ရုပ်ရှင်တွေထဲ၊ နာမည်ကြီး စကူဘီဒူးတို့လို ကာတွန်းဇာတ်ကားတွေထဲမှာ ပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေအလောင်းကောင်ကြီးတွေကို သေချာပေါက် မြင်ဖူးကြပါလိမ့်မယ်။ ဒီပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေကောင်တွေကို မံမီလို့ ခေါ်တာကိုလဲ သတိထားမိကြမှာပါ။ အများအားဖြင့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မံမီတွေကို ရုပ်ရှင်တွေထဲမှာ မြaင်ရလေ့ရှိတဲ့ ပိရမစ်တွေ၊ သဲကန္တာရတွေနဲ့ ယှဉ်တွဲပြီး ပုံဖော်လေ့ရှိကြပါတယ်။ အဲဒီလို လူအတော်များများ ရင်းရင်းနှီးနှီး မြင်ဖူးနေကျ မံမီတွေက အီဂျစ်မံမီတွေ ဖြစ်ပြီး အဲဒီအီဂျစ်မံမီတွေဟာ ကမ္ဘာပေါ်က မံမီအရေအတွက်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။
‘မံမီ’ ကို ရိုးရိုးရှင်းရှင်းပြောရရင် သေပြီးချိန်မှာ တာရှည်ခံအောင် အထူးစီမံထားတဲ့ ဆေးရည်နဲ့ စိမ်ထားတဲ့ ပိတ်စ၊ ဒါမှမဟုတ် ပတ်တီးနဲ့ ခန္ဓာကိုယ်ကို ပတ်ခံထားရတဲ့ ရုပ်၀တ္ထုတစ်ခုပါ။ အစားအသောက်တွေ၊ သစ်သီးတွေကို တာရှည်ခံအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဖူးလိမ့်မယ်။ ဒီ Mummification (မံမီပြုလုပ်ခြင်း) ကလဲ တာရှည်ခံအောင် လုပ်ရတာချင်း တူပေမဲ့ လူ့ခန္ဓာကိုယ်ကို ပြုလုပ်ရတာမို့ သစ်သီး၀လံတွေ၊ ဟင်းသီးဟင်းရွက်တွေလိုတော့ ရေခဲသေတ္တာထဲ ထည့်ရုံနဲ့ ရမှာမဟုတ်သလို ထင်သလောက်လဲ မလွယ်ကူလှပါဘူး။
Mummification (မံမီပြုလုပ်ခြင်း) ကို အီဂျစ်လူ့အဖွဲ့အစည်းအပါအ၀င် အခြားရှေးဟောင်းလူ့အဖွဲ့အစည်းတွေမှာပါ တွေ့ရပါတယ်။ ဒါက မလွယ်ကူဘူး ဆိုတာကိုလဲ အထက်မှာ ပြောပြခဲ့ပြီးပါပြီ။ ဒါဆို ဒီလိုခက်ခဲတဲ့ လုပ်ငန်းစဉ်ကို ရှေးခေတ်က လူတွေ ဘယ်လိုများ ပြုလုပ်ကြသလဲ . . . ။ နည်းပညာ မထွန်းကားသေးတဲ့ ရာစုနှစ်တွေမှာ ဒါကို လုပ်ဖို့ဆိုတာ တကယ် ခက်ခဲမှာပါ။ ဒီလို ခက်ခဲပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မံမီပြုလုပ်ခြင်း လုပ်ငန်းစဉ်တွေကို Fact Hub နဲ့အတူ လေ့လာဖို့အတွက် သမိုင်းနာရီ လက်တံလေးတွေကို ခဏလောက် နောက်ပြန်လှည့်လိုက်ကြရအောင် . . . ။
မံမီဆိုတာ အထူးစီမံထားတဲ့ သစ်စေး၊ ဒါမှမဟုတ် အရည်စိမ်ထားတဲ့ ပတ်တီးနဲ့ ပတ်ထားတဲ့ လူ၊ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ် (အောက်စ်ဖို့စ် အဘိဓာန်ရဲ့ ဖော်ပြချက်အရ) ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပြီးပါပြီ။ ဒါကလဲ မံမီအမျိုးအစားတွေထဲက တစ်ခုပါပဲ။ မံမီတွေကို သေချာ အမျိုးအစား ခွဲမယ်ဆိုရင် –
၁။ ပတ်၀န်းကျင်ကြောင့် သဘာ၀အတိုင်း ဖြစ်လာတဲ့ သဘာ၀မံမီ
၂။ ရိုးရာဓလေ့တွေအရ လူတွေက ပြုလုပ်ထားတဲ့ လူလုပ်မံမီ
ဆိုပြီး နှစ်မျိုး ခွဲလို့ ရနိုင်ပါတယ်။
သဘာ၀မံမီတွေ ဘယ်လိုဖြစ်ပေါ်လာလဲ . . . ?
