
ကူးစက်ရောဂါဗေဒ (Epidemiology)
ကူးစက်ရောဂါဗေဒ (Epidemiology) ဆိုတာ ဆေးသိပ္ပံရဲ့ ကိုင်းခွဲပညာရပ်တစ်ခုဖြစ်ပြီး၊ ရောဂါ (ဒါမှမဟုတ်) ကစဉ့်ကလျားဖြစ်စဉ် (Disorder) တစ်မျိုးမျိုးရဲ့ ဖြစ်ပေါ်လာပုံ၊ ကူးစက်ပုံနဲ့ ထိန်းချုပ်ပုံ အကြောင်းခံတွေကို လေ့လာတဲ့ ဘာသာရပ်ပါ။ အဓိကတော့ ဦးတည်လေ့လာမဲ့ ရောဂါတစ်ခုကို လူဘယ်နှယောက် ကူးစက်ခံရပြီးပြီလဲ၊ ရောဂါကူးစက်ပျံ့နှံ့မှုပုံစံက ဘယ်လိုမျိုးလဲ၊ ဒီကူးစက်မှုနဲ့ ရောဂါက လူ့အဖွဲ့အစည်း၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေကို ဘယ်လို သက်ရောက်နေလဲ စတဲ့ စစ်တမ်းမေးခွန်းတွေပေါ် အခြေခံပြီး ဆန်းစစ်လေ့ရှိတဲ့ ပညာရပ်ပေါ့။
ကူးစက်ရောဂါဗေဒရဲ့ တိုင်းတာချက်တွေက ရောဂါကူးစက်မှုဖြစ်စဉ်သစ် (Incidence) နဲ့ ရှိနှင့်ပြီးရောဂါဖြစ်စဉ် (Prevalence) လို အချက်တွေကို အမှီပြုလေ့ရှိပြီး၊ ပညာရပ်သုံး အချက်အလက်အများစုဟာ ရောဂါရှင်တွေရဲ့ စစ်တမ်းကနေ လာတာပါပဲ။ ဒါ့အပြင် ဒီပညာရပ်ဟာ ကူးစက်ခံလူနာ၊ ပြန့်ပွားရာ အချိန်နဲ့ နေရာတွေကနေ ကူးစက်မှုကွန်ရက်ပုံစံကို စူးစမ်းပြီး ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းရင်း၊ ပြန့်ပွားစေတဲ့ အကြောင်းခံတွေကို လေ့လာဆန်းစစ်တာ ဖြစ်ပါတယ်။ ဥပမာ၊ ငှက်ဖျားရောဂါဆိုရင် အပူပိုင်းဒေသတွေမှာ အဓိက အဖြစ်များတယ်ဆိုတဲ့ အချက်ကနေ ရာသီဥတုအကြောင်းတရားနဲ့ ရောဂါသယ်ဆောင်တဲ့ ပိုးမွှားရဲ့ ဘဝစက်ဝန်းကို တွဲလေ့လာနိုင်တာပါ။ ။