May 10, 2026 | မြန်မာ
Home The Tangled Tree Section 10
Part II: A Separate Form of Life
Section 10

ဘဝပုံစံကွဲ — ၂

12 min read · 19 Apr 2026 · 14 chapters total

တစ်ယောက်ကတော့ တကယ် လုပ်ခဲ့တယ်၊ ချက်ချင်းကြီးတော့ မဟုတ်ဘူးပေါ့။ ခုနစ်နှစ်လောက် ကြာသွားတဲ့ အတောအတွင်း တခြားသိပ္ပံပညာရှင် အတော်များများလဲ ဒီလို ခပ်ဆင်ဆင် အတွေးအကြံမျိုး ပေါက်လာဖို့ရာ နည်းမျိုးစုံနဲ့ လမ်းဖွင့်စမ်းသပ်နေခဲ့ကြပါတယ်။ အဲဒီထဲ လင်းနက်စ် ပေါလင်း (Linus Pauling) နဲ့ အီမဲလ် ဇပ်ကာကန်းဒဲလ် (Emile Zuckerkandl) တို့ ၂ ဦးလဲ အပါပဲ။ သူတို့က သူတို့လုပ်နေတဲ့ နယ်ပယ်ကို “ကမ်မီကယ် ပါလီယိုဂျနက်တစ်စ်” (Chemical paleogenetics) ဆိုပြီး ခပ်ဆန်းဆန်း နာမည်တစ်ခု ပေးခဲ့ကြတယ်။ ဒီ ၂ ယောက်က မတူကွဲပြားတဲ့ သုတေသနနောက်ခံကိုယ်စီနဲ့ လာကြပေမဲ့ နောက်ဆုံးမှာတော့ ဒီအယူအဆဆီပဲ ဘူတာလာဆိုက်ခဲ့ကြတာ။