သဘာ၀မံမီတွေ ဖြစ်ပေါ်လာပုံကို လေ့လာဖို့အတွက် လူတွေရဲ့ သေဆုံးပြီးချိန်မှာ ဖြစ်တဲ့ ကမ္မရုပ်ဖြစ်ပျက်ခြင်းကို အရင် နားလည်ထားဖို့ လိုပါမယ်။
ပုံမှန်မှာတော့ လူတွေ သေရင် decomposition (ပုပ်သိုးဆွေးမြည့်ခြင်း) ဖြစ်စဉ် စတင်ဖြစ်ပွားပြီး အချိန်အတိုင်းအတာတစ်ခုကြာရင် အရိုးပဲ ကျန်ခဲ့ပါတော့တယ်။ ဒီဖြစ်စဉ်ဟာ ပတ်၀န်းကျင်အပေါ်မှာလဲ အများကြီး မှီခိုနေပါတယ်။ ပုံမှန် ပတ်၀န်းကျင်အခြေအနေတစ်ခုမှာ ပုပ်သိုးခြင်းရဲ့ ပထမအဆင့်က ရုပ်၀တ္ထု သေဆုံးပြီး နာရီအနည်းငယ်အကြာမှာ စတင်ပြီး ဒါကို Autolysis လို့ ခေါ်တာပါ။ ဆဲလ်တွေကို ချေဖျက်နိုင်တဲ့ အန်ဇိုင်းတွေ ပါ၀င်တဲ့ ခန္ဓာကိုယ်အတွင်းက အင်္ဂါတွေ (ဥပမာ – အူ) ဟာ သူတို့ဘာသာ ချေဖျက်ပါတယ်။ သေပြီး သုံးရက်လောက်အကြာမှာ putrefaction (ပုပ်ပွခြင်း) ဖြစ်စဉ် စတင်ပါတယ် – ဘက်တီးရီးယားတွေက စတင်ချေဖျက်ပြီး လအနည်းငယ်အကြာမှာတော့ ခန္ဓာကိုယ်က အရိုးပဲ ကျန်ခဲ့တာမျိုးပါ။ ဒီဖြစ်စဉ်မှာဆိုရင် ပူပြီး စိုထိုင်းတဲ့ ပတ်၀န်းကျင်မျိုးမှာ ဘက်တီးရီးယားတွေက မြန်မြန်ဆန်ဆန် အလွယ်တကူ မျိုးပွားနိုင်လို့ ပျက်စီးဖို့ ပိုမြန်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အေးပြီး ခြောက်သွေ့တဲ့ ပတ်၀န်းကျင်မှာ ဘက်တီးရီးယားတွေ ရှင်သန်ဖို့ အပူနဲ့ ရေ လိုတာကြောင့် ဒီဖြစ်ပျက်နှုန်းက ပိုနှေးပါလိမ့်မယ်။ ပတ်၀န်းကျင်က လုံလုံလောက်လောက် အေးတာ၊ ဒါမှမဟုတ် ပူတာ၊ ဒါမှမဟုတ် အောက်ဆီဂျင် လုံလောက်တာမျိုး မဖြစ်ဘဲ ကြမ်းတမ်းနေရင် ဘက်တီးရီးယားအချို့ပဲ ရှင်သန်နိုင်တာကြောင့် ခန္ဓာကိုယ်က အပြည့်အ၀ မဆွေးမြည့်ဘဲ နှစ်ပေါင်းများစွာထိတောင် ကြာနိုင်ပါတယ်။ ဒါကလဲ သဘာ၀မံမီတွေရဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။
