“မျက်စိရှေ့မှာတင် ပျောက်နေတဲ့ နှာခေါင်း”
နှာခေါင်းက လူတွေရဲ့ ရှေ့တည့်တည့်မှာ အမြဲတမ်း ရှိနေပေမဲ့ သေချာ အာရုံစိုက် မကြည့်တာကြောင့် သတိမထားမိကြပါဘူး။ ဒီလိုဖြစ်ရတာက နှာခေါင်းကို မမြင်ရလို့ မဟုတ်ဘဲ လူတွေရဲ့ ဦးနှောက်က အလိုလို လျစ်လျူရှုထားလိုက်လို့ပါ။ ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေကတော့ မသိလိုက်ဘဲ အာရုံစိုက်ခြင်း (Unconscious Selective Attention) လို့ ခေါ်ပါတယ်။ လူတွေရဲ့ ဦးနှောက်က အရေးကြီးတယ်လို့ ယူဆရတဲ့ အရာတွေကို အာရုံစိုက်နိုင်ဖို့ တချို့အာရုံခံစားမှုတွေကို လျစ်လျူရှုထားတတ်ပါတယ်။ ဒါကြောင့် ဦးနှောက်အနေနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ နှာခေါ င်းကို လျစ်လျူရှုထားလိုက်တာပါ။ ဒါပေမဲ့ သေသေချာချာ အာရုံစိုက်ကြည့်လိုက်ရင် မျက်လုံးရဲ့ ထောင့်စွန်းလေးမှာ နှာခေါင်းကို မြင်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက Binocular Fusion လို့ ခေါ်တဲ့ အမြင်အာရုံ ပေါင်းစပ်မှုဖြစ်စဉ်ကြောင့် ဖြစ်ပြီး မျက်လုံးတစ်ဖက်စီက သူတို့ပတ်ဝန်းကျင်ရဲ့ အနည်းငယ် မတူညီတဲ့ ပုံရိပ်တွေကို ဖမ်းယူပြီး ဦးနှောက်က မြင်ကွင်းတစ်ခုထဲအဖြစ် ပေါင်းစပ်ပေးလို့ပါ။ နှာခေါင်းက မျက်လုံးနဲ့ နီးကပ်နေတာကြောင့် မျက်လုံးတစ်ဖက်စီက မြင်ရတဲ့ နှာခေါင်းပုံစံက အနည်းငယ်စီ ကွဲပြားပါတယ်။ ဒါ့ကြောင့် ဦးနှောက်က ပုံရိပ်နှစ်ခုကို ပေါင်းစပ်တဲ့အခါ မြင်ကွင်းကို အနှောင့်အယှက် မဖြစ်အောင် နှာခေါင်းကို ဖျောက်ထားပေးလိုက်တာပါ။ မဟုတ်ရင် လူတွေရဲ့ မြင်ကွင်းအလယ်မှာ နှာခေါင်းပုံစံကို ဝါးဝါးကြီးနဲ့ မြင်နေရမှာပါ။ နောက်ထပ် နှာခေါင်းကို မမြင်စေတဲ့ အချက်က အာရုံခံစားမှု ဖြည့်စွက်ခြင်း (Perceptual Filling-In) ဆိုတဲ့ ဖြစ်စဉ်ကြောင့်ပါ။ ဦးနှောက်က မြင်ကွင်းထဲမှာ အရေးမပါတဲ့ အချက်အလက်တွေနဲ့ ထပ်တလဲလဲ မြင်နေရတာတွေကို အမြဲဖယ်ထုတ်ပေးနေပြီး၊ မြင်သင့်တယ်လို့ ယူဆတဲ့ အရာတွေနဲ့ အစားထိုးဖြည့်စွက်၊ တည်းဖြတ်ပေးနေတာပါ။ နှာခေါင်းဆိုတာ မျက်စိရှေ့မှာ အမြဲရှိနေပေမဲ့ ထူးထူးခြားခြား အသုံးဝင်တဲ့ အချက်အလက်မျိုး မပေးနိုင်တဲ့အတွက်၊ နောက်ခံ ဆူညံသံတွေလို ကြာလာရင် သတိမထားမိတော့သလိုမျိုးပဲ ဦးနှောက်က နှာခေါင်းကို သူ့အလိုလို မျက်ကွယ်ပြုထားလိုက်တာပါ။ ဒီအချက်တွေကြောင့်ပဲ လူတွေက နေ့စဉ်လှုပ်ရှားသွားလာကြတဲ့အခါ ကိုယ့်နှာခေါင်းကိုယ် မမြင်ရတော့တာပါပဲ။ ။