May 10, 2026 | မြန်မာ

ဂျပန်အိုင်စပေ့ လကမ္ဘာလေ့လာရေးကုမ္ပဏီ (iSpace Inc) ရဲ့ လဆင်းယာဉ်မစ်ရှင်ဟာ ကျရှုံးခဲ့ဖွယ်ရာရှိ

ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က တိကျသေချာတဲ့ အချက်အလက်ကို မထုတ်ပြန်နိုင်ဘဲ ဖြစ်နိုင်ဖွယ်ရှိတာတွေကိုပဲ အတည်ပြုထားတာ တွေ့ရပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်အရ လဆင်းယာဉ်ကို SpaceX ရဲ့ ဖယ်လ်ကွန်-၉ ဒုံးပျံနဲ့ လွှတ်တင်ခဲ့ပြီး ယာဉ်ပေါ်မှာ ဂျပန်အာကာသအေဂျင်စီကတည်ဆောက်ပေးတဲ့ Rover တစ်ခုအပါအဝင် သိပ္ပံလေ့လာရေးကိရိယာ ၇ ခုပါဝင်ခဲ့ပါတယ်တဲ့။ အဲ့ဒီယာဥ်ဟာ လပတ်လမ်းထဲ မြေပြင်အထက်ကီလိုမီတာ ၁၀၀ ကျော်ကနေ ဆင်းသက်မှုကိုစတင်ခဲ့ပါတယ်။ ဆင်းသက်မှုပြုလုပ်နေချိန်အတွင်းမှာ လဆင်းယာဉ်နဲ့ မြေပြင်အခြေစိုက်စခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တာကြောင့် အဲ့ဒီလဆင်းယာဉ်ဟာ အကာအကွယ်မဲ့ ဆင်းသက်ဖို့ ဖြစ်နိုင်ချေများပြီး လမျက်နှာပြင်နဲ့ ဝင်ဆောင့်ပျက်စီးသွားနိုင်တယ်လို့ သူတို့ဘက်ကဆိုထားပါတယ်။ နောက်ဆုံးရရှိတဲ့ဆက်သွယ်မှုတွေအရတော့ ယာဉ်ထဲမှာ လောင်စာဆီကုန်ခမ်းသလောက်ရှိနေပြီလို့ဆိုပါတယ်။ အမြင့်တွက်ချက်ပေးတဲ့ အဓိကဆင်ဆာက ကောင်းကောင်း အလုပ်မလုပ်ခဲ့တာကြောင့် အင်ဂျင်ကို အချိန်အကြာကြီးဖွင့်ထားစေပြီး လောင်စာဆီမလိုအပ်ဘဲ ကုန်ခမ်းစေတယ်လို့ သူတို့ဘက်က ဝန်ခံထားပြန်ပါတယ်။

ဒါကတော့ ဂျပန်အခြေစိုက် ဂုဏ်သိက္ခာကြီးသတင်းစာ ၂ စောင်ဖြစ်တဲ့ အဆာဟိသတင်းစာနဲ့ ကျိုဒိုသတင်းစာကနေ ကိုးကားဖော်ပြခြင်းပဲ ဖြစ်ပါတယ်။

လောင်စာမလောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အာကာသယာဉ်တွေ လွှတ်တင်ရာမှာ လောင်စာဆီကို ပြုလုပ်မယ့်မစ်ရှင်၊ ယာဉ်ရဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး အကန့်အသတ်နဲ့ သယ်ဆောင်ရပါတယ်။ အများကြီးသယ်ဆောင်တဲ့အခါမှာ အာကာသယာဉ်ရဲ့ ဒြပ်ထုက ပိုများသွားပါမယ်။ ဒြပ်ထုပိုများရင် သူ့ကိုအရှိန်မြှင့်ပေးဖို့ လောင်စာပိုလိုလာမယ်။ ဒီလိုသံသရာလည်နေမှာစိုးလို့ အတိအကျတွက်ချက် သယ်ဆောင်ရတာပဲဖြစ်ပါတယ်။ နောက်ပြီးအာကာသယာဉ်ရဲ့ ဒီဇိုင်းအရလည်း လောင်စာဆီကို အများကြီးသယ်လို့ မရပြန်ပါဘူး။ ယာဉ်ထဲမှာ လောင်စာဆီကို နေရာအများကြီးပေးရင် မစ်ရှင်အတွက် လိုအပ်မယ့် ကိရိယာတွေအတွက် နေရာနည်းသွားမှာဖြစ်လို့ ဒီလိုတွေမဖြစ်ရအောင် အတိအကျ တွက်ချက်သယ်ဆောင်ရတာဖြစ်ပါတယ်။

မစ်ရှင်ကျရှုံးတယ်ဆိုတဲ့ သတင်းထွက်တာနဲ့ တစ်ရက်တည်းမှာပဲ ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်း ၂၀ ရာခိုင်နှုန်းလောက် ထိုးကျသွားတယ်လို့ ဘလွန်းဘာ့ဂ်မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီဟာ တိုကျိုစတော့ အိတ်စ်ချိန်းမှာ စာရင်းသွင်းထားတာ ဧပြီ ၁၂ ရက်နေ့ကဖြစ်ပြီး သိပ်မကြာသေးတာကြောင့် သူတို့အနေနဲ့ အဖွင့်မလှခဲ့ဘူးဆိုရပါလိမ့်မယ်။

ကုမ္ပဏီအနေနဲ့ ဒီမစ်ရှင်ရဲ့ရလဒ်တွေကနေ သင်ခန်းစာယူပြီး ၂၀၂၄ မှာ နောက်မစ်ရှင်တစ်ခုထပ်မံပြုလုပ်မယ်လို့ ကြေညာထားပါ‌သေးတယ်။

Article Credits

Written by Julian Htet Aung
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.