သဘာ၀မံမီတွေ ဖြစ်ပေါ်ဖို့အတွက် ပတ်၀န်းကျင်နဲ့ ရာသီဥတုဟာ အတော်အဓိကကျပါတယ်။ အင်မတန် အေးတဲ့ ရေခဲမြစ်ထဲက ရေခဲတွေ၊ အောက်ဆီဂျင် နည်းပါးတဲ့ သစ်ဆွေးရွှံ့နွံမြေတွေနဲ့ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရတွေဟာ သဘာ၀မံမီဖြစ်ပေါ်ဖို့ အကောင်းဆုံးပတ်၀န်းကျင်တွေပဲပေါ့။ ၁၉၉၁ ခုနှစ်၊ အီတလီတောင်တန်းတွေပေါ်မှာ ခရီးသွားတစ်ယောက် တွေ့ရှိခဲ့တဲ့ “Ice-man” ကလဲ အေးခဲတာကြောင့် ဖြစ်လာတဲ့ သဘာ၀မံမီတွေထဲက တစ်ခုပါ။ ပူပြင်းတဲ့ သဲကန္တာရထဲမှာကျတော့ ခန္ဓာကိုယ်တစ်ခုကို ပူပြင်းတဲ့ သဲတွေထဲ အကာအကွယ်တစ်စုံတစ်ရာ မပါဘဲ မြှုပ်လိုက်ရင် သဲတွေက ခန္ဓာကိုယ်ထဲက အရည်တွေကို စုပ်ယူတာမို့ အရေပြားတွေက အခြောက်ခံထားရသလို မာကြောသွားပြီး အတွင်းအင်္ဂါတွေကို ထိန်းထားနိုင်တာကြောင့် ပုပ်သိုးဆွေးမြည့်မှုကို အချိန်တစ်ခုကြာ တားဆီးပေးပါတယ်။ ဒါဟာ အီဂျစ်တွေ မံမီပြုလုပ်ရခြင်းရဲ့ အခြေခံအုတ်မြစ် အတွေးအခေါ်ဖြစ်ပြီး ခန္ဓာကိုယ်သာ မဆွေးမြည့်ဘဲ တည်ရှိနေရင် စိတ်ဝိညာဉ်လဲ ရှိနိုင်တယ်ဆိုတဲ့ အယူအဆကလဲ ဒီကနေ မြစ်ဖျားခံခဲ့ပါတယ်။
အီဂျစ်တွေရဲ့ မံမီပြုလုပ်ခြင်း
မံမီလို့ ပြောလိုက်ရင် အီဂျစ်လူနေမှုအဖွဲ့အစည်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ အီဂျစ်မံမီတွေကို ဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။ ရှေးခေတ်အီဂျစ်တွေဟာ မျိုးဆက်အဆက်ဆက် သေဆုံးပြီးသား အလောင်းတွေကို ပူပြင်းတဲ့ သဲကန္တာရထဲမှာ ဘာအကာအကွယ်မှ မပါဘဲ မြှုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ နောက်ဘ၀ (after life) ဆိုတဲ့ ယုံကြည်မှု ပေါ်လာပြီးတဲ့နောက် အီဂျစ်တွေဟာ သူတို့ရဲ့ ကွယ်လွန်ပြီးတဲ့ ဆွေမျိုးသားချင်းတွေကို စိတ်ပူလာကြတာမို့ ကွယ်လွန်သူတွေကို ကြိမ်၊ ဝါးနဲ့ လုပ်ထားတဲ့ ခြင်းတောင်းရှည်၊ မာကြောတဲ့ သစ်သားသေတ္တာတွေနဲ့ ထည့်ပြီး မြှုပ်လာကြပါတယ်။ အဲဒါကြောင့် သေဆုံးပြီးသူတွေရဲ့ ခန္ဓာကိုယ်က ပူပြင်းကျစ်လျစ်တဲ့ သဲတွေနဲ့ မထိတွေ့တော့ဘဲ သဘာ၀အတိုင်း ပုပ်သိုးဆွေးမြည့်လာပါတော့တယ်။ အဲဒီမှာ အီဂျစ်တွေက နည်းနည်း ခွကျပြန်ပါတယ်။ သူတို့ ချစ်ခင်မြတ်နိုးရတဲ့ သူတွေကို သဲကန္တာရထဲမှာ မမြှုပ်ချင်သလို၊ အရိုးပဲ ကျန်တဲ့အထိလဲ မဆွေးမြည့်စေချင်ကြပါဘူးတဲ့။ ဒါကြောင့် အီဂျစ်တွေဟာ နောက်ဘ၀မှာ သက်သောင့်သက်သာ အသက်ရှင်နိုင်ဖို့ ခန္ဓာကိုယ် ထိန်းသိမ်းတဲ့ နည်းကို ရှာဖွေလာကြတာပေါ့လေ။
