July 21, 2026 | မြန်မာ
“Greenhouse Effect ဆိုတဲ့ စကားလုံးကို သင်သိပါသလား . . . ?”
📅 April 27, 2026 👤 Fact Hub Editorial

ဖန်လုံအိမ်အာနိသင် (Greenhouse Effect)

ဖန်လုံအိမ်အာနိသင်ဆိုတာ ကမ္ဘာ့လေထုထဲက ဓာတ်ငွေ့တွေဟာ နေကလာတဲ့ အပူလှိုင်းတွေကို ပြန်ထွက်မသွားအောင် ပိတ်လှောင်ထားလိုက်တဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။  ဖန်လုံအိမ် (Greenhouse) ဆိုတာကတော့ နှစ်ဖက်ဖောက်မြင်-ဖန်သား (Transparent Glass) နဲ့ ဆောက်လုပ်ထားတဲ့ အထူးအဆောက်အအုံ တစ်ခုဖြစ်ပြီး အပင်တွေကို ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကနေ ကာကွယ်ဖို့ သူ့ကို စိုက်ပျိုးရေးမှာ သုံးကြပါတယ်။ ဖန်လုံအိမ်က နေ့ဘက်မှာ နေကလာတဲ့ အပူစွမ်းအင်တွေ ပြန်ထွက်မသွားအောင် လှောင်ထားပေးတဲ့အတွက် ဆောင်းတွင်းမှာတောင် အပင်တွေကို သင့်တင့်တဲ့ အပူချိန်တစ်ခုမှာ ထားပေးနိုင်ပါတယ်။ ကမ္ဘာ့သက်ရှိတွေရဲ့ နေထိုင်ကျက်စားရာ ‘အိမ်’ ဖြစ်နေတဲ့ အကြောင်းအရင်းကလဲ ဖန်လုံအိမ် အာနိသင်ဟာ ကမ္ဘာ့အပူချိန်ကို မပူလွန်း၊ မအေးလွန်းတဲ့ ပျမ်းမျှအပူချိန် 15 °C (59 °F) လောက်မှာ ထိန်းသိမ်းပေးထားလို့ပါ။

ဒါပေမဲ့ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas) ပမာဏ များပြားလာတဲ့အခါ ကမ္ဘာကြီးပူနွေးမှု-ဆီ ဦးတည်လာတော့တယ်။ ဒါကိုရှင်းပြရရင် ပထမဆုံးအနေနဲ့ နေရောင်ခြည်ဟာ (လှိုင်းအလျားတိုတဲ့) မြင်နိုင်တဲ့အလင်း (Visible Light) အနေနဲ့ ကမ္ဘာ့လေထုကို ဖြတ်ကျော်လာပါတယ်။ နောက်၊ ကမ္ဘာမြေပေါ်ကို ကျရောက်တဲ့အခါ ကမ္ဘာမြေက သူ့ကို စုပ်ယူပြီး (လှိုင်းအလျားရှည်တဲ့) အနီအောက်ရောင်ခြည် (Infrared Radiation) အဖြစ် ပြန်ထုတ်လွှတ်ပါတယ်။ အဲဒီအနီအောက်ရောင်ခြည်-တွေဟာ လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ ထိတွေ့မိပြီး တစ်ဖန် စွမ်းအင်တွေ စုပ်ယူခံရတာကြောင့် အာကာသ (Space) ထဲ ပြန်မသွားနိုင်တော့ပါဘူး၊ အကျိုးဆက်အနေနဲ့ ကမ္ဘာ့လေထုထဲမှာပဲ ပိတ်မိနေပြီး ကမ္ဘာကြီးကို ပူနွေးစေတော့တာပေါ့။ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) ၊ မီသိန်း (Methane) ၊ အိုဇုန်း (Ozone) ၊ နိုက်ထရက်(စ်)အောက်ဆိုဒ် (Nitrous Oxide) ၊ ကလိုရိုဖလိုရိုကာဗွန် (Chlorofluorocarbon) နဲ့ ရေငွေ့ (Water Vapor) တွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့တွေပဲ ဖြစ်ပါတယ်။ ဆိုတော့ လေထုထဲမှာ ဒီဓာတ်ငွေ့တွေ သင့်တင့်တဲ့ ပမာဏရှိနေရင် ကမ္ဘာကြီးကို သင့်လျော်တဲ့ အပူချိန်ရှိအောင် ထိန်းပေးထားပြီး အကျိုးပြုပေမဲ့ များပြားလာတဲ့အခါမှာတော့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.