July 18, 2026 | မြန်မာ
Physics

လျပ်စစ်စွမ်းအင် မလိုဘဲ ဆယ်စုနှစ်ကြာ လင်းစေနိုင်တဲ့ အလင်း

🔬 Physics 📅 April 28, 2026 👤 Fact Hub Editorial

Radioluminescence (ရေဒီယိုလူးမီးနက်ဆင့်) ဆိုတာ အိုင်းယွန်းပြု ဓာတ်ရောင်ခြည် (Ionizing Radiation) တွေက အလင်းလွှတ်ပစ္စည်း (ဖော့စ်ဖော – Phosphor) ကို သွားရောက် ထိမှန်တဲ့အခါ အလင်းထွက်ပေါ်လာတဲ့ ရူပဗေဒ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအလင်း ထွက်ပေါ်လာဖို့ အပူစွမ်းအင်၊ ဒါမှမဟုတ် ပြင်ပက လျှပ်စစ်ဓာတ်အား ပေးနေစရာ မလိုလို့ သူ့ကို ‘အေးမြတဲ့ အလင်း (Cold light)’ လို့ ခေါ်ကြတာပါ။ 

လျှပ်စစ်မလိုဘဲ အမြဲတမ်း လင်းလက်နေဖို့အတွက် အဓိက အစိတ်အပိုင်း (၂) ခု လိုပါတယ်။ 

၁။ စွမ်းအင်အရင်းအမြစ် (Radioactive Isotope)

အလင်းထွက်ဖို့ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်ဒြပ်စင်တွေက စွမ်းအင်ပေးပါတယ်။ ဒီဘက်ခေတ်မှာတော့ စွမ်းအင်နိမ့် Beta အမှုန်လေးတွေ ထုတ်ပေးတဲ့ ထရီတီယမ် (Tritium – H3) နဲ့ ပရိုမီသီယမ် (Promethium-147) တို့ကို အဓိက သုံးကြတာပါ။ သူတို့ဆီက ထွက်တဲ့ Beta အမှုန်ဟာ စွမ်းအင်နည်းပြီး လူ့အရေပြားကို မဖောက်နိုင်လို့ အသုံးပြုရတာ ဘေးကင်းပါတယ်။

၂။ အလင်းထုတ်ပေးမဲ့ ပစ္စည်း (Phosphor)

ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရင် အလင်းပြန်လွှတ်ပေးမဲ့ ပစ္စည်းဖြစ်ပြီး ဇင့်ဆာလ်ဖိုက် (Zinc Sulfide – ZnS) ကို အများဆုံး သုံးကြပါတယ်။ ဇင့်လ်ဆာလ်ဖိုက်က ဖော့စ်ဖောတစ်မျိုးပါ။ 

▪️ ဘယ်လို အလင်းထွက်သလဲ . . . ?

ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်ကနေ ထွက်လာတဲ့ Beta အမှုန်လေးတွေက ဖော့စဖာ (Phosphor) အက်တမ်တွေကို သွားပြီး ရိုက်ခတ်တဲ့အခါ ဖော့စဖာ အက်တမ်ထဲက အီလက်ထရွန်လေးတွေမှာ စွမ်းအင်ပိုင်ဆိုင်မှု မျိားသွားပြီး မငြိမ်မသက်ဖြစ်တဲ့ အခြေအနေ (Excitation) ကို ရောက်သွားပါတယ်။ အဲလို မငြိမ်မသက်ဖြစ်နေတဲ့ အီလက်ထရွန်တွေဟာ သူတို့ရဲ့ မူလတည်ငြိမ်တဲ့ အခြေအနေ (Ground state) ကို ပြန်ဆင်းဖို့ ကြိုးစားတဲ့အခါမှာ ပိုလျှံနေတဲ့ စွမ်းအင်တွေကို ဖိုတွန်အလင်းမှုန် (Photon) တွေ အဖြစ် အပြင်ကို ထုတ်လွှတ်လိုက်တာကြောင့် အလင်းကို မြင်ရတာမျိုးပါ။

 ▪️ ရေဒီယမ်ကောင်မလေးတွေ . . . 