အစောပိုင်းကာလတွေမှာ အီဂျစ်တွေက သူတို့ရဲ့ အလောင်းတွေကို သဘာ၀ဓာတ်ကြီးလေးပါးနဲ့ မထိတွေ့အောင် အဓိက အာရုံစိုက်ကြပါတယ်။ ခန္ဓာကိုယ်ကို သစ်စေးနဲ့ စိမ်ထားတဲ့ ပိတ်တွေနဲ့ ပတ်ကြပြီး သေဆုံးသူရဲ့ မူလခန္ဓာကိုယ်ပုံစံအတိုင်း ဖန်တီးတယ်။ ပိတ်တွေက ပုပ်သိုးဆွေးမြည့်တာကို အချို့အချိန်တွေမှာ တားနိုင်ပေမဲ့ ခန္ဓာကိုယ်အတွင်းမှာတော့ ဘက်တီးရီးယားတွေ ရှင်ကျန်နေခဲ့ပြီး နောက်ဆုံးမှာ အလောင်းတွေဟာ ဆွေးမြည့်ကုန်တယ်။ ဒါကို တားဆီးဖို့အတွက် အီဂျစ်တွေဟာ အတွင်းအင်္ဂါတွေကို ဖယ်ထုတ်တာအပါအဝင် သဘာ၀အတိုင်း ခြောက်သွေ့စေတဲ့ natron ကို ရှာဖွေတွေ့ရှိတာတို့နဲ့အတူ ဒီနေ့ခေတ်မှာ လူတွေ သိကြတဲ့ အီဂျစ်မံမီတွေ စတင် ဖြစ်ပေါ်လာပါတော့တယ်။
အီဂျစ်မံမီတွေကို ဘယ်လိုပြုလုပ်ကြလဲ . . . ?
အီဂျစ် mummification (မံမီပြုလုပ်ခြင်း) လုပ်ငန်းကို ယေဘုယျအနေနဲ့ အဆင့် ၄ ဆင့် ခွဲလို့ ရနိုင်ပါတယ်။ အဲဒါတွေကတော့ . . .
၁။ ဆေးစီရင်ခြင်း (embalming)
၂။ အခြောက်ခံခြင်း (drying)
၃။ ပတ်တီးစည်းခြင်း (Wrapping)
၄။ အသုဘအခမ်းအနား (Funerary rites)
တို့ပါပဲ။
ပညာရှင်တွေ ပြောကြားချက်အရ မံမီပြုလုပ်တဲ့ ရိုးရာဓလေ့ကို Red land လို့ ခေါ်တဲ့ နိုင်းမြစ်အနီးက လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရမှာ ပြုလုပ်တယ်လို့ သိရပါတယ်။ ပထမဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ လူသေအလောင်းကို ဆေးစီရင်ခြင်း မစတင်ခင် အီဂျစ်တွေဟာ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို Ibu လို့ခေါ်တဲ့ “The place of Purification” (သန့်စင်ရာဌာန) ကို ပို့ဆောင်ပြီး နိုင်းမြစ်က ရေနဲ့ ဆေးကြောကြတယ်။ အဲဒီလို လုပ်မှ သန့်စင်စွာ ပြန်လည်မွေးဖွားနိုင်မယ်လို့ ယူဆထားကြလို့ပါ။ သန့်စင်ပြီးရင်တော့ Per-nefer လို့ ခေါ်တဲ့ “House of Mummification” (မံမီပြုလုပ်ဖန်တီးရာ အိမ်) ကို သယ်သွားပြီး Embalming (ဆေးစီရင်ခြင်း) လုပ်ငန်း စတင်ပါတယ်။
ပထမလုပ်ငန်းစဉ် – ဆေးစီရင်ခြင်း (Embalming)
