July 21, 2026 | မြန်မာ
Biology

“မတော်တဆတွေ့ရင်းကနေ အသက်သန်းချီ ကယ်နိုင်ခဲ့တဲ့ ဆေး”

🔬 Biology 📅 April 30, 2026 👤 Fact Hub Editorial

စာဖတ်သူတို့ နေ့စဉ်ဘဝမှာ ပုံမှန်အသုံးပြုနေတဲ့ ဆေးတစ်မျိုးက မတော်တဆရှာဖွေတွေ့ရှိရင်းကနေ သန်းနဲ့ချီတဲ့ လူတွေရဲ့အသက်ကို ကယ်နိုင်ခဲ့တယ်ဆိုတာ သိပါသလား . . . ?။၁၉၂၈ ခုနှစ်မှာ သိပ္ပံပညာရှင် အလက်ဇန်းဒါး ဖလင်းမင်းဟာ သူ့ဓာတ်ခွဲခန်းထဲမှာ ပိုးမွှားတွေကို စမ်းသပ်ရင်း အားလပ်ရက် ခရီးထွက်သွားပါတယ်။ သူပြန်လာချိန်မှာ ခရီးမထွက်ခင်က ထားခဲ့တဲ့ စမ်းသပ်ခွက်ထဲ မှိုတစ်မျိုး တက်နေတာ တွေ့လိုက်ရတယ်။ ထူးခြားတာက အဲဒီမှိုတွေက သူ့ဘေးပတ်ပတ်လည်မှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေ အားလုံးကို တုံးလုံးပက်လက်သေနေစေခဲ့တာပဲ။ ဒီလိုကနေ ပဋိဇီဝဆေးတို့ရဲ့ ဘိုးအေ၊ အသက်သန်းချီကို သေမင်းတမန်လက်ကနေ ပြန်ဆွဲခေါ်နိုင်သူ ပင်နီဆလင် (Penicillium notatum) ကို တွေ့ရှိခဲ့ပါတယ်။ ပင်နီဆလင်ဟာ ဆေးလောကရဲ့ အကြီးမားဆုံးသော ရှာဖွေတွေ့ရှိမှုတွေထဲက တစ်ခုပါ။―――――――▪️ ပင်နီဆလင် ဘယ်လို အလုပ်လုပ်လဲ . . . ?ဘက်တီးရီးယားတွေကို “အိမ်လေးတစ်လုံး” လို့ မြင်ကြည့်ပါ။ ဒီအိမ်လေး ပြိုမကျအောင် အကာအကွယ် နံရံ (Cell Wall) ကို အုတ်ခဲတွေနဲ့ အခိုင်အမာ တည်ဆောက်ထားရပါတယ်။ ပင်နီဆလင်ရဲ့ အလုပ်ကတော့ အဲဒီအိမ်နံရံကို ဆောက်နေတဲ့ ပန်းရံဆရာ (ဒါမှမဟုတ်) အင်ဇိုင်းတွေကို အလုပ်လုပ်လို့မရအောင် သွားလက်ထိပ်ခတ်လိုက်တာပါပဲ။ နံရံဆောက်မဲ့ ပန်းရံဆရာ မရှိတော့တဲ့အခါ အိမ်နံရံကြီးက အပေါက်တွေ ဖြစ်လာတယ်။ ဘက်တီးရီးယားအိမ်ထဲကို ပြင်ပက အရည်တွေ အတင်းတိုးဝင်လာပြီး အတွင်းက ဖိအားကြောင့် “လေအမှုတ်လွန်လို့ ပေါက်ထွက်သွားတဲ့ ပူဖောင်း” လို ပွင့်ထွက်သေဆုံးကုန်ကြပါတယ်။ ဘက်တီးရီးယားတွေရဲ့ ဆဲလ်နံရံတည်ဆောက်ပုံကို ပံ့ပို့ပေးတဲ့ ‘ဘိလပ်မြေ’ အလွှာကို ပက်တီဒိုဂလိုင်ကန် (Peptidoglycan) လို့ ခေါ်ပါတယ်။ ပင်နီဆလင်ကတော့ ဘီတာ-လက်တမ် (Beta-lactam) အမည်ရ ဆေးအုပ်စုဝင်တစ်ခုပါ။ နံရံကူဆောက်ပေးတဲ့ ပန်းရံဆရာ အင်ဇိုင်းတွေကိုတော့ ပင်နီဆလင်-တွဲစပ်ပရိုတိန်း (Penicillin-binding protein – PBP) လို့ ခေါ်ပါတယ်။ ပင်နီဆလင်က ဘက်တီးရီးယားဆဲလ်နံရံတွေကို တိုက်ဖျက်ဖြိုခွဲပေမဲ့ လူတွေရဲ့ ခန္ဓာကိုယ်ကိုတော့ အန္တရာယ် မပြုပါဘူး။ အကြောင်းက လူသားတွေကို တိရစ္ဆာန်ဆဲလ် (Animal cell) တွေနဲ့ ဖွဲ့စည်းထားပြီး ဆဲလ်နံရံမရှိတာကြောင့်ပါ။ ―――――――▪️ ဆေးအမျိုးအစားနဲ့ ဖွဲ့စည်းပုံပင်နီဆလင်မှာ မျိုးကွဲတွေ ရှိပါတယ်။ ဘန်ဇိုင်းပင်နီဆလင်ခေါ် Penicillin