဲလ်ဘတ်အဒ်ဝက်ဒ်ကလက်ခ်ကို လွှဲပြောင်းပေးထားခဲ့ပါတယ်။ ဘရောင်းန် ကွယ်လွန်ချိန်မှာ အဲလ်ဘတ် က အသက် ၉ နှစ်အရွယ်ပဲ ရှိသေးတာပါ။ မ်ိဘနဲ့ သားသမီးကြားက ဆက်သွယ်မှုပုံစံနဲ့ အကြောင်းအရာတွေကို တွေးချင့်စရာ တင်ပြထားတဲ့ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) ဟာ အတွေးတွေရဲ့ အမှောင်ခြမ်းဘက် ဒီအချိန်မှာ စတင်ဖြစ်ပေါ်လာခဲ့တယ် လို့ ဆိုရပါမယ်။ ၂၀၀၀ ခုနှစ်မှာ ဖော်ပြခဲ့တဲ့ ဝေါလ်စထရိဂျာနယ် (Wall Street Journal) ရဲ့ အင်တာဗျူးဆောင်းပါးအရ ဆက်ခံပိုင်ခွင့်ရရှိခဲ့တဲ့ အဲလ်ဘတ်ရဲ့ ဘဝက ငွေကြေးအလှည့်အပြောင်းတွေ ရှိခဲ့ပြီး ဘဝမှာ ဘယ်အရာကမှ ရိုးရှင်းမနေခဲ့ဘူး ဆိုတဲ့ အချက်ကို ပြသခဲ့ပါတယ်။ ယုံကြည်စရာတွေ ဖြစ်စေခဲ့တဲ့ ဘန်နီလေးတွေရဲ့ ကမ္ဘာကြီးမှာတောင်မှပေါ့။ အဲလ်ဘတ်အတွက်တော့ ဘရောင်းန်ရဲ့ စာအုပ်တွေက မပြေလည်စရာ မကျေချမ်းစရာတွေရဲ့ အရင်းအမြစ်တွေ ဖြစ်လာခဲ့တယ်။ ဘန်နီ လေးက သူ့မေမေဆီကနေ ပြေးထွက်မသွားနိုင်သလို အဲလ်ဘတ်လဲ မာဂရက်ရဲ့ ဖြစ်တည်မှုက သူ့ဘဝတစ်လျှောက် အရိပ်လို လိုက်ပါနေခဲ့မှာပါပဲ။ ဘယ်အချိန် ရှိနေပေးမလဲ၊ ရှိနေနိုင်မလဲ၊ ရှိနေသင့်သလဲ ဆိုတဲ့ မေးခွန်းအတွက် တွေးဆကြည့်စရာပေါ့။
ဒါကြောင့် ဘရောင်းန်ရဲ့ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) ဟာ အတွေးတွေရဲ့ အလင်းခြမ်းနဲ့ အမှောင်ခြမ်းကို နှစ်မျိုးတွဲ ဆက်စပ်တင်ပြခဲ့တဲ့ ရုပ်ပြဇာတ်လမ်းတစ်ပုဒ်ပဲ လို့ အချို့က ဆိုကြတာ ဖြစ်ပါတယ်။
ဒီဂန္ထဝင်မြောက်လက်ရာ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) ကို အမေရိကန်တေးရေးဆရာ ဂလမ်ရိုဗန်က ကွန်ဆာတိုဂီတတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ပြီး Cheers အမည်ရ တီဗီရှိုးရဲ့ အမှတ် ၁၀၊ အပိုင်း ၁၂ နဲ့ ပူလစ်ဇာဆုရ ပြဇာတ်တွေဖြစ်တဲ့ ဝှတ် (Wit) နဲ့ ရက်ဘစ်ဟိုးလ် (Rabbit Hole) တို့အပြင် ဝှတ် (Wit) ရုပ်ရှင်မှာပါ ရည်ညွှန်းကိုးကားခဲ့ပါတယ်။ ဒါ့အပြင် Korean Drama ဖြစ်တဲ့ အမေ (Mother) ဆိုတဲ့ဇာတ်လမ်းတွဲမှာလဲ ကိုးကားခဲ့ပါတယ်။ ဒီစာအုပ်ရဲ့ ဂီတပြောင်းလဲဖန်တီးမှုကို ပေါလ်လူးဝစစ်နဲ့ ဂက်ဘရီရယ်ကာဘဂျာလ်တို့က ဖန်တီးခဲ့ပြီး ဘော်စတွန်ကလေးပြဇာတ်ရုံမှာ ၂၀၁၉ ဖေဖော်ဝါရီမှာ ပရီမီယာပြသခဲ့ပါတယ်။ ၂၀၂၁ မတ်လ ၂၅ မှာတော့ ထရေ့စ်အဲလစ်ရော့စ်က ဇာတ်ကြောင်းပြောပြထားတဲ့ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) အထူးပြသမှုကို အိပ်ချ်ဘီအိုမက်စ် (HBO Max) မှာ ထုတ်လွှင့်ခဲ့ပါသေးတယ်။
ဘရောင်းန် က အစောပိုင်းကလေးစာပေအတွက် Dr. Seuss လိုပဲ ဂန္ထဝင်မြောက်လက်ရာတွေကို ဖန်တီးပေးခဲ့တာဟာ ယနေ့ထက်တိုင်ထိ ထုတ်ဝေနေရဆဲ ဖြစ်သလို ကလေးတွေအတွက် ကောင်းမွန်တဲ့ အဖော်တစ်ယောက် ဖြစ်ပေးနေဆဲပါပဲ။ အိမ်ပြေးလေး ဘန်နီ (The Runaway Bunny) ဟာ ဘန်နီ လေးရဲ့ စိတ်ကူးယဉ်စွန့်စားခန်းနဲ့ သူ့မေမေရဲ့ လိုက်ပါခြင်းအကြောင်း ဖတ်ရမှာဖြစ်သလို ဖတ်ပြသူ မိဘ/ လူကြီးတွေအနေနဲ့လဲ မိဘနဲ့ သားသမီးကြားက ချိတ်ဆက်ကြိုးလေးတစ်ချောင်းအကြောင်း သတိပြုမိလာလိမ့်မယ်လို့ တွေးမြင်မိပါတော့တယ်။ ။
“တစ်ခါတုန်းက အိမ်ကနေ ထွက်ပေးချင်တဲ့ ဘန်နီ လေးတစ်ကောင် ရှိသတဲ့။ ဒီတော့ သူ့မေမေကို ‘သား အိမ်က ထွက်ပြေးတော့မယ်’ လို့ ပြောတာပေါ့။
‘သား အိမ်ပြေးရင်’ လို့ သူ့မေမေက ပြောတယ် ‘သားနောက်ကနေ မေမေ ပြေးလိုက်လာမှာပေါ့။ သားက မေမေ့ဘန်နီလေးမို့လို့လေ’ တဲ့”
— မာဂရက်ဝှိုက်စ်ဘရောင်းန်