မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ
လတ်တလော မန္တလေးကျုံးမှာ ပေါလာပေါ်နေတဲ့ ဖော့ဘူးခွံတွေဟာ လာရောက်လှူဒါန်းသူတွေအတွက် စိတ်မချမ်းမြေ့စရာဖြစ်သလို ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ မန္တလေးအတွက်လဲ ရတက်မအေးစရာ ဖြစ်လာပါတယ်။
သဘာ၀ဘေးအန္တရာယ်တွေရဲ့ နောက်မှာ ၀မ်းပျက်၀မ်းလျှောလိုမျိုး ကူးစက်ရောဂါတွေ ကပ်ပါလေ့ရှိတာမို့ အခုလိုအချိန်မှာ ရေရင်းမြစ်၊ မိလ္လာစနစ်နဲ့၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်တာ၊ ရှိတဲ့ ရေရင်းမြစ်တွေကို ညစ်ညမ်းအောင်ပြုလုပ်နေတာက ကိုယ့်ကိုယ်ကိုယ်တင်မဟုတ်ဘဲ အများကိုပါ ဒုက္ခပေးရာ ရောက်ပါတယ်။
ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေကနေ ထွက်လာတဲ့ ဓာတုအမှုန်အမွှားတွေ၊ အနည်ထိုင်ပြီးသားကနေ ပြန်တိုးလာမဲ့ ရေအောက်ခြေက အနည်တွေဟာ ရှိနေပြီးသား သောက်သုံးရေရင်းမြစ်တွေကို ညစ်ညမ်းစေတာပါ။ ဒီလိုအခြေနေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်လို့ ရောဂါသယ်ဆောင်တဲ့ ကြွက်တွေကနေ ပိုဆိုးလာမဲ့ အရေပြားရောဂါ၊ ၀မ်းရောဂါတွေပါ ဖြစ်လာနိုင်တာပေါ့။ ကြွက်တွေ ပေါများလာတာနဲ့အတူ ဒီလို မဆင်မခြင် လုပ်လိုက်တာက မြွေတွေကိုပါ ဖိတ်ခေါ်ရာရောက်ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ ၀င်ထွက်နေချိန်မှာ စည်းကမ်းမဲ့ လုပ်ရပ်တွေက အတော်ကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။
ဒါကြောင့် အစားမစားမီနဲ့ စားပြီးချိန်မှာ လက်ကို လက်သန့်ဆေးရည်၊ ဒါမှမဟုတ် ဆပ်ပြာနဲ့ သေချာဆေးကြော၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို ကိုယ်စီ တာ၀န်ယူစောင့်ရှောက်ကြတာက အကောင်းဆုံးအဖြေတစ်ခုပါပဲ။ ။
Article Credits