
Lymphadenitis ဆိုတာက ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်တစ်ခုဖြစ်ပြီး (lymph nodes) ရောင်ရမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ lymph nodes တွေမှာ ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးတဲ့ သွေးဖြူဥဆဲလ်တွေ ပါဝင်ပါတယ်။ lymph nodes တွေ ရောင်လာရတာက များသောအားဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုကတစ်ဆင့် ကူးစက်မှုကြောင့်ပါ။ ကင်ဆာကြောင့် ရောင်လာတာမျိုးလဲ ဖြစ်နိုင်ပေမဲ့ ဒါကတော့ ဖြစ်လေ့ဖြစ်ထ နည်းပါးတယ်လို့ ဆိုထားပါတယ်။ (John Hopkins Medicine, n.d)
လူ့ခန္ဓာကိုယ်မှာ lymph nodes ပေါင်း ၆၀၀ ခန့်ရှိပြီး အဓိကအားဖြင့်တော့ မေးရိုးအောက်၊ ချိုင်းနဲ့ ပေါင်ခြံမှာသာ တွေ့ရလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သေးငယ်ပျော့ပျောင်းတဲ့ အကြိတ်လေးတွေဖြစ်ပြီး ကူးစက်မှုကြောင့် ရောင်လာချိန်မှာတော့ ၂ လက်မခန့်အထိ ကြီးမားလာပြီး မာကျစ်ကျစ် အစိုင်အခဲအဖြစ် ပေါ်ထွက်လာတတ်ပါတယ်။ ရောင်ရမ်းစဉ်ကာလအတွင်း နာကျင်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်း၊ ရောင်တဲ့နေရာတဝိုက် အပူငွေ့ငွေ့ရှိနေပြီး အရေပြားအရောင် နီရဲခြင်းနဲ့ ပြည်ယိုခြင်း စတာတွေ ဖြစ်တတ်ပါတယ်။