ဇပ်ကာကန်းဒဲလ်က ဗီယင်နာမြို့သား ဇီဝဗေဒပညာရှင် လူငယ်တစ်ယောက်၊ မိသားစုလိုက် နာဇီတွေ ကြီးစိုးတဲ့ ဥရောပကနေ ပဲရစ်နဲ့ အယ်လ်ဂျီးရီးယားမြို့တွေကို ဖြတ်ရင်း စစ်ပြေးအဖြစ် လွတ်လမ်းရှာခဲ့ရသူ။ သူ အမေရိကားကို ရောက်လာပြီး အီလီနွိုက်တက္ကသိုလ်မှာ (ကားလ်ဝုစ် မရောက်ခင် ဟိုးအကြာကြီးကတည်းက) မဟာဘွဲ့ ယူတယ်၊ စစ်ပြီးသွားတော့ ပါရဂူဘွဲ့ ဆက်ယူဖို့ ပါရီဆီ ပြန်သွားခဲ့တယ်။ နောက်တော့ ပြင်သစ် အနောက်ဘက်ကမ်းရိုးတန်းက အဏ္ဏဝါဓာတ်ခွဲခန်းတစ်ခုမှာ အလုပ်ရပြီး ဂဏန်းတွေ အရေခွံလဲတဲ့ ဖြစ်စဉ် (molting cycles) အကြောင်း လေ့လာခဲ့ပြီး သူတို့အရေခွံလဲတဲ့ ဖြစ်စဉ်ထဲ ဟေမိုဂလိုဘင်နဲ့ ဆင်တူတဲ့ မော်လီကျူးတစ်ခု ပါနေတာကို တွေ့ခဲ့ရဲ့။ ဒီလိုနဲ့ပဲ သူ့ စိတ်ဝင်စားမှုက ရေနေအခွံမာသတ္တဝါတွေရဲ့ ခန္ဓာဗေဒကနေ မော်လီကျူးအဆင့်ထိ ဆင်းသွားပြီး အမေရိကန်ကို ပြန်သွားဖို့လဲ ဆန္ဒပြင်းပြလာတာပေါ့။ ၁၉၅၇ ခုနှစ်မှာ ဇပ်ကာကန်းဒဲလ်တစ်ယောက် အဲဒီအချိန်က နိုဘယ်ဆုရှင် နာမည်ကျော် ဓာတုဗေဒပညာရှင်ကြီး လင်းနပ်စ် ပေါလင်းနဲ့ တွေ့ခွင့်ရအောင် ကြံဖန်ကြိုးစားနိုင်ခဲ့တယ်။ ပေါလင်းက အဲဒီတုန်းက သူ ရဖို့ရှိတဲ့ နိုဘယ်ဆု ၂ ခုထဲက ပထမတစ်ဆုကို ရထားပြီးပါပြီ။ နိုဘယ်ဆု ရထားလို့ပဲ ပေါလင်းဟာ ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ် – ကယ်လ်တက်ခ် (Caltech) က ဓာတ်ခွဲခန်းမှာတင် မကတော့ဘဲ ပြင်ပကမ္ဘာရဲ့ ပြဿနာတွေအထိ သူ့စူးစမ်းချင်စိတ်ကို ချဲ့ထွင်ဖို့ရာ အခွင့်အလမ်းရော ဩဇာပါ လက်ဝယ်ရှိနေခဲ့တာပေါ့။ ပေါလင်းခေါင်းထဲ စိုးမိုးနေတဲ့ အဓိက ကိစ္စ ၂ ခုရှိတယ် — ဆစ်ကဲဆဲလ် သွေးအားနည်းရောဂါ (Sickle cell anemia) လို မျိုးဗီဇဆိုင်ရာ ရောဂါတွေနဲ့ နောက်တစ်ခုက နျူကလီးယား စမ်းသပ်မှုတွေက ထွက်လာတဲ့ ရေဒီယိုသတ္တိကြွ အကြွင်းအကျန် အမှုန်အမှားတွေရယ်၊ သာမိုနျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်တွေရယ်ပါ။ ၁၉၅၀ ပြည့်လွန်နှစ် နှောင်းပိုင်းရောက်တော့ ဒီကိစ္စကို ပေါလင်း ကျယ်ကျယ်လောင်လောင် ဆော်ဩနေခဲ့ပြီ။ လေထုထဲ နျူကလီးယားလက်နက် စမ်းသပ်တာကို ဆန့်ကျင်ဖို့ သူ ဦးဆောင်ပြီး သဘောထားထုတ်ဖော် တောင်းဆိုခဲ့ကြရာမှာ သိပ္ပံပညာရှင်ပေါင်း ၁ သောင်း ၁ ထောင်ကျော်ခန့် လက်မှတ်ရေးထိုးပါဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ သူဟာ နိုဘယ်ဆုရှင် ဗြိတိသျှ ဒဿနပညာရှင် ဘာထရန် ရပ်ဆဲလ် (Bertrand Russell) နဲ့အတူ ကမ္ဘာပေါ်မှာ ဩဇာအရှိဆုံး ငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့တာပဲ။

