April 18, 2026 | မြန်မာ
Home The Tangled Tree Section 9
Part II: A Separate Form of Life
Section 9

ဘဝပုံစံကွဲ — ၁

10 min read · 12 Apr 2026 · 10 chapters total

မော်လီကျူလာ ဖိုင်လိုဂျနက်တစ် (Molecular phylogenetics) ဆိုတဲ့ မော်လီကျူးတွေကို အထောက်အထားအဖြစ် သုံးရင်း ဆင့်ကဲဖြစ်စဉ်အရ နွယ်ယှက်မှုတွေကို လေ့လာတဲ့ ပညာရပ်က ၁၉၅၈ ခုနှစ်မှာ ဖရန်စစ် ခရစ်ခ် (Francis Crick) ရဲ့ အကြံပြုချက်တစ်ရပ်ကနေ အစပြုခဲ့တာပါ— တခြားအကြောင်း ဦးတည်တဲ့ အရေးကြီးစာတမ်းတစ်ခုထဲ စကားစပ်မိလို့ အယူအဆပိုင်း ခပ်ပါးပါးလေး ထည့်မိတ်ဆက်ခဲ့ရင်းကနေပေါ့။ ဒါက ခရစ်ခ်ရဲ့ ဟန်ပဲ၊ သိပ်ထက်မြက်ပြီး စိတ်ကူးဉာဏ် ရဲရင့်ကွန့်မြူးသူဆိုတော့ တစ်ခါတလေမှာ သူ တကူးတက အားစိုက်နေစရာ မလိုဘဲ ဘေးကနေ ခပ်ဝဲဝဲ ဝေ့ထိလိုက်ရုံနဲ့တောင် ဇီဝဗေဒနယ်ပယ်ရဲ့ လားရာကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။

ခရစ်ခ်ကို သူ့ဘဝရဲ့ အကျော်ကြားဆုံးသော အောင်မြင်မှုတစ်ခုကြောင့် စာဖတ်သူ ကြားဖူးကောင်းပါလိမ့်မယ်၊ ၁၉၅၃ ခုနှစ်မှာ သူ့ပါတနာ အမေရိကန်လူငယ် ဂျိမ်းစ် ဝက်ဆင် (James Watson) နဲ့အတူ ဒီအန်န်အေ (DNA) ရဲ့ တည်ဆောက်ပုံကို ဖော်ထုတ်နိုင်ခဲ့ရင်း အဲဒါကြောင့်ပဲ ဝက်ဆင်ရယ် နောက်ပညာရှင်တစ်ယောက်နဲ့အတူ ၁၉၆၂ ခုနှစ်ရဲ့ နိုဘယ်ဆုကို လက်ဝယ်ရရှိခဲ့ပါတယ်။ သို့သော်၊ ခရစ်ခ်က ၁၉၅၈ ဝန်းကျင်မှာ စတော့ဟုမ်း နိုဘယ်အိပ်မက်တွေအကြောင်း စိတ်ကူးယဉ်ရင်း အချိန်ဖြုန်းမနေခဲ့ဘူး။ သူ ဒီအန်န်အေကို စိတ်ဝင်စားဆဲပဲ။ ဒါပေမဲ့ ဖွဲ့စည်းတည်ဆောက်ပုံသက်သက်ထက် ပိုလေးနက်တဲ့ ပဟေဠိတွေဆီ သူ့အာရုံပြောင်းသွားခဲ့ပြီ။ အဲဒီကာလတွေမှာ ခရစ်ခ်က သူ့ထုံးစံအတိုင်း တက်ကြွစူးစမ်းတတ်တဲ့ ဉာဏ်ကစားမှုမျိုးနဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေ (Genetic code) ကို ဖော်ထုတ်နိုင်ဖို့ အင်တိုက်အားတိုက် ခေါင်းစိုက်နေခဲ့တာပဲ။

