
အက်ဒီနိုစင်း ထရိုင်ဖော့စ်ဖိတ်
အက်ဒီနိုစင်း ထရိုင်ဖော့စ်ဖိတ်ဆိုတာက သက်ရှိတွေအားလုံးမှာရှိတဲ့၊ ဆဲလ်နဲ့ဆိုင်တဲ့ စွမ်းအင်အသုံးပြုမှုနဲ့ သိုလှောင်မှုအတွက် မူလစွမ်းအင်အရင်းမြစ်တစ်ခုပါ။ အက်ဒနိုစင်းဆိုတာက အက်ဒနီးန် (adenine) ဆိုတဲ့ နိုက်ထရိုဂျင်ပါဝင်တဲ့ဘေ့စ်နဲ့ ရိုင်ဘို့စ်သကြား (ribose sugar) တို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ‘ထရိုင် (tri)’ ဆိုတာက လက်တင်နဲ့ ဂရိဘာသာစကားအရ ‘သုံး’ လို့ အဓိပ္ပာယ်ရတာကြောင့် ထရိုင်ဖော့စဖိတ်ဆိုတာက ဖော့စဖိတ်သုံးခု လို့ ဆိုလိုပါတယ်။
ATP ကိုတော့ ဆဲလ်ရဲ့ စွမ်းအင်ထုတ်ပေးရာ နေရာ (powerhouse of the cell) လို့ ခေါ်ကြတဲ့ မိုက်တိုခွန်ဒြိယ (Mitochondria) ကနေ အများဆုံးထုတ်လုပ်ပြီး ဆိုက်တိုပလာဇမ် (cytoplasm) ကနေလဲ အနည်းငယ် ထုတ်ပေးလေ့ရှိပါတယ်။ ATP စက်ဝန်းမှာဆိုရင် ဖော့စဖိတ် သုံးလုံးပါတဲ့ ATP က စွမ်းအင်ထုတ်တဲ့အခါ ဖော့စဖိတ်တစ်လုံး ထွက်သွားပြီး နှစ်ခုသာကျန်တာကြောင့် ADP (Adenosine Diphosphate) ဖြစ်သွားပါတယ်။ ကျန်ရှိနေတဲ့ ADP က ဖော့စဖိတ်ကို ရယူလိုက်တဲ့အခါ ဖော့စဖိတ်သုံးလုံး ပြန်ဖြစ်သွားပြီး ATP ပြန်ဖြစ်သွားပါတယ်။
- ဇီဝတွင်း ဖြစ်ပျက်ခြင်း (metabolism),
- DNA/RNA ပြုလုပ်ခြင်း (DNA/RNA Synthesis),
- ဆဲလ်အတွင်း သတင်းအချက်အလက် ပေးပို့ခြင်း (Intracellular Signaling)
စတာတွေမှာလဲ ATP အဓိက လိုအပ်ပါတယ်။