မံမီပြုလုပ်တဲ့ လုပ်ငန်းစဉ်ရဲ့ ပထမဆုံး အဆင့်ပါ။ ဒီအဆင့်မှာ ဆေးစီရင်သူ (Embalmer) တွေက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်ပြီး ဆေးစီရင်မှာပါ။ ပထမဆုံးအနေနဲ့ မံမီဖန်တီးပြုလုပ်ရာ အိမ် “Per-nefer” က သစ်သားခုံပေါ်မှာ အလောင်းကို လှဲထားပြီး ဦးနှောက်ကို ဖယ်ထုတ်တယ်။ ဦးခေါင်းခွံထဲကို ဖောက်၀င်ဖို့ ဆေးစီရင်သူတွေက နှာခေါင်းရိုးကနေ ဆောက်ကို အသုံးပြုပြီး ထုခွဲတယ်။ ဦးခေါင်းခွံ ပွင့်သွားတဲ့အခါ သံချိတ်နဲ့ ဖြည်းဖြည်းချင်း ဦးနှောက်ကို ထုတ်တယ်။ ပြီးတာနဲ့ ဇွန်းရှည်ကို သုံးပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို ဆက်ခပ်ထုတ်တယ်။ ပြီးပြီဆိုရင် ဦးခေါင်းခွံကို ဆေးကြောတယ်။ ဦးနှောက်ဟာ အီဂျစ်တွေ ဆေးမစီရင်တဲ့ အင်္ဂါတွေထဲက အစိတ်အပိုင်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒါကို ဘာအတွက် အသုံးပြုတယ် ဆိုတာ မသိဘဲ နောက်ဘ၀အတွက် မလိုအပ်ဘူး ထင်လို့ပါတဲ့။
ဦးနှောက်ကို ဖယ်ပြီးချိန်မှာတော့ obsidian လို့ ခေါ်တဲ့ အထွတ်အမြတ်ထားရာ ကျောက်တုံးကနေ ပြုလုပ်ထားတဲ့ ဓားကို သုံးပြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ပိုင်းမှာ ခွဲစိတ်ရာ ပေးပြီး အဲဒီကနေတစ်ဆင့် ၀မ်းဗိုက်ပိုင်းအင်္ဂါတွေကို တစ်ခုချင်း ဖယ်ထုတ်တယ်။ (ကျောက်ကပ်ကိုတော့ ဦးနှောက်လို ဖယ်ထုတ်ပြီး ဆေးမစီရင်ပါဘူး။) ၀မ်းဗိုက်အင်္ဂါတွေ ဖယ်ပြီးချိန်မှာတော့ ရင်၀မ်းခြားကြွက်သား (diaphragm) ကို ခွဲပြီး အဆုတ်ကို ထုတ်တယ်။ အီဂျစ်တွေက နှလုံးဟာ လူတစ်ယောက်ရဲ့ အဓိက (ခံစားမှုနဲ့ စိတ်ဝိညာဉ်ဖြစ်တည်ရာ) နေရာလို့ ယူဆတာကြောင့် ကိုယ်အတွင်းမှာပဲ ချန်ထားခဲ့တယ်။ တခြားအင်္ဂါတွေကိုတော့ ဆေးကြော၊ သစ်စေးနဲ့စိမ်၊ ပတ်တီးနဲ့ ပတ်ပြီး “Canopic jar” လို့ အမည်ရတဲ့ မြေအိုးထဲ ထည့်သိမ်းလိုက်တော့တယ်။ ထည့်ရတဲ့ ရည်ရွယ်ချက်က နောက်ဘ၀ကို ကူးပြောင်းတဲ့အခါ ဒီအင်္ဂါတွေ ဘာမှမဖြစ်အောင် ကာကွယ်ပေးတဲ့ သဘောပါ။ အဲဒီနောက် ဆေးစီရင်သူတွေက အင်္ဂါတွေ ထုတ်ထားတဲ့ ကိုယ်အခွံကြီးကို “palm wine” လို့ ခေါ်တဲ့ အရည်နဲ့ ဆေးကြောပြီး အသားတွေ ခြောက်တဲ့အခါ ကျုံ့မသွားဘဲ ခန္ဓာကိုယ်ပုံစံအတိုင်း ရှိနေစေဖို့အတွက်လဲ ကိုယ်တွင်းကို အမွှေးနံ့သာ အပါအဝင် တခြားအရာတွေကိုပါ ဖြည့်ထည့်ကြပါသေးတယ်။