ဒီအန်န်အေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ
ပုံ – Earth’s Lab

ဒီမျိုးရိုးဗီဇကုဒ်တွေအကြောင်း စာဖတ်သူ မကြာခဏ ကြားဖူးလောက်ပေမဲ့ ပြန်နွှေးပေးဖို့ လိုမယ်ထင်ပါတယ်။ အဲဒီကုဒ်ကို အက္ခရာ လေးလုံးတည်းနဲ့ ရေးထားပြီး အက္ခရာတစ်လုံးစီက ကြောင်လိမ်လှေကားသဏ္ဌာန် ရစ်ပတ်ခွေနေတဲ့ ဒီအန်န်အေ အမျှင်တန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုစီ — ဓာတုအခေါ်အရတော့ နျူကလီယိုတိုက် ဘေ့စ် (Nucleotide base) — ကို ကိုယ်စားပြုပါတယ်။ အေ – အဒီနိုင်း (Adenine)၊ စီ – စိုက်တိုဆိုင်း (Cytosine)၊ ဂျီ – ဂွာနိုင်း (Guanine) နဲ့ တီ – သိုင်မိုင်း (Thymine) တို့ပါ။ ဒီအန်န်အေရဲ့ အရှည်ကောက်က ‘ဒီအောက်ဆီရိုင်ဘိုနျူကလီးရစ် အက်ဆစ်’ မှန်း သိကြပါလိမ့်မယ်။ သို့သော် ဘာလို့ ဒီလိုခေါ်သလဲ သိထားရင် ပိုကောင်းတာပဲ။ ဒီအန်န်အေရဲ့ ရစ်ခွေမျှင်တန်းနှစ်ခုက ဗဟိုဝင်ရိုးတစ်ခုကို အပြိုင်ပတ်ရင်း တစ်ခုနဲ့ တစ်ခု ပြိုင်လျက်တည်ရှိနေကြတာပါ။ သူတို့ကို နျူကလီယိုတိုက် (Nucleotides) လို့ ခေါ်တဲ့ အခြေခံယူနစ်တွေနဲ့ ကွင်းဆက်တစ်ခုတည်းဖြစ်အောင် ချိတ်ဆက် တည်ဆောက်ထားတာပေါ့။ နျူကလီယိုတိုက် တစ်ခုစီမှာ နိုက်ထရိုဂျင်ဘေ့စ် (A, T, C, G) တစ်ခု၊ ဒီအောင်စီရိုင်ဘို့စ် (Deoxyribose) ခေါ် သကြားတစ်ခုနဲ့ ဖော့စဖိတ်အုပ်စု (အက်စစ်ဓာတ်ပါတဲ့ အပိုင်း) တစ်ခုစီ ပါဝင်ပါတယ်။ နျူကလီယိုတိုက်တစ်ခုရဲ့ သကြားဘက်ခြမ်းက နောက်တစ်ခုရဲ့ ဖော့စဖိတ်ခြမ်းနဲ့ ချိတ်ဆက်ပြီး ရှည်လျားလျား ကြောင်လိမ်သဏ္ဌာန် ရစ်ခွေနေတဲ့ အမျှင်တန်းနှစ်ခု ဖြစ်လာတာပဲ။ ခုနက ကျွန်တော်က ပြိုင်လျက်လို့ ပြောခဲ့ပေမဲ့ ပိုတိတိကျကျ ပြင်ပြောရင် အဲဒီအမျှင်တန်းနှစ်ခုက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် လားရာ (Antiparallel) အတိုင်း ရှိနေကြတာ။ သဘောက သကြားနဲ့ ဖော့စဖိတ်တို့ရဲ့ ချိတ်ဆက်ပုံအရ သူတို့မှာ ရှေ့ပိတ်နဲ့ နောက်ပိတ်ဆိုပြီး လားရာရှိနေပြီး အမျှင်တန်းတစ်ခုရဲ့ ရှေ့ပိတ်နဲ့ နောက်အမျှင်တန်းရဲ့ နောက်ပိတ်တို့က တစ်တန်းတည်း ဖြစ်နေတာမျိုးပေါ့။ အလယ်က နျူကလီယိုတိုက် ဘေ့စ်တွေကိုတော့ ဟိုက်ဒြိုဂျင် ဓာတ်စည်း (Hydrogen bonds) တွေနဲ့ ဘေးတိုက်တွဲဆက်ထားပြီး အမျှင်နှစ်တန်း မြဲမြံနေအောင် ဂဟေစပ် ထိန်းထားပေးပါတယ်။ ဘေ့စ် အေက တီနဲ့ပဲ အမြဲတွဲပြီး စီကလဲ ဂျီနဲ့ပဲ တွဲရင်းနဲ့ အဲဒီ ကြောင်လိမ်လှေကားထစ်တွေလို ရစ်ပတ်ခိုင်ခန့်တဲ့ ဖွဲ့စည်းပုံတစ်ခု ဖြစ်လာတာပေါ့။ ဒါက ခရစ်ခ်နဲ့ ဝက်ဆင်တို့ ဖြည်ချနိုင်ခဲ့တဲ့ သိပ်အနုစိတ် ထူးခြားတဲ့ အစီအစဉ်ယန္တရားတစ်ရပ်ပဲ။

