May 24, 2026 | မြန်မာ

အိန္ဒိယရဲ့ လဆင်းယာဉ် ချန်ဒရာယန် – ၃ Sleep-Mode ကနေ ပြန်လည်နိုးထလာခြင်း မရှိသေး

အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်း (ISRO) ရဲ့ ချန်ဒရာယန် – ၃ ဟာ လရဲ့တောင်ဝင်ရိုးစွန်းပေါ်မှာ သုတေသနလုပ်နေတဲ့ မစ်ရှင်ဖြစ်ပြီး လဆင်းယာဉ် ဗစ်ခ်ရန်နဲ့ လသွားရိုဗာ ပရက်ဂ်ယန်တို့ ပါဝင်ပါတယ်။ ချန်ဒရာယန်တည်ရှိရာနေရာဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က စပြီး နေရောင်မကျရောက်တော့လို့ ဆိုလာအခြေပြုအလုပ်လုပ်ကြတဲ့ ဒီယာဉ်နှစ်စင်းလုံး sleep-mode အနေနဲ့ ၁၄ ရက်တာ ကာလကို ဖြတ်သန်းနေကြရတာပါ။ အာကာသအေဂျင်စီက ဗစ်ခ်ရန်နဲ့ ပရက်ဂ်ယန် ယာဉ်နှစ်ခုစလုံး သူတို့တည်ရှိရာ လဘက်ခြမ်းကို နေရောင်ကျရောက်မဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကျရင် ပြန်လည် နိုးထ အသက်ဝင်လာမယ်လို့ မျှော်လင့်ထားပေမဲ့ အခုချိန်ထိ အချက်ပြစနစ်တွေ အသက်မဝင်သေးပါဘူးလို့ ဆိုပါတယ်။

ချန်ဒရာယန် – ၃ ဟာ မစ်ရှင်ဦးတည်ချက်အားလုံး ပြီးဆုံးသွားခဲ့တဲ့ အချိန်က စပြီး ISRO က ဒီယာဉ်တွေရဲ့ သက်တမ်းကို ဆွဲဆန့်လိုတာကြောင့် လုပ်ဆောင်မှုတွေနဲ့ စက်ကိရိယာတွေ အားလုံးကို လရဲ့နေဝင်ချိန်ကို မရောက်ခင် ကြိုတင် ပိတ်ချပြီး ယာဉ်တွေကို sleep mode သွင်းခဲ့တာပါ။ ဒီမစ်ရှင်က လူနာ ၁ ရက် – ကမ္ဘာ့ ၁၄ ရက်စာ ကာလတာ အလုပ်လုပ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အာကာသအေဂျင်စီကတော့ ဒီမစ်ရှင်ရဲ့ ယာဉ်တွေ ရှိနေတဲ့ လတောင်ဝင်ရိုးစွန်းဘက်ခြမ်းကို နေရောင်ပြန်လည်ကျရောက်တဲ့အချိန် ဆိုလာစနစ်ကနေ အားပြန်သွင်းနိုင်ပြီး ယာဉ်တွေ ပြန်လည် အသက်ဝင်လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဗစ်ခ်ရန်နဲ့ ပရက်ဂ်ရန်ရဲ့ အီလက်ထရောနစ်စနစ်တွေက အင်မတန်ပြင်းထန်ကြမ်းတမ်းတဲ့ လကမ္ဘာပေါ်က ညအချိန်ကာလတွေကို ဖြတ်သန်းနိုင်တဲ့ အခြေအနေမရှိပါဘူး။ လပေါ်က ညအချိန်က မည်းမှောင်အတိပြီးနေတာဖြစ်လို့ ဆိုလာအခြေပြု အလုပ်လုပ်တဲ့ ဒီယာဉ်တွေအတွက် လျှပ်စစ်မရနိုင်သလို အပူချိန်ကလဲ အနုတ် ၂၀၀ ဒီဂရီလောက်အထိ ထိုးဆင်းသွားတာပါ။ ဒီလောက် အေးတဲ့ အခြေအနေနဲ့ဆိုရင် အီလက်ထရောနစ်ကိရိယာတွေက အေးခဲသွားနိုင်ပြီး ပျက်စီးသွားနိုင်ချေရှိပါတယ်။