ဒုတိယလုပ်ငန်းစဉ် – အခြောက်ခံခြင်း (Drying)
အခြောက်ခံတဲ့ လုပ်ငန်းစဉ်မှာတော့ ဆေးစီရင်သူတွေက အင်္ဂါတွေ ဖယ်ထားတဲ့ ခန္ဓာကိုယ်ကို စောင်းနေတဲ့ ခုံပေါ်မှာ လှဲစေပြီး natron ပေါင်ဒါနဲ့ သုတ်ဖြူးပါတယ်။ ဒီပေါင်ဒါဟာ ဆိုဒီယမ်ဒြပ်ပေါင်းတွေနဲ့ ရောထားတာဖြစ်ပြီး နိုင်းမြစ်၀ကျွန်းဆွယ်က ရေကန်ကမ်းစပ်တွေကနေ ရပါတယ်။ သဲနဲ့ မတူဘဲ ခန္ဓာကိုယ်ရဲ့ အစိုဓာတ်ကို သဘာ၀အရ ထိန်းသိမ်းပေးတဲ့ သဘောပါ။ ဒီပေါင်ဒါ ဖြူးထားတဲ့ ခန္ဓာကိုယ်ကို သဲကန္တာရအတွင်း သားရဲတိစ္ဆာန်တွေရဲ့ ရန်က ကာကွယ်ဖို့ အစောင့်တစ်ယောက်နဲ့ ၃၅ ရက်ကနေ ရက် ၄၀ အထိ စောင့်ကြည့်ရပါတယ်။ ရက် ၄၀ စောင့်ပြီးရင်တော့ Wabet လို့ ခေါ် တဲ့ “House of Purification” ကို ပို့ပြီး ခန္ဓာကိုယ်ထဲ ထည့်ထားခဲ့တဲ့ အမွှေးနံ့သာတွေကိုလဲ ထုတ်လိုက်တဲ့အပြင် natron နဲ့ တခြား material တွေ အစားသွင်းလိုက်တယ်။ အဲဒီနောက် ခွဲကြောင်းရာကို ပြန်ချုပ်ပြီး အသားရဲ့ အစိုဓာတ်ကို ကာကွယ်ဖို့ အစေးအလွှာနဲ့ အုပ်ပြီးရင် ပတ်တီးစည်းဖို့ အသင့်ဖြစ်ပါပြီ။
တတိယလုပ်ငန်းစဉ် – ပတ်တီးစည်းခြင်း (wrapping)
ပတ်တီးစည်းတာက မံမီပြုလုပ်တဲ့ လုပ်ငန်းစဉ်ရဲ့ အဓိက လုပ်ငန်းတွေထဲက တစ်ခုပါပဲ။ ကြာချိန် တစ်ပတ်ကနေ နှစ်ပတ်အထိ ကြာတတ်ပါတယ်။ ကွယ်လွန်သူကို ပတ်တီးစည်းဖို့အတွက် သူ့မိသားစုက အကြမ်းဖျင်းအားဖြင့် ၄၀၀၀ စတုန်းရန်းပေ ရှည်တဲ့ ပိတ်ကို ဆေးစီရင်သူ (Embalmer) တွေဆီ ယူလာရပါတယ်။ ကြွယ်၀ချမ်းသာတဲ့ လူတန်းစားတွေကတော့ သူတို့ အထွတ်အမြတ်ထားရာ ပိတ်တွေကို အသုံးပြုလေ့ရှိပြီး သာမန်လူတန်းစားတွေကတော့ အ၀တ်အစားဟောင်းတွေ၊ ရပ်ထဲရွာထဲက သာမန်ပိတ်တွေကိုပဲ အသုံးပြုကြပါတယ်။ ပိတ်တွေ လက်ခံရရှိပြီးရင်တော့ ဆေးစီရင်သူတွေက ၃ လက်မကနေ ၈ လက်မထိ ရှည်တဲ့ ပတ်တီးတွေကို ဖန်တီးပါတယ်။ ပတ်တီးတွေရပြီဆိုတာနဲ့ ပတ်တီးစည်းတဲ့ လုပ်ငန်း စတင်ပါတော့တယ်။