ဖရန်စစ် ခရစ်ခ် (ညာ) နှင့် ဂျိမ်းစ် ဝက်ဆင်တို့ ဒီအန်န်အေရဲ့ နမူနာပုံစံကို ၁၉၅၃ မှာ နားလည်‌ောဖ်ထုတ်ခဲ့စဉ်
Image – A. BARRINGTON BROWN, GONVILLE & CAIUS COLLEGE/SCIENCE PHOTO LIBRARY

နောက်၊ ဒါက အခြေခိုင်တဲ့ ဖွဲ့စည်းပုံတစ်ရပ်ထက် ပိုသလို မျိုးဗီဇအချက်အလက်တွေ သိမ်းဆည်းဖို့၊ မိတ္တူပွားဖို့နဲ့ လက်တွေ့ပြန်အသုံးချဖို့ရာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ထိရောက်တဲ့ စနစ်တစ်ရပ်လဲ ဖြစ်နေတယ်။ ဒီအန်န်အေ အမျှင်တန်းနှစ်ခုကို ခွာလိုက်ချိန် အမျှင်တစ်တန်း (မူလပုံစံ အမျှင်တန်း – template strand) ပေါ်မှာ အစီအရီရှိနေတဲ့ ဘေ့စ်တွေဟာ ကော်ပီပွားဖို့၊ မဟုတ်လဲ သုံးဖို့ရာ အဆင်သင့်ဖြစ်နေတဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေပဲ။ ဝက်ဆင်နဲ့ ခရစ်ခ်တို့ သူတို့ရဲ့ ၁၉၅၃ ခုနှစ် စာတမ်းမှာ ဒီထူးခြားချက်အကြောင်း သိမ်သိမ်မွေ့မွေ့နဲ့ ဟန်ကိုယ်ဖို့ရင်း (သိပ်မသိသာသလိုနဲ့) အရိပ်အမြွက် ပြောခဲ့ကြပါတယ်။ Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီစာတမ်းထဲ ပုံကြမ်းတစ်ခုပဲ ပါပြီး တစ်မျက်နှာတည်းနဲ့ တိုတိုနဲ့ လိုရင်းရောက်အောင် အနုစိတ် ရေးသားထားတယ်၊ စာတမ်းရဲ့ အဆုံးနားမယ်တော့ ဒီအန်န်အေရဲ့ ကြောင်လိမ်ပုံစံ တည်ဆောက်ပုံနဲ့ ဘေ့စ်တွေရဲ့ အမြဲတမ်းတွဲဖက်ပုံကို အဆိုပြုပြီးတဲ့နောက် အခုလို ရေးခဲ့လေရဲ့ — “ကျွန်တော်တို့ အဆိုပြုထားတဲ့ ဒီလို ထူးထူးခြားခြား ဘေ့စ်တွဲဖက်ပုံက မျိုးဗီဇဆိုင်ရာ အချက်အလက်တွေ မိတ္တူပွားတာအတွက် ဖြစ်နိုင်ခြေရှိတဲ့ ယန္တရားတစ်ရပ်ဆီ တမဟုတ်ချင်း မီးမောင်းထိုး အရိပ်အမြွက်ပြနေတယ်ဆိုတာ သတိပြုမိပါတယ်” တဲ့။

ဒါပေမဲ့ မျိုးရိုးစဉ်ဆက် မပြတ်ဖို့အတွက် ဒီအချက်အလက်တွေကို မိတ္တူပွားတာက တစ်ပိုင်း၊ အဲဒါတွေကို သက်ရှိတွေအဖြစ် အကောင်အထည်ဖော် ဘာသာပြန် (Translate) တာက တစ်ကဏ္ဍပဲ။ ဘယ်လိုနည်းနဲ့များ အကောင်အထည်ဖော်သလဲ . . . ?။ ဒီအန်န်အေထဲက အချက်အလက်တွေဟာ ဘယ်လို ဖြစ်စဉ်အဆင့်ဆင့်ကြောင့် ရုပ်ပိုင်းဆိုင်ရာအရ သက်ဝင်လှုပ်ရှားလာရသလဲ . . . ?။