G (Benzylpenicillin) ကတော့ အသုံးအများဆုံးပါ။ သောက်ဆေးထက် ထိုးဆေးအဖြစ် သုံးတတ်ကြပြီး ဆေးအာနိသင် ပိုတည်မြဲဖို့ ဆိုဒီယမ်၊ မဟုတ်လဲ ပိုတက်ဆီယမ်ဆားတွေနဲ့ တွဲစပ်ပေးလေ့ ရှိပါတယ်။ သူက ပိုးမွှားအုပ်စုတချို့ကိုပဲ တိုက်နိုင်လို့ ‘နယ်ကန့် ပဋိဇီဝဆေး’ (Narrow-spectrum Antibiotics) လို့လဲ နာမည်တွင်တာပါ။ တခြားပင်နီဆလင်မျိုးကွဲတွေက အမောက်စီဆလင် (Amoxicillin)၊ ပင်နီဆလင်-ဖိုက် (Penicillin V)၊ အန်ဖီဆလင် (Ampicillin) နဲ့ ဒိုင်ကလိုဆလင် (Dicloxacillin) အပြင် အသီးသီးရှိကြပါတယ်။ ဒီဆေးမျိုးကွဲတွေ အားလုံးကို ခြုံပြီး အဓိအမျိုးအစားကြီး လေးခု ထပ်ကွဲပါသေးတယ်။ ပင်နီဆလင်ကို ဓားတစ်လက်လို့ မြင်ကြည့်ရင် အစိတ်အပိုင်း နှစ်ခု ပါပါတယ်။ လေးထောင့်ကွင်း (Beta-lactam ring) က ပိုးမွှားတွေကို တိုက်ခိုက်တဲ့ ဓားသွားပါ — အာနိသင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ ပဉ္စဂံပုံစံ (Thiazolidine ring) ကတော့ ဓားသွား ကိုင်လို့ရအောင် ထိန်းပေးထားတဲ့ ဓားလက်ကိုင်လိုမျိုးပါ။ ပင်နီဆလင်ဖွဲ့စည်းပုံရဲ့ အားနည်းချက်တစ်ခုက ဆေးထဲက လေးထောင့်ကွင်းကို တွဲစပ်ချည်တုပ်ထားပေးတဲ့ နှောင်ကြိုး – အာမိုက်(ဒ်) ဓာတ်စည်း (Amid Bond) က နုနယ်ပြီး ခန္ဓာကိုယ်ထဲက အက်ဆစ်၊ ဒါမှမဟုတ် ဘက်တီးရီးယားတွေနဲ့ ပက်ပင်းကြုံချိန်မှာ ပြတ်တောက်သွားတတ်ပါတယ်။ နှောင်ကြိုးပြတ်သွားရင် ဓားရိုးကျိုးသလို ဖြစ်ပြီး ဆေးက အာနိသင်မကျန်တော့ပါဘူး။ ဒါကိုပဲ ဘက်တီးရီးယားတွေက ဆေးဒဏ်ခံနိုင်သွားတယ်၊ ‘ဆေးယဉ်ပါး’ တယ်လို့ ခေါ်တာပေါ့။ ချုပ်ရရင် ပင်နီဆလင်ဟာ ဒီဘက်ခေတ် ဆေးသိပ္ပံမှာ အရေးပါထိရောက်တဲ့ ဆေးအမျိုးအစားတစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ခုခံတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့ တစ်ဖက်မှာလဲ ဆေးယဉ်ပါးတဲ့ ပြဿနာက ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေပါတယ်။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ အမြဲတစေ ကိုယ့်ဆန္ဒနဲ့ကိုယ် အသုံးပြုနေရင် ဆေးယဉ်ပါးတဲ့ဒဏ် ပိုဆိုးလာနိုင်တာကို သတိချပ်ဖို့ အသိပေးပါရစေ။ ။ပြန်ချုပ်ရရင် Penicillin ဆေးအမျိုးအစားက ဒီဘက်ခေတ် ဆေးဝါးနယ်ပယ်မှာ အရေးပါးတဲ့ ဆေးအမျိုးစားတစ်ခုပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဆိုပေမဲ့ တဖက်မှာလည်း ကန့်သတ်ချက်တွေရှိပြန်ပါတယ်။ အမြဲအသုံးပြုနေရင် ဆေးယဉ်သွားနိုင်တာမလို့ ဆရာ၀န်ရဲ့ ညွှန်ကြားချက်ပါမှ သောက်သုံးသင့်ပါတယ်။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.