ပေါလင်းနဲ့ ဇပ်ကာကန်းဒဲလ်တို့ စ,တွေ့ဖြစ်ကြချိန်က ပေါလင်း မျိုးရိုးဗီဇ၊ ဆင့်ကဲဖြစ်စဉ်နဲ့ ဗီဇပြောင်းလဲမှု (Mutation) ကိစ္စတွေပေါ် စိတ်ဝင်စားမှု တိုးလာနေချိန်နဲ့ သွားတိုက်ဆိုင်နေတယ်။ အဓိကက အဲချိန်မှာ ပေါလင်းက လက်နက်စမ်းသပ်မှုတွေက ထွက်လာတဲ့ ဓာတ်ရောင်ခြည်သင့်မှုကြောင့် ဘယ်လို မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာနိုင်သလဲဆိုတာ လိုက်တူးဆွနေတာ။ ရောဂါတွေအပေါ် သူ့အာရုံစိုက်မှုကလဲ ဒီကိုပဲ ဦးတည်နေပြန်တယ်၊ အကြောင်းက ဆစ်ကဲဆဲလ် သွေးအားနည်းရောဂါဟာ ဟေမိုဂလိုဘင်ကို ထိန်းချုပ်တဲ့ ဗီဇပိုင်းတစ်ခုမှာ မျိုးဗီဇပြောင်းလဲမှု ဖြစ်လို့ ပေါ်လာတဲ့ ပြဿနာကိုး။ ပေါလင်းတစ်ယောက် ဇပ်ကာကန်းဒဲလ်ကို အတော်လေး ဘဝင်တွေ့သွားတာကြောင့် ကယ်လ်တက်ခ် (Caltech) မှာ ဓာတုဗေဒဘာသာရပ်နဲ့ ပါရဂူဘွဲ့လွန် သုတေသနလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီနောက် ဇပ်ကာကန်းဒဲလ် ပါဆာဒီးနားကို ရောက်လာချိန်မှာ သူ့အရင် လုပ်လက်စဖြစ်တဲ့ ဂဏန်းအရေခွံလဲ မော်လီကျူးအကြောင်းပဲ ဆက်လေ့လာဖို့ ရည်ရွယ်ထားပေမဲ့ ပေါလင်းက သိပ်အားမပေးဘူး။ သူက ပြောတယ် — “မင်း ဟေမိုဂလိုဘင်ကို ဘာလို့ လေ့လာမကြည့်တာလဲ” တဲ့။

ပေါလင်းနဲ့ ဇပ်ကာကန်းဒဲလ် (၁၉၈၆)
Image – Pauling Blog

တစ်ခါ ပေါလင်းက ဆက်ပြီး အဲဒီတစ်လောကမှ အသစ်ပေါ်လာတဲ့ နည်းစနစ်တစ်ခု သုံးကြည့်ဖို့ အကြံပေးတယ်။ အဲဒီနည်းက အစောပိုင်းပဲ ရှိသေးပေမဲ့ အလားအလာ အတော်ကောင်းတာမျိုး — လျှပ်ဓာတ်စီးကို သုံးပြီး မော်လီကျူးတွေကို အရွယ်အစားအလိုက် ခွဲထုတ်တဲ့နည်း (Electrophoresis) အပါအဝင် တခြားနည်းလမ်းတွေ သုံးပြီး ပရိုတိန်းတွေကို လက်ဗွေရာဖော်သလိုမျိုး တစ်ခုနဲ့ တစ်ခု ခွဲခြားတာပါ။ ပရိုတိန်းမော်လီကျူးတွေကို အဲဒီလိုနှိုင်းယှဉ်ဆန်းစစ်ကြည့်ရင် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကောက်ချက်တချို့ ထုတ်နိုင်လိမ့်မယ်လို့ ပေါလင်း တွက်ဆခဲ့တာပေါ့။ ဒီလိုနဲ့ ဇပ်ကာကန်းဒဲလ်လဲ အဲဒီနည်းကို လေ့လာပြီး ဟေမိုဂလိုဘင် အမျိုးကွဲတွေပေါ် လက်တွေ့စမ်းသပ်တော့တယ်။ သိပ်မကြာလိုက်ခင်မှာပဲ သူ ဘာတွေ့သွားသလဲဆိုတော့ လူရဲ့ ဟေမိုဂလိုဘင်နဲ့ ချင်ပန်ဇီရဲ့ ဟေမိုဂလိုဘင်က အတော်ဆင်တူနေပြီး လူနဲ့ လူဝံ (orangutans) ကြားမှာတော့ အဲဒီလောက် မဆင်တော့တာကိုပဲ။ သူဟာ မော်လီကျူး လက်ဗွေရာတွေကို ကြည့်ရုံနဲ့တင် ဝက်တစ်ကောင်နဲ့ ငါးမန်းတစ်ကောင်ကို ခွဲခြားပြနိုင်တဲ့အထိ ဖြစ်လာတာပေါ့။ (တကယ်က ဝက်နဲ့ ငါးမန်းကို ခွဲဖို့ ဒီ့ထက်လွယ်တဲ့နည်းတွေ အများကြီးပါပဲ၊ ဒါပေမဲ့ ထားပါတော့။) ဒီနည်းလမ်းက သူဖြစ်စေချင်သလောက် တိတိကျကျတော့ မဟုတ်သေးတဲ့တိုင် ခုလို မော်လီကျူးအဆင့်မှာ နှိုင်းယှဉ်ပြနိုင်တာက ပြောရရင် အစကောင်းပေါ့လေ။

