
မိုက်စနာ သက်ရောက်မှု (Meissner Effect) မိုက်စနာ သက်ရောက်မှုဆိုတာ အရာဝတ္ထုတစ်ခုကို Critical Temperature (စူပါလျှပ်ကူးပစ္စည်းအဖြစ် စတင်ပြောင်းလဲတဲ့ အပူချိန်အမှတ်) အောက်ထိ အအေးခံလိုက်တဲ့အခါ သူ့ရဲ့ အတွင်းမှာရှိတဲ့ သံလိုက်စက်ကွင်းတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး လျှပ်စီးကြောင်းတွေစီးကူးဖို့ လျှပ်စစ်ခုခံမှု (Electrical Resistance) မရှိတော့ဘဲ စူပါလျှပ်ကူးပစ္စည်း (Superconductor) အဖြစ် ကူးပြောင်းသွားတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ ပြင်ပသံလိုက်စက်ကွင်းတစ်ခု သက်ရောက်တဲ့အခါ စူပါလျှပ်ကူးပစ္စည်းရဲ့ မျက်နှာပြင်မှာ လျှပ်စီးကြောင်းတွေ ဖြစ်ပေါ်လာပြီး ပြင်ပသံလိုက်စက်ကွင်းနဲ့ ပမာဏတူညီကာ လားရာဆန့်ကျင်ဘက်ဖြစ်တဲ့ သံလိုက်စက်ကွင်းကို ထုတ်လုပ်ပေးပါတယ်။ ပြင်ပသံလိုက်စက်ကွင်းက နာနိုမီတာအဆင့်အထိ ပါးလွှာတဲ့ London Penetration Depth, LPD အထိပဲ ထိုးဖောက်နိုင်ပြီး၊ စူပါလျှပ်ကူးပစ္စည်းအတွင်းမှာတော့ သံလိုက်စက်ကွင်း လုံးဝမရှိသလောက် ဖြစ်သွားတာပါ။ ဒီနေရာမှာ စူပါလျှပ်ကူးပစ္စည်းကို ဂုဏ်သတ္တိပေါ် မူတည်ပြီး နှစ်မျိုးခွဲလို့ရပါတယ်။အမျိုးအစား (၁) စူပါလျှပ်ကူးပစ္စည်း (Type I Superconductor) — ဥပမာ ခဲမဖြူ (Tin) နဲ့ ပြဒါး (Mercury) တွေမှာ ဓာတုအရောအနှော (Chemical Impurity) တွေနဲ့ ပုံဆောင်ခဲကွန်ယက် (Crystal Lattice) ချို့ယွင်းချက်တွေကို ဖယ်ထုတ်ကာ၊ သင့်လျော်တဲ့ ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေကို ရွေးချယ်အသုံးပြုခြင်းဖြင့် မိုက်စနာ သက်ရောက်မှု အပြည့်အဝ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ အမျိုးအစား (၂) စူပါလျှပ်ကူးပစ္စည်း (Type II Superconductor) — ဥပမာ ဗနေဒီယမ် (Vanadium) နဲ့ နီယိုဘီယမ် (Niobium) တွေမှာတော့ ဘယ်လို ပုံသဏ္ဌာန်နဲ့ အရွယ်အစား ရှိနေပါစေ အလယ်အလတ် သံလိုက်စက်ကွင်းအား သက်ရောက်တဲ့အခါ မိုက်စနာ သက်ရောက်မှု တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပေါ်ပါတယ်။ ဆိုလိုတာကတော့ စူပါလျှပ်ကူးပစ္စည်းအတွင်းကို သံလိုက်စက်ကွင်းတစ်ချို့ ဖြတ်သန်းနိုင်သေးတာပါ။ မိုက်စနာ သက်ရောက်မှုရဲ့ သံလိုက်တွန်းကန်အားနဲ့ Flux Pinning ဆိုတဲ့ စူပါလျှပ်ကူးပစ္စည်းအတွင်းက အပြစ်အနာအဆာ (Defect) တွေကြောင့် သံလိုက်စက်ကွင်းမျဉ်းတွေကို တစ်နေရာထဲမှာ တည်မြဲနေစေတဲ့ ဖြစ်စဉ်တို့ ပေါင်းစပ်သွားတဲ့အခါ၊ စူပါလျှပ်ကူးပစ္စည်းအပေါ် တင်ထားတဲ့ သံလိုက်ဟာ လေပေါ်မှာ တည်တည်ငြိမ်ငြိမ် ပျံဝဲနေနိုင်တာပါ။