
အသာရိုမာ (Atheroma)
အသာရိုမာ (Atheroma) ဆိုတာ သွေးလွှတ်ကြောနံရံတွေမှာ စုပုံလေ့ရှိတဲ့ အဆီလွှာစု ဖြစ်ပြီး သွေးတွင်းမှာ လည်ပတ်နေတဲ့ ကိုလက်စထရော (Cholesterol)၊ ပရိုတင်း (Protein) စတဲ့ ဇီဝပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
သွေးလွှတ်ကြောနံရံရဲ့ အတွင်းအနားကွပ် (Endothelial Lining) မှာရှိတဲ့ ဆဲလ်တွေဟာ အလွန်မြင့်တဲ့ သွေးတွင်းဖိအားကြောင့်ဖြစ်ဖြစ်၊ အဆိပ်ရှိဓာတုပစ္စည်းတွေကြောင့်ဖြစ်ဖြစ် တစ်ခါတရံမှာ ပေါက်ပြဲတတ်ပါတယ်။ အဲဒီလို ပေါက်ပြဲသွားပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ရောင်ရမ်းမှုကို စတင်တုံ့ပြန်ပြီး၊ သွေးဖြူဆဲလ်တွေဟာ ပေါက်ပြဲရာနေရာမှာ ကိုလက်စထရော၊ ပရိုတင်း စတဲ့ သွေးတွင်းဓာတုပစ္စည်းတွေကို စုပုံစေတာပါ။ ဒီလိုစုပုံမှုကြောင့် သွေးကြောနံရံမှာ အဆီလွှာစု ဖြစ်ပေါ်လာပြီး ဒါကို အသာရိုမာ (Atheroma) လို့ ခေါ်ဝေါ်ပါတယ်။
အသာရိုမာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ရှူးမျှင်တွေနဲ့ ကယ်(လ်)ဆီယမ်ဆားတွေ စုပြုံလာတာကြောင့် ပိုမာကြောလာပြီး သွေးကြောကို တစ်စိတ်တစ်ပိုင်း (ဒါမှမဟုတ်) အပြည့်အဝ ပိတ်ဆို့လိုက်နိုင်ပါတယ်။ သွေးလွှတ်ကြောနံရံတွေကလဲ အဆီလွှာထုတွေကြောင့် မာကြောတာ၊ ကျုံ့တာတွေ ဖြစ်လာပြီး သွေးလွှတ်ကြောမာရောဂါ (Arteriosclerosis) အမျိုးအစားတစ်ခုဖြစ်တဲ့ Atherosclerosis ခေါ် သွေးတွင်းအဆီစုရာကနေဖြစ်တဲ့ ရောဂါ ခံစားရနိုင်တာပါ။ တစ်ခါတလေမှာ ဒီ အသာရိုမာအဆီလွှာတွေဟာ စုပုံတဲ့နေရာကနေ သွေးနဲ့အတူ စီးဆင်းသွားပြီး နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောလို တခြားအရေးကြီးအင်္ဂါတွေကို ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုပိတ်ဆို့ရာကနေတစ်ဆင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဦးနှောက်သွေးကြောပြတ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါတွေထိ ဖြစ်နိုင်တာပါ။ ။