နောက်ထပ် ခြောက်နှစ်ကြာတဲ့တိုင် ဇပ်ကာကန်းဒဲလ်ရဲ့ သုတေသနတွေက အောင်မြင်ထွန်းပေါက်လာပြီး ပေါလင်းနဲ့ တွဲဘက်စာတမ်းတွေ တစ်စောင်ပြီး တစ်စောင် ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲက စာတမ်းတချို့ကတော့ ထိပ်တန်းသိပ္ပံပညာရှင်ကြီးတွေ အနားယူချိန်၊ မဟုတ်လဲ သူတို့မွေးနေ့တွေမှာ ဒီလူတွေကို ဂုဏ်ပြုဖို့ ထုတ်ဝေတဲ့ “ဂုဏ်ပြုစာစောင်” (Festschriften) တွေအတွက် ရေးပေးခဲ့ရတာပါ။ ပေါလင်းက သိပ်နာမည်ကျော်ကြားသူဆိုတော့ အဲဒီလိုရေးပေးဖို့ ဖိတ်ကြားချက်တွေ မကြာခဏ ရတတ်တယ်။ အဲဒီအခါမှာ ဇပ်ကာကန်းဒဲလ်ကို တွဲဖက်စာရေးသူအဖြစ် တွဲခေါ်ပြီး အတွေးအခေါ်ပိုင်းနဲ့ ရေးသားမှုပိုင်း အတော်များများကို တာဝန်ယူခိုင်းခဲ့တာပေါ့။ ဒီအတောအတွင်းမှာပဲ ပေါလင်းဟာ သူ့ဒုတိယမြောက် နိုဘယ်ဆုဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရခဲ့ပါတယ် — နျူကလီးယားလက်နက် ပြန့်ပွားမှုနဲ့ စမ်းသပ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြောင့် ချီးမြှင့်ခံရတာပါ။ အဲဒီဆုက သူ့ရဲ့ သိပ္ပံနယ်ပယ်ဆိုင်ရာ ဂုဏ်သိက္ခာကိုတော့ ထူးပြီး မတိုးစေခဲ့ပါဘူး။ (တကယ်က ပေါလင်းရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို တက္ကသိုလ်အုပ်ချုပ်ရေးနဲ့ ဘုတ်အဖွဲ့ဝင်တွေက သဘောမတွေ့လို့ ကယ်လ်တက်ခ်က ပါမောက္ခအလုပ်ကနေတောင် နုတ်ထွက်ခဲ့ရတာပါ)။ သို့သော်၊ လူထုကြားမှာတော့ သူ့ဩဇာတိက္ကမက ပိုဟိန်းထွက်ပေါ်ပေါက်လာခဲ့တာပဲ။ ပေါလင်းတစ်ယောက် သိပ်အလုပ်များပြီး နေရာတကာက အလိုရှိသူတစ်ဦး ဖြစ်လာပါတယ်။ ဟောပြောဖို့၊ အလည်လာဖို့နဲ့ ဂုဏ်ပြုစာစောင်တွေမှာ သိပ္ပံစာတမ်းရေးပေးဖို့ ဖိတ်ကြားချက်တွေဟာ တဖွားဖွား ရောက်လာနေဆဲ။ ဒီလိုဂုဏ်ပြုစာစောင်တွေက ပုံမှန် သိပ္ပံဂျာနယ်တွေလို ‘ပညာရှင်အချင်းချင်း စစ်ဆေးအကဲဖြတ်တဲ့ စနစ်’ (Peer-review) အဆင့် မပါတဲ့အတွက် သာမန်စာတမ်းတွေထက် ပိုပြီး ရဲရင့်ဆန်းသစ်တဲ့ မှန်းဆချက်တွေကို ရေးခွင့်ရပါတယ်။ အဲဒီထဲက စာတမ်းတစ်စောင်က ၁၉၆၃ ခုနှစ်မှာ ရုရှားသိပ္ပံပညာရှင် တစ်ယောက်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့အတွက် ရေးပေးခဲ့တာ ဖြစ်ပြီး ခေါင်းစီးက ‘မော်လီကျူးများ (သို့) ဆင့်ကဲဖြစ်စဉ်ရဲ့ သမိုင်းမှတ်တမ်းတွေ’ (Molecules as Documents of Evolutionary History) ပါတဲ့။ ၂ နှစ်အကြာမှာတော့ ဒီစာတမ်းကို သီအိုရီဆိုင်ရာ ဇီဝဗေဒဂျာနယ် (Journal of Theoretical Biology) မှာ အင်္ဂလိပ်လို ပြန်ရိုက်နှိပ်ခဲ့လို့ လူသိများလာပြီး လွှမ်းမိုးသက်ရောက်မှုလဲ ပိုကြီးခဲ့ပါတယ်။ ပေါလင်းနဲ့ ဇပ်ကာကန်းဒဲလ်တို့ဟာ ဖရန်စစ် ခရစ်ခ် ခြေဖျားလေးနဲ့ပဲ တို့ခဲ့ဖူးတဲ့ ရေကန်ကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ခုန်ဆင်းစူးစမ်းနေပြီ ဆိုရပါမယ်။