ပတ်တီးစည်းခြင်းလုပ်ငန်းကို ပုံမှန်အားဖြင့် လက်နဲ့ ခြေထောက်က စလေ့ရှိပါတယ်။ ပြီးတာနဲ့ လက်ချောင်း၊ ခြေချောင်း တစ်ခုချင်းစီကို ပတ်ပါတယ်။ ဆက်ပြီးတော့ ရင်ခေါင်း၊ လက်မောင်း၊ ခြေနဲ့ ရင်ဘတ်အပိုင်းတွေကို စနစ်တကျ ပတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို စည်းပြီးတာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အလွှာတစ်လွှာ ထပ်ပတ်ပါသေးတယ်။ ပတ်တီးတွေ ခန္ဓာကိုယ်မှာ သူ့နေရာနဲ့ သူ ရှိနေစေဖို့ သစ်စေးအပူတွေနဲ့ ထပ်ပြီး သုတ်ပြန်ပါတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာလဲ ဆေးစီရင်သူတွေက မန္တာန်စာလုံးတွေ ရွတ်နေရတာပါ။ ပတ်တီးလဲ ပတ်ပြီး လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ နောက်ဘ၀မှာ အကာကွယ်ရပြီး လုံခြုံစေဖို့ ကွယ်လွန်သူရဲ့ အဆောင်လေးတစ်ခု ထည့်ပေးပြီးတာနဲ့ ပတ်တီးစည်းတဲ့ လုပ်ငန်း ပြီးပါပြီ။
―――――――
ဒီလို ပတ်တီးစည်းရတဲ့ ရည်ရွယ်ချက်တွေကတော့ . . .
– ပတ်တီးက ခန္ဓာကိုယ်ရဲ့ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ပုပ်ပွတာကို ရှောင်ရှားနိုင်ပါတယ်။
– ပတ်တီးစည်းတာကြောင့် မံမီ အသက်ရှိစဉ်တုန်းက ခန္ဓာကိုယ်ပုံစံ ပေါ်စေနိုင်ပါတယ်။
– ခန္ဓာကိုယ်ကို အရိုးတခြား၊ အသားတခြား မဖြစ်အောင် တစ်စုတစ်စည်းတည်း စုစည်းပေးပါတယ်။
နောက်ဆုံးလုပ်ငန်းစဉ် – အသုဘအခမ်းအနား (Funerary rites)
မံမီပြုလုပ်တဲ့ လုပ်ငန်းတွေဟာ အသုဘအခမ်းအနား မပါဘဲ မပြီးပြည့်စုံနိုင်ပါဘူး။ ပတ်တီး ပတ်ပြီးထားတဲ့ မံမီကို မာကြောတဲ့ လှောင်အိမ်တစ်မျိုးဖြစ်တဲ့ “cartonnage cage” နဲ့ တွဲချည်ပြီး မျက်နှာကိုတော့ “Funerary mask” လို့ ခေါ်တဲ့ မျက်နှာဖုံးကို ရိုးရာဓလေ့အရ တပ်ဆင်ပါတယ်။ ဒီမျက်နှာဖုံးရဲ့ ပုံစံက သေဆုံးပြီးသူရဲ့ ပုံ၊ ဒါမှမဟုတ် အီဂျစ်နတ်ဘုရားတစ်ပါးရဲ့ ပုံဖြစ်ပြီး ကွယ်လွန်သူရဲ့ ဝိညာဉ်ဟာ သင့်တော်တဲ့ ခန္ဓာကိုယ် ရှာနိုင်တယ်ဆိုပြီး ယူဆကြတာမို့ အရေးပါတဲ့ ဓလေ့တစ်ခုပါပဲ။