၂၀ ရာစုအစောပိုင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်သားတွေ ညဘက် နာရီကြည့်လို့ရအောင် စက်ရုံတွေမှာ အမျိုးသမီး အလုပ်သမားတွေက နာရီလက်တံတွေကို ရေဒီယမ် (Radium-226) ဆေးနဲ့ ခြယ်သခဲ့ကြပါတယ်။ အဲတုန်းက စုတ်တံထိပ်လေးတွေ ချွန်သွားအောင် လျှာနဲ့ တို့တို့ပြီး အသုံးပြုခဲ့ကြရာကနေ ရေဒီယိုသတ္တိကြွ ရေဒီယမ်တွေ မြိုချမိရင်း ဓာတ်ရောင်ခြည်သင့်မှုကြောင့် မေးရိုးကင်ဆာအပါအဝင် အရိုးကင်ဆာရောဂါတွေ ခံစားခဲ့ကြရပါတယ်၊ ရေဒီယမ်က ခန္ဓာကိုယ်ထဲရောက်ရင် ကယ်လ်စီယမ် (Calcium) နဲ့ သွားတူတာကြောင့် အရိုးတွေထဲ သွားစုပြီး အလုပ်သမားတွေရဲ့ မေးရိုးတွေကို ဆွေးမြည့်သွားစေရင်း ကင်ဆာဖြစ်စေတာမျိုးပါ — ရေဒီယမ်ကောင်မလေးတွေ (Radium girls) ဆိုတဲ့ ဝေါဟာရက အဲဒီက လာပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ရေဒီယိုသတ္တိကြွဒြပ်တွေရဲ့ အန္တရာယ်နဲ့ လုပ်ငန်းခွင်တွေထဲ အကာအကွယ်မရှိ သုံးနေကြတာတွေအတွက် အရေးတကြီးသင်ခန်းစာ ဖြစ်ခဲ့တာပေါ့။ 

▪️ ဘေးကင်းတဲ့ အလင်း

ဒီဘက်ခေတ်မှာတော့ ရေဒီယမ်အစား ဘေးကင်းတဲ့ ထရီတီယမ် (GTLS – Gaseous Tritium Light Sources) ကို သုံးလာကြပါတယ်။ သူ့ဆီက ထွက်တဲ့ Beta ရောင်ခြည်ဟာ အားအလွန်ပျော့တာမို့ စက္ကူတစ်ရွက်လောက်ကိုတောင် ဖောက်ဝင်နိုင်စွမ်း မရှိပါဘူး။ ဖန်ပြွန်ထဲမှာ သေချာ ပိတ်လှောင်ထားတာဖြစ်လို့ ပြွန်မကွဲသရွေ့၊ ရှူမိ မျိုချမိတာမျိုး မရှိသရွေ့ အန္တရာယ် အလွန်နည်းပါတယ်။

အချိန်ကြာရင်တော့ အလင်းက မှိန်သွားတတ်တာပါ။ ရေဒီယိုသတ္တိကြွဒြပ်စင်တွေမှာ နဂိုရှိတဲ့ ဒြပ်ထုပမာဏကနေ ထက်ဝက်လျော့သွားဖို့ သက်တမ်းဘယ်လောက်ကြာကြာ ပြိုကွဲသတ္တိကြွ (decay) ဖို့ လိုသလဲ တိုင်းတာတဲ့ သက်တမ်း – Half-life က ထရီတီယမ်မှာဆိုရင် ၁၂ နှစ်ကျော်ပဲ ရှိပါတယ်။ ဆိုလိုတာက ၁၂ နှစ်ကျော်ရင် သူ့ရဲ့ အလင်းအားက မူလထက်ဝက်ခန့် လျော့နည်းသွားမှာမျိုးပေါ့။ ဒါပေမဲ့ မီးလင်းတဲ့ နာရီဟောင်းတွေ ဆက်မလင်းနိုင်တော့တာက ဓာတ်ရောင်ခြည် ကုန်သွားလို့တင် မဟုတ်ဘဲ ဖော့စ်ဖောကို ရောင်ခြည်မှုန်တွေ အဆက်မပြတ် သွားရိုက်ခတ်နေမှုကြောင့်လဲ ပုံဆောင်ခဲတွေ ယိုယွင်းပျက်စီးကုန်လို့ ဖြစ်ပါတယ်။ 

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.