အေဂျင်စီဘက်က သိပ္ပံပညာရှင်တွေအနေနဲ့တော့ ဒီယာဉ်တွေဟာ လရဲ့ အင်မတန်ပြင်းထန်တဲ့ အခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး စက်တင်ဘာ ၂၂ ရက်ကျရင် ပြန်လည်နိုးထလာနိုင်ဖို့ မျှော်လင့်ထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ISRO ဘက်ကတော့ မစ်ရှင်ယာဉ်တွေနဲ့ အခုချိန်ထိ ဆက်သွယ်နိုင်ခြင်း မရှိသေးတဲ့အတွက် မျှော်လင့်ချက်တွေ မှေးမှိန်နေပြီလို့ ဆိုရပါမယ်။ ယာဉ်တွေအနေနဲ့လဲ လကမ္ဘာရဲ့ ညအချိန်ကာလကို ဖြတ်သန်းနိုင်ဖို့က ရာခိုင်နှုန်းအားဖြင့် ၅၀ – ၅၀ အခြေအနေပါ။

IRSO ရဲ့ ခေါင်းဆောင်ဟောင်း ကီရန်ကူမာကတော့ “အချိန်တွေ ကြာလာတာနဲ့အမျှ ပြန်နိုးထနိုင်မဲ့ အခွင့်အရေးကလဲ တဖြည်းဖြည်း နည်းပါးလာပြီ” လို့ ဘီဘီစီရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ကူမာရဲ့ ပြောကြားချက်အရ ယာဉ်ပေါ်က စက်ကိရိယာ အတော်များများက လကမ္ဘာရဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေကို မဖြတ်သန်းနိုင်လောက်ဘူးလို့ ဆိုပါတယ်။ အကယ်၍ အဲ့အခြေအနေကို ဖြတ်သန်းနိုင်ခဲ့ပြီး ကိရိယာတော်တော်များများ အဆင်ပြေခဲ့ရင်တောင် လဆင်းယာဉ်ပေါ်က ထရန်စမစ်တာ အချက်ပြစနစ်နဲ့ ကျွန်တော်တို့ အဆက်အသွယ်မရတာကြောင့် ဒီယာဉ်တွေရဲ့ အခြေအနေအမှန်ကို သိနိုင်မှာ မဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

ယာဉ်တွေ ပြန်လည် နိုးထလာတာမျိုး မရှိတော့ရင်တောင် ချန်ဒရာယန် – ၃ ဟာ မူလရည်ရွယ်ချက်တွေ အားလုံးကို လုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်တဲ့ မစ်ရှင်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပြီးပါပြီ။ ပရက်ဂ်ရန်ရိုဗာအနေနဲ့လဲ တည်ရှိရာနေရာရဲ့ ပတ်လည် ၁၀၀ မီတာ အတွင်းမှာ လကမ္ဘာရဲ့ မြေထဲက ဒြပ်စင်တွေ တော်တော်များများကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ ဆာလဖာဒြပ်စင်ရဲ့ တည်ရှိမှုကို သက်သေရယူနိုင်ခဲ့ပြီး ဒီလိုတွေ့ရှိမှုမျိုးက အရင်က လုပ်ခဲ့ဖူးတဲ့ တခြား ဘယ်မစ်ရှင်မှာမှ မရှိခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ အပတ်တွေတုန်းကလဲ ငလျင်ဖြစ်နိုင်ချေရှိတဲ့ လပေါ်က မြေသားလှုပ်ရှားမှုတွေကို ခြေရာခံနိုင်ခဲ့ပါသေးတယ်၊ ဒီသတင်းကိုတော့ ဒီလင့်ခ်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Fact Hub Team
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.