အဲ့ဒါပြီးရင်တော့ “suhet” လို့ ခေါ်တဲ့ လူပုံစံ ထုဆစ်ထားတဲ့ ခေါင်းတလားထဲ အလောင်းကို ထည့်သွင်းပြီး ကွယ်လွန်သူရဲ့ မိသားစုတွေနဲ့အတူ အသုဘပို့သူတွေဟာ အဲဒီအခေါင်းကို သင်္ချိုင်း လိုက်ပို့ရပါတယ်။ သင်္ချိုင်းရောက်တဲ့အခါ ဘုန်းတော်ကြီးက နတ်ဘုရား အနူးဘစ်ပုံစံ ၀တ်ဆင်ပြီး ဓလေ့ရိုးရာအတိုင်း suhet (အခေါင်း) ရဲ့ မျက်နှာဖုံးကို အီဂျစ်တို့ အထွတ်အမြတ်ထားရတဲ့ ပစ္စည်းပရိဘောဂတွေနဲ့ ပွတ်သပ်ထိတွေ့ပေးပါတယ်။ ဒါမှသာ သေဆုံးသူဟာ နောက်ဘ၀မှာ အပြော၊ အကြား၊ အမြင်၊ အထိအတွေ့၊ အရသာ စတဲ့ အာရုံတွေကို ရရှိနိုင်မှာလို့ ယုံကြည့်ထားကြလို့ပါ။ အသုဘအခမ်းအနားရဲ့ အဆုံးမှာတော့ suhet (အခေါင်း) ကို ကွယ်လွန်သူ နောက်ဘ၀မှာ လိုအပ်မဲ့ အစားအစာ၊ ပရိဘောဂတွေနဲ့အတူ သင်္ချိုင်းအတွင်းက နံရံအပေါ်မှာ မှီလျက် ထားရှိခဲ့လိုက်ပြီး မံမီပြုလုပ်တဲ့ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးပါတယ်။
ဆောင်းပါးတစ်ခုလုံးကို ခြုံငုံပြီး ပြောရရင် မံမီတွေဆိုတာ ဟိုးအရင်ရှေးခေတ်အခါတွေကတည်းက ပေါ်ပေါက်အခြေတည်လာခဲ့တဲ့ ရှေးခေတ်လူမှုအဖွဲ့အစည်းတွေရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။ မံမီတွေမှာ သဘာ၀မံမီနဲ့ လူလုပ်မံမီ ဆိုပြီး နှစ်မျိုးရှိတဲ့အပြင် သဘာ၀မံမီတွေရဲ့ ဖြစ်တည်မှုက ပတ်၀န်းကျင်ကို အင်မတန် မှီခိုပြီး လူလုပ်မံမီတွေကတော့ ရိုးရာဓလေ့တွေအရ လုပ်ငန်းစဉ် အဆင့်ပေါင်းများစွာနဲ့ ပြုလုပ်ရကြောင်း လေ့လာခဲ့ကြပြီးပါပြီ။ အီဂျစ်တွေရဲ့ မံမီလုပ်ငန်းစဉ်မှာ ဆေးစီရင်ခြင်း၊ အခြောက်ခံခြင်း၊ ပတ်တီးစည်းခြင်းနဲ့ အသုဘအခမ်းအနားဆိုပြီး အဆင့်လေးဆင့် ရှိတာကိုလဲ အသေးစိတ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ ကောက်ချက်ချနိုင်တာ တစ်ခုကတော့ မံမီပြုလုပ်ခြင်း (Mummification) ဟာ ရှေးဟောင်း အီဂျစ်လူ့အဖွဲ့အစည်းရဲ့ လှပဆန်းကြယ်တဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး နောက်ဘ၀ဆိုတဲ့ အခြေခံယုံကြည်မှုကနေ ဇီ၀ဗေဒ၊ ဓာတုဗေဒ သဘောတရား နားလည်သဘောပေါက်မှုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းနိဿယ တစ်ခုလို့ ဆိုရင်လဲ မမှားဘူး ဆိုတာပါပဲ။ ။