၁၉၆၃ ခုနှစ်က ထုတ်တဲ့ သူတို့စာတမ်းမှာတော့ ဒီအန်န်အေနဲ့ ပရိုတိန်းတို့လို မျိုးဗီဇအချက်အလက်တွေ သယ်ဆောင်ထားတဲ့ မော်လီကျူးတွေနဲ့ ဗီတာမင်တွေလို ခန္ဓာကိုယ်ထဲ ခဏတဖြုတ်ဝင်လာပြီး တစ်ဖက်ကနေ ပြန်ထွက်သွားတဲ့ မော်လီကျူးတွေကြားက အရေးကြီးတဲ့ ခြားနားချက်ကို ခွဲခြမ်းပြနိုင်ခဲ့ပါတယ်။ အချက်အလက် သယ်ထားတဲ့ မော်လီကျူးတွေမှာ နောက်ကောက်လိုက်လို့ရတဲ့ သမိုင်းကြောင်းတွေ ရှိနေတာကိုး။ သက်ရှိတစ်မျိုးနဲ့ တစ်မျိုးမှာ မတူညီတဲ့ ပုံစံတွေနဲ့ တွေ့ရပေမဲ့ ဒါတွေအားလုံးဟာ ထပ်တူကျတဲ့ ဘုံမျိုးရိုးတွေကနေ ဆင်းသက်လာကြတာပဲ။ ဒီလို မော်လီကျူးတွေကို သေသေချာချာစစ်ဆေးကြည့်ရင် အချက် ၃ ချက် သိနိုင်တယ်လို့ ဇပ်ကာကန်းဒဲလ်နဲ့ ပေါလင်းက ဆိုခဲ့တယ် — (၁) အမျိုးတွေ လမ်းခွဲခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ၊ (၂) ရှေးဦး ဘုံဘိုးဘေး မော်လီကျူးတွေက ဘယ်လိုပုံစံ ရှိခဲ့မလဲ၊ ပြီးရင် (၃) ဘယ်လိုလမ်းကြောင်းတွေနဲ့ ခွဲဖြာဆင်းသက်လာသလဲ ဆိုတာတွေပါပဲ။ ဒီအချက် ၃ ချက်ထဲက ပထမဆုံးအချက်ကိုတော့ ကာယကံရှင်နှစ်ဦး ကိုယ်တိုင် ကင်ပွန်းမတပ်သေးတဲ့တိုင် နောက်ပိုင်းမှာ ‘မော်လီကျူး နာရီ’ (Molecular clock) အဖြစ် လူသိများလာခဲ့ပါတယ်။ နောက်ဆုံး တတိယမြောက်အချက်ဖြစ်တဲ့ ဆင်းသက်ပုံလမ်းကြောင်းတွေဆိုတာကတော့ ဆင့်ကဲဖြစ်စဉ်ပြသစ်ပင်တွေကို ရည်ညွှန်းနေတာပါ။

