May 26, 2026 | မြန်မာ
PHYSICS NEWS

အမျိုးသားများ လိင်စိတ်အထွတ်အထပ်ရောက်အောင် တွက်ချက်ပေးနိုင်သော သင်္ချာညီမျှခြင်း

အင်္ဂလန်နိုင်ငံ Sussex တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုဟာ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားများလိင်မှုအထွတ်အထိပ်ရောက်စေနိုင်မယ့် ညီမျှခြင်းတစ်ခုကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။

”ဇီဝကမ္မဗေဒနဲ့ စိတ်ပညာသုတေသနအချက်အလက်တွေအပေါ်အခြေခံပြီး အမျိုးသားတွေစိတ်ကျေနပ်မှုရစေမယ့် နည်းလမ်းတစ်ခု ဒါမှမဟုတ် အောင်မြင်တဲ့လိင်ဆက်ဆံမှုရဲ့ စံမော်ဒယ်တစ်ခုကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ လိင်မှုကိစ္စအတွက် သင်္ချာညီမျှခြင်းတစ်ခုထုတ်ဖော်တယ်ဆိုတာ သမိုင်းမှာ ဒါကပထမဆုံးအကြိမ်ပါပဲ။” လို့ ဦးဆောင်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ Konstantin Blyuss ကဆိုပါတယ်။

အမျိုးသားများ လိင်ဆက်ဆံမှုအကြိမ်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းဟာ ပျမ်းမျှအားဖြင့် သုတ်လွှတ်နိုင်လေ့မရှိကြပါဘူး။ အကြိမ် ၂၀ မှာ တစ်ကြိမ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလိုကျရှုံးမှုမျိုးဟာ ဆက်ဆံဖော်အမျိုးသမီးကို စိတ်ပျက်စေနိုင်သလို ကိုယ်ဝန်ရယူဖို့ ကြိုးစားနေတဲ့အချိန်မှာလည်း ကသိကအောက်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သူတို့ရဲ့တွေ့ရှိချက်ဟာ လိင်ဆက်ဆံရာမှာ မူမမှန်တဲ့ပြဿနာတွေအတွက် ကုထုံးတစ်ခုဖော်ထုတ်တဲ့အခါ အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိလာမယ်လို့ မျှော်လင့်မိကြောင်း သူကဆိုပါတယ်။

သုတေသနစာတမ်းမှာ ဖော်ပြထားချက်အရ သူတို့ဟာ အမျိုးသားရဲ့ရုပ်ပိုင်းဆိုင်ရာလိင်ခံစားမှုကို အရင်တိုင်းတာကြည့်ပါတယ်။ (ဥပမာ – တစ်ကနေ တစ်ရာအထိ ရာခိုင်နှုန်းသတ်မှတ်တာမျိုး။) ဒီတိုင်းတာချက်ပမာဏကို လိင်မှုကိစ္စရဲ့ လှုံ့ဆော်နိုင်တဲ့ပမာဏနဲ့ မြှောက်ပါတယ်။ အဲ့ဒီမြှောက်လဒ်ထဲကမှ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှုပမာဏကို ပြန်နှုတ်တာမျိုးပါ။ အဲ့ကရလာတဲ့ နောက်ဆုံးရလဒ်ဟာ အမျိုးသားရဲ့ လိင်မှုကိစ္စအောင်မြင်နိုင်ချေကို ဖော်ပြခြင်းပဲဖြစ်ပါတယ်။

ဒီဖော်မြူလာအရ အမျိုးသားများသုတ်မလွှတ်နိုင်တဲ့ပြဿနာ(လိင်ကိစ္စမပြီးမြောက်ရခြင်း)ဟာ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှု လုံလောက်မှုမရှိလို့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိင်ခံစားမှု (တစ်နည်း) လိင်မှုကိစ္စအပေါ် ခန္ဓာကိုယ်ရဲ့လိုလားမှု ဘယ်လောက်ပဲများနေပါစေ၊ စိတ်ပိုင်း‌ဆိုင်ရာလိင်ခံစားမှု(ထန်တာ) မရှိဘူးဆိုရင် သုတ်လွှတ်နိုင်မှာမဟုတ်တော့ပါဘူး။ (ရုပ်ပိုင်းဆိုင်ရာခံစားမှုဆိုတာကတော့ ဆက်ဆံချိန်အတွင်း ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုဆိုလိုတာပါ။ ဒီထဲမှာ ကျားအင်္ဂါကို သွေးလွှတ်မှုအားကောင်းခြင်း၊ လိင်တံထောင်မတ်ခြင်းစတဲ့ လက္ခဏာတွေပါဝင်ပါတယ်။ စိတ်ပိုင်း‌ဆိုင်ရာလိင်ခံစားမှုဆိုတာကတော့ လိင်ကိစ္စအပေါ် စိတ်ပါဝင်စားမှုများခြင်း (တစ်နည်း) ထန်ခြင်းကို ဆိုလိုပါတယ်။)

ဒါကြောင့် လိင်ဆက်ဆံနေချိန်မှာ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှုကို မြင့်တက်‌နေအောင် (တစ်နည်း) ထန်‌နေအောင် လုပ်ဆောင်သင့်ပါတယ်။ ဒီလိုသာမလုပ်ဆောင်နိုင်ရင် ခန္ဓာကိုယ်မှာလည်း လိင်ကိစ္စအပေါ် လိုက်လျောနိုင်စွမ်းအားနည်းသွားပြီး စွမ်းဆောင်ရည်တဖြည်းဖြည်းကျဆင်းလာမှာပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ သုတ်လွှတ်ဖို့ခက်ခဲသွားမှာပါ။

”ကျွန်တော်တို့ရဲ့ညီမျှခြင်းကို အကျဉ်းချုံ့လိုက်ရင် စာတစ်ကြောင်းစာပဲရှိတယ်။ အဲ့ဒါကတော့ အတွေးမလွန်စေနဲ့ဆိုတာပါပဲ။ လိင်ဆက်ဆံ‌နေချိန်အတွင်း အတွေးလွန်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာလိင်ခံစားမှုကို အားနည်းစေတယ်လေ။” ဆိုပြီး ပါမောက္ခ Konstantin Blyuss က ရှင်းပြထားပါတယ်။

သုတေသနအဖွဲ့ဟာ ဒီရလဒ်တွေအပေါ် အခြေခံပြီး အမျိုးသမီးများ လိင်ကိစ္စအောင်မြင်နိုင်အောင် တွက်ချက်ပေးနိုင်မယ့် ဖော်မြူလာတစ်ခုကို ထပ်မံရှာဖွေမယ်လို့ဆိုပါသေးတယ်။ အမျိုးသမီးတွေရဲ့လိင်ခံစားမှုဟာ အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးပေမဲ့ ရှာတွေ့နိုင်မယ်လို့ ယုံကြည်ကြောင်း သုတေသီ Konstantine Blyuss က ဆိုပါတယ်။ (သုတေသနတွေအရ အမျိုးသမီးတွေလိင်မှုအထွတ်အထိပ်ရောက်တဲ့အကြိမ်အရေအတွက်ဟာ အမျိုးသားတွေထက် ၄ ဆပိုနည်းပါတယ်။)

Article Credits

Written by Julian Htet Aung
Managing Editor Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.