ကိုယ့်ရဲ့ ဗီဇတစ်ခုလုံးကို ကန်ဒေါ်လာ ၃၀၀ လောက် သုံးရုံနဲ့ စစ်ဆေးနိုင်တယ်ဆိုရင် ယုံမလား . . . ?

ကမ္ဘာ့ပထမဆုံး လူ့ဗီဇ-ဖော်ထုတ်ရေး စီမံကိန်း (Human Genome Project) ဟာ ၁၉၉၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး ၁၃ နှစ်အကြာ ၂၀၀၃ ခုနှစ်ရောက်မှ အောင်မြင်ခဲ့သလို ကုန်ကျစရိတ်ကလဲ ကန်ဒေါ်လာ ၂.၇ ဘီလီလျံဝန်းကျင် ရှိခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာတော့ လူတစ်ယောက်ရဲ့ ဗီဇတစ်ခုလုံး (Whole Genome) ကို ကန်ဒေါ်လာ ၃၀၀ လောက်နဲ့ စစ်ဆေးနိုင်ပြီဆိုတဲ့ သတင်းထူး ထွက်လာခဲ့ပါတယ်။

ဟားဗတ်ဆေးကျောင်းက မျိုးဗီဇပညာရပ် ပါမောက္ခ ဂျော့ချ် အမ် ချာ့ချ် (George M. Church) အပါအဝင် ပုဂ္ဂိုလ် ၃ ဦး ပူးတွဲတည်ထောင်ထားတဲ့ ‘Nebula Genomics’ ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်မှာ လူ့ဗီဇတစ်ခုလုံး (Whole Genome Sequencing – WGS) ကို ကန်ဒေါ်လာ ၂၉၉ တည်းနဲ့ စစ်လို့ ရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒီအန်အေ-နမူနာကို မနာကျင်ရတဲ့နည်းနဲ့ အိမ်မှာပဲ အလွယ်တကူ စုဆောင်းပြီး ဓာတ်ခွဲခန်းဆီ ပို့ဆောင်စစ်ဆေးနိုင်မဲ့ ပုံစံမျိုးပါ။

မျိုးဗီဇ စစ်ချင်သူတွေဟာ Nebula Genomics ကုမ္ပဏီက ထုတ်တဲ့ Test Kit — ဒီအန်အေ-နမူနာကို စနစ်တကျယူနိုင်ဖို့ ထောက်ကူပေးမဲ့ကိရိယာစုံဘူး — ကို ဝယ်ရပါတယ်။ ဒီအန်အေ-နမူနာကို ရဖို့ Test Kit ထဲက ဂွမ်းတံနဲ့ ပါးစောင်အတွင်းသားကို အပေါ်အောက်၊ ဘယ်ညာ ပွတ်တိုက်ပြီး ဆဲလ်တွေကို ယူပေးရမှာပါ။ ပြီးရင် ဂွမ်းတံကို Test Kit နဲ့အတူ ပြန်ထုပ်ပိုးပြီး ဓာတ်ခွဲခန်းကို ပို့ပေးရပါတယ်။ အဲဒါပြီးရင်တော့ အဖြေထွက်လာဖို့ ရက်သတ္တပတ် အနည်းငယ်လောက် စောင့်ရမှာပါ။

ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ဗီဇတစ်ခုလုံးကို သိရမှာဖြစ်လို့ မျိုးရိုးဇာစ်မြစ်အပြင် အန္တရာယ်ဖြစ်လာနိုင်ခြေရှိတဲ့ ဗီဇပြောင်းလဲမှုတွေ ရှိရင်လဲ ကြိုသိနိုင်မှာပါ။ ဒါပေမဲ့ ကန်ဒေါ်လာ ၂၉၉ က Test Kit အတွက်ပါပဲ။ ကိုယ့်ရဲ့ ဗီဇနဲ့ ဆက်နွယ်တဲ့ နောက်ဆုံးရ ကျန်းမာရေးအချက်အလက်နဲ့ သုတေသနဆောင်းပါးတွေကို ဖတ်ခွင့်ရဖို့ကတော့ လစဉ်ကြေး ထပ်သွင်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအမြောက်အမြား နှစ်ချီစီမံကိန်းနဲ့ အဖြေထုတ်ရတဲ့အဆင့်ကနေ အချိန်တိုအတွင်း လွယ်လွယ်သိနိုင်တဲ့အဆင့်ကို ရောက်လာခဲ့တာ ဝမ်းသာစရာပါ။

လက်ရှိမှာ Nebula Genomics ကုမ္ပဏီက ရွေးစရာ Test Kit အမျိုးအစား ၃ မျိုး (1x ၊ 30x နဲ့ 100x) ထုတ်ထားပါတယ်။ နံပါတ်တွေက ဒီအန်အေ-မော်လီကျူးကို ဖွဲ့စည်းထားတဲ့ နျူကလီယိုတိုက် (Nucleotide) တစ်ခုချင်းစီကို ဖတ်တဲ့အကြိမ်အရေအတွက်ပါ။ အကြိမ်ရေ များများဖတ်လေလေ ပိုတိကျတဲ့ ရလဒ်ထွက်ဖို့ သေချာလေလေပါပဲ။ ဈေးနှုန်းကလဲ အမျိုးအစားအလိုက် ကန်ဒေါ်လာ ၂၄၅ ကနေ ၁၀၀၀ ကျော်အထိ ရှိပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ၂၉၉ ကန်ဒေါ်လာနဲ့ ရခဲ့တဲ့ 30x WGS Kit ကလဲ လက်ရှိမှာ ၅၉၅ ကန်ဒေါ်လာ ဖြစ်နေပါပြီ။

ဗီဇတစ်ခုလုံးကို သိထားတဲ့အခါ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတွေကို ကြိုထောက်လှမ်းနိုင်မှာ ဖြစ်လို့ ငွေကြေးတတ်နိုင်ရင် စစ်ကြည့်သင့်ပါတယ်။ လက်ရှိမှာ မတတ်နိုင်ရင်တောင် အဲဒီလို ဗီဇတစ်ခုလုံးကို ဖတ်တဲ့လုပ်ငန်းစဉ်အတွက် ကုန်ကျငွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို သက်သာလာနေတာကြောင့် လူတိုင်း လက်လှမ်းမီတဲ့ပမာဏ ဖြစ်လာဖို့ မဝေးတော့ပါဘူး။