“ကလေးသုံးယောက်ကို တစ်ပြိုင်တည်း ပြုစုနိုင်တဲ့ စူပါမေမေ”
သားပိုက်ကောင်အမတွေမှာ မိန်းမကိုယ်သုံးခု — ဘေးဘက် မိန်းမကိုယ်နှစ်ခုနဲ့ အလယ် မိန်းမကိုယ်တစ်ခု — အပြင် သားအိမ်နှစ်ခု ပါရှိပါတယ်။ ဒီလိုဖွဲ့စည်းပုံမျိုးကို အိတ်ကပ်ပါ နို့တိုက်သတ္တဝါ (Marsupial) လို့ ခေါ်တဲ့ သားပိုက်ကောင်၊ ကိုအာလာ (Koalas)၊ ဝမ်းဘတ် (Wombats) နဲ့ တက်စ်မေးနီးယန်းဒဲဗဲလ် (Tasmanian Devils) လို သတ္တဝါတွေမှာ တွေ့ရပါတယ်။ ဘေးဘက် မိန်းမကိုယ်နှစ်ခုက သားအိမ်တစ်ခုစီကို ချိတ်ဆက်နေပြီး မျိုးအောင်ဖို့ သုက်ပိုးတွေကို သားအိမ်ဆီ သယ်ဆောင်ပေးပါတယ်။ အလယ်မိန်းမကိုယ်ကတော့ မျိုးအောင်ပြီးနောက် သန္ဓေသားလောင်းကို မွေးဖွားပေးတဲ့ လမ်းကြောင်းအဖြစ် လုပ်ဆောင်တာပါ။ ဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံက သားပိုက်ကောင်တွေရဲ့ မျိုးပွားစနစ်နဲ့ သက်ဆိုင်နေပြီး အဆက်မပြတ် မွေးဖွားနိုင်ကာ ထိရောက်မှုရှိတဲ့ မျိုးပွားစနစ်ကိုလဲ ပိုင်ဆိုင်ထားပါတယ်။
သားပိုက်ကောင် အမတွေဟာ “Embryonic Diapause” လို့ခေါ်တဲ့ ဖြစ်စဉ်ကိုသုံးပြီး မျိုးအောင်ပြီးသား သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးမှုကို ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်လာတဲ့အထိ ခေတ္တရပ်တန့်ထားနိုင်ကြပါတယ်။ ဥပမာ မိခင်ရဲ့ အိတ်ကပ်ထဲမှာ သားပိုက်ကောင်ကလေး တစ်ကောင် ရှိနေသေးရင် အဲဒီကလေး အိတ်ကပ်ထဲကနေ ထွက်မသွားမချင်း သားအိမ်ထဲက နောက်ထပ်သန္ဓေသားလောင်းကို ဆက်မဖွံ့ဖြိုးအောင် တားဆီးထားနိုင်တာပါ။ ဒါကြောင့် မိခင်သားပိုက်ကောင် တစ်ကောင်ဟာ ဖွံ့ဖြိုးမှုအဆင့် မတူညီတဲ့
– အိတ်ကပ်ပြင်ပရောက် ကလေးတစ်ဦး၊
– အိတ်ကပ်ထဲမှာ ကြီးထွားနေဆဲ ကလေးတစ်ဦးနဲ့
– သားအိမ်ထဲမှာ မွေးဖွားဖို့ စောင့်ဆိုင်းနေတဲ့ သန္ဓေသားလောင်း တစ်ဦး စုစုပေါင်း သားသမီး ၃ ဦးကို တစ်ပြိုင်တည်း ပြုစုစောင့်ရှောက်နိုင်စွမ်း ရှိပါတယ်။
ဒီလို ထူးခြားတဲ့ စွမ်းဆောင်ရည်ဟာ ဩစတေးလျရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုမှာ မျိုးဆက်ရှင်သန်နိုင်ဖို့ လိုက်လျောညီထွေ ပြောင်းလဲလာတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သားပိုက်ကောင်တွေ အပါအဝင် အိတ်ကပ်ပါ နို့တိုက်သတ္တဝါမျိုးစိတ်တွေမှာ မိန်းမကိုယ်သုံးခုနဲ့ သားအိမ်နှစ်ခု ပါရှိတာကြောင့် ကလေးတွေကို အဆင့်ဆင့် မပျက်မကွက် မွေးဖွားနိုင်ပြီး၊ အနည်းဆုံး ကလေးတစ်ဦး အရွယ်ရောက်တဲ့အထိ အသက်ရှင်သန်နိုင်ခြေကို ပိုမို မြင့်မားစေတာ ဖြစ်ပါတယ်။ ။