ဒီပဉ္စလက်ဖြစ်စဉ်ကြီး စစဆုံး ဦးတည်တာကတော့ ပရိုတိန်း (Proteins) တွေဆီပါပဲ။ သက်ရှိဖြစ်တည်မှုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ မော်လီကျူးကြီး လေးမျိုး ရှိပါတယ် — ကာဘိုဟိုက်ဒြိတ် (Carbohydrates)၊ လစ်ပစ် (Lipids)၊ နျူကလီးရစ်အက်ဆစ် (Nucleic acids) နဲ့ ပရိုတိန်းတို့ ဖြစ်ပြီး သူတို့ကို တစ်စုတည်း ‘ဘဝမော်လီကျူးတွေ’ လို့လဲ ခေါ်ကြလေရဲ့။ ဒီအထဲ ပရိုတိန်းတွေကတော့ ဖွဲ့စည်းပုံက စလို့ ဓာတ်ကူတဲ့ အလယ် သယ်ယူပို့ဆောင်ပေးရေး အဆုံး အလုပ်မျိုးစုံကို တာဝန်ယူထားပေးတဲ့ အသုံးအဝင်ဆုံး မော်လီကျူးတွေ ဖြစ်ပါတယ်။ ဘယ်ပရိုတိန်းကို ဘယ်လိုထုတ်မလဲ၊ ဘယ်လိုဖွဲ့စည်းပြီး ဘယ်နေရာမှာ သုံးမလဲဆိုတဲ့ ထိန်းချုပ်မှု ညွှန်ကြားချက်အားလုံးကို ဒီအန်န်အေထဲ ကုဒ်ဝှက်ရေးမှတ်ထားတာပါ။ ပရိုတိန်းတိုင်းကို အမိုင်နိုအက်စစ်တွေ (Amino acids) နဲ့ အစဉ်လိုက် ချိတ်ဆက်ဖွဲ့စည်းထားပြီး အဲဒီချိန်းစဉ်တန်းက သူ့ဘာသာ အနုစိတ်ခေါက်ချိုးချထားတဲ့ ခပ်ဆန်းဆန်း သဏ္ဌာန်မျိုးပဲ။ ဓာတုဗေဒမှာ အမိုင်နိုအက်စစ် အမျိုးပေါင်း ၅၀၀ ကျော်လောက် ရှိပေမဲ့ သက်ရှိတွေအတွက် အခြေခံအကျဆုံးက အမျိုး ၂၀ လောက်ပဲ ရှိတာပါ။ ပရိုတိန်းအားလုံးနီးပါးကို အဲဒီအမိုင်နိုအက်ဆစ် ၂၀ နဲ့ပဲ လှည့်ပတ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက ဒီအန်န်အေထဲက ဘေ့စ်လေးလုံးရဲ့ ဘယ်လိုအစဉ်တန်းက ဘယ်အမိုင်နိုအက်ဆစ်ကို ချိန်းထဲ ထည့်မလဲ ဘယ်လိုသတ်မှတ်သလဲ။ ဘယ်အက္ခရာတွေ ပေါင်းစပ်လိုက်ရင် လူစင်း (Leucine) ဖြစ်မလဲ။ ဘယ်အတွဲအစပ်က စစ္စတင်း (Cysteine) လဲ။ A, C, G နဲ့ T တွေကို ဘယ်လိုစီလိုက်ရင် ဂလူတမင်း (Glutamine) ရပြီး ဘယ်လိုဆိုရင်တော့ တိုင်ရိုစိုင်း (Tyrosine) ဖြစ်လာမလဲ။ ဒီလို အခြေခံမေးခွန်းဖြစ်တဲ့ “ဒီအန်န်အေဘေ့စ်တွေက အမိုင်နိုအက်စစ်တွေကို ဘယ်လိုသတ်မှတ်ပေးသလဲ” ဆိုတဲ့ အချက်ကို ‘မျိုးဗီဇကုဒ် ပြဿနာ’ (The coding problem) လို့ သိကြပါတယ်။ ၁၉၅၀ ပြည့်နှစ် နှောင်းပိုင်းမှာ ဖရန်စစ် ခရစ်ခ်က ဒီပဟေဠိကို အဖြေညှိဖို့ ကြိုးစားနေခဲ့တာ။ ဒါကို ဖြေရှင်းနိုင်တာဟာ သက်ရှိတွေ ဘယ်လိုကြီးထွားသလဲ၊ ဘယ်လိုရှင်သန်သလဲနဲ့ ဘယ်လိုမျိုးပွားသလဲဆိုတာကို နားလည်နိုင်ဖို့ရာ အင်မတန်အရေးကြီးတဲ့ အဆင့်တစ်ရပ် ဖြစ်ခဲ့တာပေါ့။

