July 20, 2026 | မြန်မာ
Ecology

“မြေမျက်နှာပြင် ၁၀၆ ဧကကို အုပ်မိုးထားတဲ့ သက်ရှိပန်ဒို “

🔬 Ecology 📅 May 5, 2026 👤 Fact Hub Editorial

ပန်ဒို (Pando) ဆိုတာ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်က မြေမျက်နှာပြင် ၁၀၆ ဧကလောက်ကို ဖုံးလွှမ်းထားတဲ့ သစ်တောအုပ်ကြီးပါ။ ‘ပန်ဒို’ ဆိုတဲ့ နာမည်က လက်တင် (Latin) ဘာသာစကားအရ “ငါ ပြန့်ပွားတယ်” (I Spread) လို့ အဓိပ္ပာယ်ရပါတယ်။ အပြင်ပန်းက ကြည့်ရင် သစ်ပင်ပေါင်း ၄ သောင်းကျော် ‌စုဝေးပေါက်ရောက်နေတဲ့ သစ်တောလို့ ထင်ရပေမဲ့ တကယ့်တကယ်တမ်းက အပင်တစ်ပင်တည်း ဖြစ်ပါတယ်။ 

ပန်ဒိုဟာ မြောက်အမေရိကမျိုးရင်း၊ သိပ္ပံနာမည် ‘ပေါ့ပ်ပြူလက်(စ်) ထရမ်မြူလွိုင်းဒိစ်’ (Populus tremuidoes) ‌လို့ တွင်တဲ့ ‘အက်စပန်’ (Quaking Aspen) ပင်ကြီးပါ။ အရင်က သာမန်တောအုပ်လို့ ထင်ခဲ့ကြပေမဲ့ တောအုပ်အတွင်းမှာ ရှိတဲ့ အက်စပန်ပင်တွေရဲ့ မျိုးဗီဇကို စစ်ကြည့်ပြီး ပန်ဒို‌တောအုပ်က သက်ရှိတစ်ခု (ဒါမှမဟုတ်) အပင်တစ်ပင်တည်း ဖြစ်ကြောင်း ပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။ အကြောင်းက အပင်တိုင်းဟာ မျိုးဗီဇချင်း တစ်ထပ်တည်း တူပြီး အမြစ်တွေကလဲ တစ်ပင်နဲ့တစ်ပင် ကွန်ရက်ကြီးတစ်ခုလို နွယ်ယှက်နေလို့ပါပဲ။ ဒါ့အပြင် ပင်စည်တိုင်းရဲ့ အကိုင်းအခက်တွေက စွမ်းအင်စုတာ၊ အန္တရာယ် ခုခံတာနဲ့ ရွက်ဟောင်းကြွေတာတွေကို တစ်ချိန်တည်းမှာ အပြိုင်လုပ်ကြပါတယ်။ သဘောက တောအုပ်ထဲက အက်စပန်ပင်တွေဟာ နဂိုရှိပြီးသား အပင်တွေကနေ ပွားလာတဲ့ ကလုန်း (Clone) တွေ ဖြစ်ပြီး ပန်ဒိုဟာ ပင်စည်အများကြီး ရှိတဲ့ အပင်ကြီးတစ်ပင်အဖြစ် ရှင်သန်ကြီးထွားနေတယ် ဆိုတာပါ။ ပန်ဒိုရဲ့ သက်တမ်းက နှစ် ၈ သောင်းလောက်ထိ ရှိနေပြီလို့ ခန့်မှန်းထားကြပေမဲ့ ဖြစ်နိုင်ခြေအရတော့ နှစ် ၁၂၀၀၀ ကနေ ၁၆၀၀၀ လောက်ပဲ ရှိမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အလေးချိန်ကတော့ ‌ပေါင် ၁၃ သန်း ရှိတာပါ။ 

လက်ရှိမှာ ပန်ဒိုတောအုပ်ကြီးက တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးနေပါတယ်၊ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ဆက်ပြီး မပြန့်ပွားတော့တာပါ။ ဘာလို့လဲဆိုရင် သမင်တွေ၊ မွေးမြူရေးတိရစ္ဆာန်တွေက အပင်ပွားအသစ်တွေ အရွယ်မရောက်ခင် စားပစ်တာကြောင့် ‌သေသွားတဲ့ အပင်နေရာမှာ အပင်ငယ်/အပင်သစ်တွေ အစားမထိုးနိုင်တော့လို့ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းခံကတော့ လူတွေ အမဲလိုက်လို့ ဒေသမျိုးရင်း သားရဲတွေ ရှားလာပြီး သမင် (Mule Deer) ကောင်ရေ အဆမတန် တိုးလာတာနဲ့ ကျွဲ၊ နွား၊ သိုး စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ပန်ဒိုတောအုပ်ထဲ စားကျက်လွှတ်တာပါ။ နှစ်သောင်းချီ သဘာဝဘေးဒဏ်ကို အန်တုပြီး ရှင်သန်လာခဲ့တဲ့ သက်ရှိကြီးဟာ လူတွေနဲ့ တွေ့မှ ပျက်သုဉ်းရတော့မဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။     ။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.