“အရသာအမျိုးမျိုးအတွက် လျှာမှာ သက်ဆိုင်ရာ အရသာခံဇုန်တွေ ရှိသလား . . . ?“
အရသာအမျိုးမျိုးကို လျှာပေါ်က သက်ဆိုင်ရာ အရသာခံဇုန်တွေကနေ တစ်မျိုးစီ သီးသန့် ခံစားတယ် ဆိုတာ အယူအဆမှားတစ်ခုပါ။ လျှာဖျားက အချိုဓာတ်ကို အရသာခံပြီး လျှာရင်းက အခါးဓာတ်ကို အရသာခံတယ် ဆိုတာမျိုးပေါ့။ တကယ်တော့ အရသာအမျိုးမျိုးကို လျှာရဲ့ ဘယ်နေရာမှာမဆို ခံစားနိုင်ပြီး တချို့နေရာတွေမှာတော့ အရသာတစ်မျိုးမျိုးကို ခံစားနိုင်စွမ်း ပိုမြင့်သွားရုံပါပဲ။ လျှာရင်းက အန္တရာယ်ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေကို မျိုမချခင် အရသာခံ သိနိုင်ဖို့ အခါးဓာတ်ကို ပိုပြီး ခံစားနိုင်စွမ်းမြင့်အောင် ဆင့်ကဲပြောင်းလဲခဲ့တာမျိုးပါ။ အဲဒီလိုပဲ အရသာတွေကို ခံစားနိုင်စွမ်းက လူတစ်ယောက်နဲ့ တစ်ယောက်အလိုက် အနည်းအများ ကွာခြားမှု ရှိပါသေးတယ်။
လျှာပေါ်က သာမန်မျက်လုံးနဲ့ မြင်ရတဲ့ အဖုတွေက အရသာခံဖုတွေ မဟုတ်ပါဘူး၊ သူတို့ကို ပါပေးလ်လာ (Papilla) လို့ ခေါ်ပါတယ်။ အဲဒီ ပါပေးလ်လာတွေက အရသာခံဖု (Taste Bud) တွေကို ဖုံးအုပ် ကာကွယ်ပေးထားတာပါ။ အရသာခံဖုထဲမှာတော့ အရသာခံဆဲလ်တွေ အစုအဝေးလိုက် ရှိပြီး အဲဒီဆဲလ်တွေရဲ့ ထိပ်ပိုင်းမှာ ချို၊ ချဉ်၊ ငန်၊ ခါး၊ အူမာမီ (Umami) ဆိုတဲ့ အရသာ ၅ မျိုးကို အာရုံခံပေးတဲ့ ပရိုတင်းတွေ ရှိပါတယ်။ သဘောက အရသာခံဖု တစ်ခုတည်းမှာတင် အရသာမျိုးစုံကို တုံ့ပြန်နိုင်တဲ့ ပရိုတင်းအမျိုးမျိုး ရှိပြီး အရသာခံဖုတွေကလဲ လျှာတစ်ခုလုံး ပျံ့နှံ့တည်ရှိတာမျိုးပါ။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ရဲ့ လျှာက အရသာခံဖု ၂၀၀၀ ကနေ ၈၀၀၀ လောက်ထိ ပိုင်ဆိုင်တဲ့အပြင် အရသာခံ ပရိုတင်းတွေကနေ အစားအစာရဲ့ အရသာ၊ အထိအတွေ့နဲ့ အပူချိန်ကို တုံ့ပြန်နိုင်စွမ်း အနည်းအများပေါ် မူတည်ပြီး အရသာပေါင်း ၁ သိန်းလောက်အထိ ခွဲခြားသိနိုင်ပါတယ်။ ဒါ့အပြင် လူတွေက အစပ်အရသာလို့ ပြောကြပေမဲ့ အစပ်က အရသာ မဟုတ်ပါဘူး၊ အပူအအေးနဲ့ အထိအတွေ့ကို တုံ့ပြန်တဲ့ အာရုံကြောတွေကတစ်ဆင့် သိရတဲ့ အာရုံခံစားမှု တစ်မျိုးပါ။ အကြောင်းက ကပ်ဆီကမ် (Capsicum) ငရုတ်မျိုးနွယ်ဝင် အသီးတွေမှာ ပူစပ်ပူလောင် ခံစားမှုကို ပေးတဲ့ ကပ်ဆေဆင် (Capsaicin) ဒြပ်ပေါင်း ပါလို့ပါပဲ။ ဒါ့အပြင် အရသာခံစားမှုဟာ လျှာပေါ်က အရသာခံဆဲလ်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘဲ နှာခေါင်းရဲ့ အနံ့ခံအာရုံနဲ့လဲ ဆက်နွယ်နေပါတယ်။ ဒါကြောင့် ကိုယ် မကြိုက်တာကို နှာခေါင်းပိတ်ပြီး စားလိုက်ရင် အဲဒီအစားအသောက်ရဲ့ အရသာက နည်းနည်းပေါ့သွားသလို ခံစားရတာပေါ့။ အချုပ်ပြောရရင် လျှာမှာ အရသာအမျိုးမျိုးအတွက် သက်ဆိုင်ရာ အရသာခံဇုန်တွေ မရှိသလို အရသာခံစားမှုကလဲ အရသာခံဆဲလ်တွေမှာတင် အဆုံးသတ်သွားတာ မဟုတ်ပါဘူး — အရသာခံဆဲလ်၊ အထိအတွေ့နဲ့ အပူအအေးကို အာရုံခံတဲ့ ဆဲလ်၊ အနံ့ခံဆဲလ်တွေကနေ သက်ဆိုင်ရာ အချက်ပြမှုအမျိုးမျိုးကို အာရုံကြောတွေကတစ်ဆင့် ဦးနှောက်ဆီ သတင်းပို့မှ အရသာတွေကို ခံစားနိုင်တာပါ။ ။