မေးခွန်းတွေဟာ တစ်ခုပြီးရင် နောက်တစ်ခု ဆင့်ကဲပေါ်လာတာပဲ။ ဒီဘေ့စ်တွေက အတွဲလိုက် အလုပ်လုပ်ကြတာလား။ ဒီလိုဆိုရင် တစ်တွဲမှာ ဘယ် ၂ လုံး ပါမှာလဲ။ လေးလုံးထဲကနေ အစဉ်လိုက် နှစ်လုံးတွဲတွေ (ဥပမာ၊ CT, CG, AA စသည်) ပဲ တွဲမယ်ဆိုရင် ၁၆ တွဲပဲ ရနိုင်တယ်။ ဒါဆိုရင် အမိုင်နိုအက်စစ် အမျိုး ၂၀ အတွက် ကုဒ်ဖော်ဖို့ မလောက်တော့ဘူး။ ဒါဖြင့် သုံးလုံးတွဲ၊ ဒါမှမဟုတ် သုံးလုံးထက် ပိုတဲ့အတွဲတွေများ ဖြစ်နေမလား။ တကယ်လို့ သုံးလုံးတွဲ (ဥပမာ- CTC, CGA, AAA စသဖြင့်) ဆိုရင်ရော၊ အဲဒီအတွဲတွေက တစ်ခုနဲ့တစ်ခု ထပ်နေသလား။ ဒါမှမဟုတ် ပုဒ်ဖြတ်တွေနဲ့ ခြားထားတဲ့ သုံးလုံးစကားလုံးတွေလိုမျိုး သီးခြားစီ အလုပ်လုပ်တာလား။ ပုဒ်ဖြတ် (Comma) ရှိတယ်ဆိုရင် ပုဒ်မ (Period) ရော ရှိသလား။ အက္ခရာ လေးလုံးကို ဖြစ်နိုင်သမျှ သုံးလုံးစီ တွဲကြည့်မယ်ဆိုရင် ပေါင်းစပ်မှုပေါင်း ၆၄ မျိုး ရမယ်။ အဲဒီ ၆၄ မျိုးစလုံးကိုရော သုံးရဲ့လား။ တကယ်လို့ အကုန်သုံးတယ်ဆိုရင် ပိုလျှံမှုတွေ (Redundancy) ရှိနေမှာပဲ။ သဘောက မတူညီတဲ့ အတွဲတွေက အမိုင်နိုအက်ဆစ် တစ်မျိုးတည်းကိုပဲ ကိုယ်စားပြုတာမျိုး ဖြစ်နေနိုင်တယ်။ ဒီကုဒ်ထဲမှာ “ဒီမှာတင် ရပ်တော့” (Stop) လို့ ပြောတဲ့ အချက်ပြစနစ်ရော ပါသလား။ မပါဘူးဆိုရင် ဗီဇပိုင်း (Gene) တစ်ခုက ဘယ်မှာဆုံးပြီး နောက်တစ်ခုက ဘယ်မှာ စမှန်း ဘယ်လိုသိနိုင်မလဲ။ ဒါတွေကို ခရစ်ခ်နဲ့ တခြား ပညာရှင်တွေက အဖြေရှာဖို့ သိပ်ကို စိတ်အားထက်သန်နေကြလေရဲ့။