ဇပ်ကာကန်းဒဲလ်ဟာ ပေါလင်းရဲ့ အထောက်အပံ့အဖြစ်ရော တွဲဖက်စာရေးသူအနေနဲ့ပါ ပါဝင်မှုတွေနဲ့အတူ ဒီအယူအဆတွေကို ဆက်အချောသတ်ပြီး ပိုပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီ့နောက် ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလမှာတော့ ရတ်ဂျားစ် (Rutgers) တက္ကသိုလ်က အငြင်းအခုံ ဝါသနာပါသူ ထိပ်တန်းပညာရှင်များ စုဝေးရာ ဆွေးနွေးပွဲမှာ စာတမ်းရှည်ကြီးတစ်စောင် ဖတ်ကြားခဲ့ပြီး အဲဒီစာတမ်းဟာ သူတို့ ၂ ဦးရဲ့ အယူအဆတွေကို အပြည့်စုံဆုံး ဖော်ပြနိုင်ခဲ့တဲ့ မူကွဲဖြစ်လာပါတယ်။ စာအများစုကို ဇပ်ကာကန်းဒဲလ်က ရေးခဲ့သည့်တိုင် “ပေါလင်းရဲ့ နှောင်းပိုင်းကာလတစ်လျှောက်က ဩဇာအရှိဆုံး လက်ရာ” အဖြစ် အများက အသိအမှတ်ပြုခဲ့ကြတယ်။ ဒီစာတမ်းထဲ သူတို့နှစ်ယောက် တင်စားခဲ့တဲ့ မှတ်မိချင်စရာ ဥပစာတစ်ခု ရှိရဲ့ — မော်လီကျူးတွေရဲ့ အပြောင်းအလဲလေးတွေဟာ ကမ္ဘာဦးခေတ်တွေကတည်းက ကုန်လွန်သွားတဲ့ အချိန်ကာလနဲ့ ပမာအချိုးကျနေမယ်ဆိုရင် ဒါကို ‘မော်လီကျူး ဆင့်ကဲဖြစ်စဉ် နာရီ’ (molecular evolutionary clock) လို့ သတ်မှတ်နိုင်တယ် ဆိုတာပါပဲ။

