
ယာကော့စကီး သက်ရောက်မှု (Yarkovsky Effect) ဂြိုဟ်သိမ်ဂြိုဟ်မွှား (Asteroid) တွေရဲ့ မျက်နှာပြင်က နေ့ဘက်မှာ နေရောင်ခြည်ကို စုပ်ယူကာ အပူချိန်တက်လာပြီး ညဘက် ပြန်အေးသွားတဲ့အခါမှာတော့ စုပ်ယူထားတဲ့ အပူတွေကို ရောင်ခြည်အဖြစ် ပြန်ထုတ်လွှတ်ပါတယ်။ အဲဒီလို အပူရောင်ခြည်ထုတ်လွှတ်မှုတွေက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေအပေါ် ဒုံးစက်အငယ်စား (Mini-Thruster) လေးတစ်ခုလို တွန်းအားသက်ရောက်စေတာကို ယာကော့စကီး သက်ရောက်မှု (Yarkovsky Effect) လို့ ခေါ်တာပါ။ ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေအတွက်တော့ ဒီသက်ရောက်မှုက သိပ်မသိသာပေမဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေမှာတော့ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ပတ်လမ်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုရဲ့ ဖွဲ့စည်းပုံ၊ ပုံသဏ္ဌာန်၊ မျက်နှာပြင်အနေအထား စတဲ့ အချက်တွေကလဲ ယာကော့စကီး သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တွန်းအား (Yarkovsky Thrust) ရဲ့ ပမာဏနဲ့ ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲပေးနိုင်ပါတယ်။