ခရစ်ခ်ကိုယ်တိုင်ကလဲ အဲဒီကုဒ်ဖော်တဲ့ပြဿနာထက် ပိုလွန်တဲ့အရာတွေကို စတင်စဉ်းစားနေပါပြီ။ အဲဒါက ကုဒ်တွေနဲ့ ရေးမှတ်ထားတဲ့ အချက်အလက်တွေကနေ ပရိုတိန်းတွေဆီ လက်တွေ့မှာ ဘယ်လိုမျိုး အမိုင်နိုအက်ဆစ်တွေ တစ်ခုပြီးတစ်ခု စနစ်တကျ စီစဉ်ပြီး တည်ဆောက်ယူသလဲ ဆိုတဲ့ မေးခွန်းပေါ့။ မူလအမျှင်တန်း (Template strand) က သူ့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဘယ်လိုရှာဖွေ ဆွဲယူသလဲ။ အဲဒီယူနစ်လေးတွေကရော ဘယ်လိုမျိုး တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားကြတာလဲ။ သူက သက်ရှိတို့ရဲ့ ဘာသာစကား—အက္ခရာတွေ၊ စကားလုံးတွေ၊ သဒ္ဒါတွေ—ကို သိချင်ရုံတင် မဟုတ်ဘဲ၊ အဲဒီဘာသာစကားကို ဘယ်လိုမျိုး ‘အသံထွက်ပြောဆိုသလဲ’ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ယန္တရားကိုပါ သိချင်နေတာ။ လူတွေစကားပြောဖို့ အဆုတ်၊ လည်ချောင်း၊ နှုတ်ခမ်းနဲ့ လျှာတို့ လိုအပ်သလိုမျိုး၊ ဇီဝဗေဒမှာလဲ အဲဒီအစိတ်အပိုင်းတွေနဲ့ အလားတူတဲ့ အလုပ်လုပ်ပုံတွေကို သူ ရှာဖွေချင်နေတာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းမှာတော့ ခရစ်ခ်တစ်ယောက် အမေရိကန်မှာ ခေတ္တနေထိုင်ပြီးနောက် အင်္ဂလန်ကို ပြန်ရောက်နေပါပြီ။ ခရစ်ခ်က ဂျင်မ် ဝက်ဆင်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ် ကဗန်းဒစ်ရှ် (Cavendish) ဓာတ်ခွဲခန်းမှာပဲ ပြန်ပြီး အခြေစိုက်ပါတယ်။ သူက အခု ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ (MRC) ဆိုတဲ့ သိပ္ပံနဲ့ ဆေးဘက်ဆိုင်ရာသုတေသနတွေ တာဝန်ယူတဲ့ အစိုးရအေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်နေတာပါ။ ဒီအန်န်အေရဲ့ တည်ဆောက်ပုံကို ဖော်ထုတ်နိုင်ခဲ့တာဟာ ခရစ်ခ်နဲ့ ဝက်ဆင်တို့အတွက် သိပ္ပံလောကမှာ နာမည်ကျော်ကြားမှုတွေ ယူဆောင်လာပေးပြီး နိုဘယ်ဆုပါ ပိုင်ဆိုင်စေခဲ့ပေမဲ့ ခရစ်ခ်ရဲ့ အခြေအနေမဟန်တဲ့ ငွေရေးကြေးရေးပြဿနာကိုတော့ ရုတ်ချည်း မပြေလည်စေခဲ့ပါဘူး။ သူနဲ့ သူ့ဇနီး အိုဒီးလ် (Odile) တို့မှာ တတိယမြောက် ရင်သွေးလေး ရလာပြီးတဲ့နောက် ငွေကြေးကျပ်တည်းမှုက ပိုဆိုးရွားလာတယ်။ ဒါကြောင့် ခရစ်ခ်လဲ ပိုက်ဆံရဖို့ အလုပ်လုပ်ရတော့တာပဲ — MRC က ရတဲ့ လစာအသင့်အတင့်နဲ့ ရံဖန်ရံခါ ရေဒီယိုကနေ ဟောပြောတာ၊ လူကြိုက်များတဲ့ ဆောင်းပါးတွေ ရေးတာက ရတဲ့ အပိုဝင်ငွေတွေနဲ့ ရပ်တည်ခဲ့ရတာပါ။