အဲအချိန်မှာ ဒီအယူအဆက အဆိုကြမ်း (Hypothesis) တစ်ရပ်သာသာပါ။ ရတ်ဂျားစ် ဆွေးနွေးပွဲမှာ အငြင်းပွားခံခဲ့ရ၊ နောက်ပိုင်းနှစ်တွေမှာလဲ ဝေဖန်စရာ ဆက်ဖြစ်နေခဲ့ပြီး လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်၊ အတွေးအခေါ်တွေကို ချက်မပြု စုစည်းပေးနိုင်ခဲ့ပြီး အကယ်၍သာ မှန်ကန်ခဲ့မယ်ဆိုရင် သက်ရှိသမိုင်းကြောင်းကို တိုင်းတာဖို့ရာ တမူဆန်းသစ်တဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်လာမဲ့ အဆိုကြမ်းပေါ့။ အဲကတည်းက စလို့ ဒီမော်လီကျူးနာရီကို ဆင့်ကဲဖြစ်စဉ်ဗေဒမှာ “အရိုးရှင်းဆုံးနဲ့ အစွမ်းအထက်ဆုံး အယူအဆတစ်ရပ်” အဖြစ် ခေါ်ဝေါ်ကြသလို “အငြင်းပွားချင်စရာ အကောင်းဆုံး အယူအဆ” အဖြစ်လဲ သတ်မှတ်ခဲ့ကြတာပဲ။ ခရစ်ခ်ကိုယ်တိုင်ကလဲ ဒါဟာ “အင်မတန် အရေးကြီးတဲ့ အတွေးခေါ်” တစ်ခု ဖြစ်ပြီး “အဲတုန်းက လူတွေ ထင်ထားတာထက် အများကြီး ပိုပြီး မှန်ကန်နေခဲ့တယ်” လို့ နောက်ပိုင်းမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ပြောရင်းဆိုရင်းနဲ့ပဲ အီမဲလ် ဇပ်ကာကန်းဒဲလ်တစ်ယောက် ပြင်သစ်နိုင်ငံကို ပြန်ပြောင်းသွားခဲ့ပါတယ်။ သူဟာ ပေါလင်းနဲ့ တခြားသိပ္ပံပညာရှင်အချို့နဲ့အတူ သိပ္ပံပညာရပ်ဆိုင်ရာ နယ်ပယ်သစ်တစ်ခု မွေးဖွားလာဖို့ ကူညီပေးခဲ့သူပါ။ ၁၉၇၁ ခုနှစ်မှာ ‘မော်လီကျူလာ ဆင့်ကဲဖြစ်စဉ် ဂျာနယ်’ (Journal of Molecular Evolution) ပေါ်ပေါက်လာချိန်မှာတော့ သူက ပထမဆုံး အယ်ဒီတာချုပ် ဖြစ်လာခဲ့တယ်။ ပေါလင်းလောက်တော့ သူ့နာမည်က ကမ္ဘာမှာ လူသိမများလှပါဘူး။ ဒါပေမဲ့ ဒီနေ့ခတ် မော်လီကျူး ဇီဝဗေဒပညာရှင်တစ်ယောက်ယောက်ကို “ဇပ်ကာကန်းဒဲလ်နဲ့ ပေါလင်း” လို့ ပြောလိုက်ရင် သူတို့ တမဟုတ်ချင်း ပြေးမြင်ကြမှာ မော်လီကျူးနာရီကိုပါ။ အဲဒီလို မှတ်မိကြတာကလဲ သင့်တင့်တာပါပဲ၊ ဒါပေမဲ့ ဒီအခြေအနေက တခြားအရေးကြီးတဲ့ အချက်တစ်ခုကို မျက်ကွက်ပြုသလို ဖြစ်နေတတ်တယ်။ အဲဒါက အဆိုပါ ရတ်ဂျားစ် စာတမ်းရှည်ကြီးထဲမယ် ဇပ်ကာကန်းဒဲလ် ထည့်ပြောခဲ့တဲ့ နောက်ထပ် တင်စားချက်တစ်ရပ်ပေါ့ — သူက “မော်လီကျူးဆိုင်ရာ ဇာစ်မြစ်ပြ သစ်ပင်တွေ (Molecular phylogenetic trees) ရဲ့ ကိုင်းဖြာထွက်ပုံကို မော်လီကျူးအချက်အလက်တွေ သက်သက်နဲ့တင် အခြေခံပြီး ဖော်ထုတ်သတ်မှတ်လို့ ရသင့်တယ်” လို့ ရေးခဲ့တာ။ ဒါက အဲဒီသစ်ပင်တွေကို ပုံဖော်ဖို့ရာ လုံးဝထူးခြားတဲ့ နည်းနာတစ်ရပ် ဖြစ်လာခဲ့တာပဲ — မော်လီကျူးနာရီလက်တံတွေ တစ်ချက်ချင်း ရွေ့သွားတာနဲ့အမျှ အပေါ်ကို တက်သွားရင်း အခက်အလက်တွေ ဝေဆာဖြာထွက်လာမဲ့ သစ်ပင်ကြီးတွေလိုပေါ့။ ။

အခန်း ၂၊ အပိုင်း ၂
ပြီးပါပြီ

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.