အခုတော့ သူဟာ သူ့ရုံးခန်း၊ နေ့လယ်စာဝိုင်းတွေ၊ စိတ်ပြင်းပြလှတဲ့ ဆွေးနွေးမှုတွေနဲ့ သူ့ရဲ့ကျောက်သင်ပုန်းကို ဝက်ဆင်နဲ့ မဟုတ်တော့ဘဲ နောက်ထပ် သိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ဆစ်ဒနီ ဘရန်နာ (Sydney Brenner) နဲ့ အတူသုံးပြီး အလုပ်လုပ်နေပါတယ်။ ကဗန်းဒစ်ရှ်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ ခရစ်ခ်နဲ့ စသိကျွမ်းခါစမှာတင် “သူ့အလုပ်လုပ်ပုံက တစ်ချိန်လုံး အော်ကျယ်အော်ကျယ်နဲ့ စကားတွေပြောနေတာမျိုး” လို့ မှတ်ချက်ပြုခဲ့သေးတယ်။ ခရစ်ခ်ကလဲ သူ စကားမပြောနေချိန်၊ မဟုတ်လဲ ဘရန်နာ ပြောတာ နားမထောင်နေချိန်မျိုးမှာဆိုရင် သိပ္ပံစာတမ်းတွေ ဖတ်တယ်၊ တခြား သုတေသီတွေရဲ့ တွေ့ရှိချက်တွေ ပြန်ဆန်းစစ်တယ်၊ သူ မျက်စိကျနေတဲ့ ပဟေဠိတွေအတွက် သဲလွန်စတွေကိုလဲ အချက်အလက်တွေကြားထဲ လိုက်ရှာနေတတ်သူမျိုး။ သူက အချက်အလက်တွေ ထွက်လာအောင် လက်တွေ့စမ်းသပ်သူ – Experimentalist မဟုတ်ဘူး။ ခရစ်ခ်ဟာ သီအိုရီသမား — တိတိကျကျပြောရရင် ဇီဝဗေဒ နယ်ပယ်မှာ ရာစုနှစ်တစ်လျှောက် အတော်ဆုံးနဲ့ ပင်ကိုဉာဏ် အရှိဆုံး သီအိုရီ ပညာရှင်တစ်ဦး။

၁၉၅၇ ခုနှစ်ထဲမှာ ခရစ်ခ်တစ်ယောက် သူ့အတွေးတွေနဲ့ အချက်အလက်အခြေပြု ခန့်မှန်းချက်တွေ စုစည်းရင်း ဒီအန်န်အေကနေ ပရိုတိန်းတွေ ဘယ်လိုဖြစ်လာသလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီနှစ် စက်တင်ဘာမှာတော့ လန်ဒန်တက္ကသိုလ်ကောလိပ် (University College London) မှာ ကျင်းပတဲ့ လက်တွေ့အသုံးချ ဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲထဲ သူ ဝင်ဟောပြောခဲ့ပြီး သမိုင်းပညာရှင်တစ်ယောက်ရဲ့ အဆိုအရ ခရစ်ခ်ရဲ့ အဲဒီဟောပြောချက်ဟာ “အခမ်းအနားတစ်ခုလုံး လွှမ်းမိုးသွားပြီး ဇီဝဗေဒနယ်ပယ်တစ်ခုလုံးရဲ့ ယုတ္တိလမ်းကြောင်းကိုပါ အပြီးတိုင် ပြောင်းလဲပစ်ခဲ့တယ်” ဆိုပါတယ်။ တစ်နှစ်အကြာမှာ‌တော့ အဲဒီဟောပြောချက်ကို “ပရိုတိန်း ထုတ်လုပ်ခြင်း” (On Protein Synthesis) ဆိုတဲ့ ခပ်ရိုးရိုးခေါင်းစဉ်နဲ့ပဲ အသင်းဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ခရစ်ခ်ရဲ့ အတ္ထုပ္ပတ္တိကို ရေးခဲ့သူ မတ်တ်ရစ်ဒ်လေ (Matt Ridley) ကတော့ ဒါက ခရစ်ခ်ရဲ့ အပြောင်မြောက်ဆုံး စာတမ်း ဖြစ်နိုင်ပြီး အိုင်းဆက်နယူတန်ရဲ့ Pricinpia၊ ဒါမှမဟုတ် ဝစ်ဂန်စတိန်းရဲ့ Tractatus တို့နဲ့တောင် ယှဉ်နိုင်စွမ်းရှိတယ် ဆိုပါတယ်။ ဒီစာတမ်းထဲ ဒီအန်န်အေရဲ့ မျိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေကနေ ပရိုတိန်းတွေ ဘယ်လိုတည်ဆောက်ယူသလဲဆိုတဲ့အပေါ် ခိုင်မာတဲ့ အယူအဆတွေနဲ့ မှန်းဆချက်တွေ ပေါင်းစပ်တင်ပြထားပြီး ဒီအန်န်အေရဲ့ အရိပ်အောက်မှာပဲ အမြဲရှိနေခဲ့တဲ့ အာအန်န်အေ (RNA – Ribonucleic acid) အမည်ရ နောက်ထပ် နျူကလီးရစ်အက်ဆစ် တစ်မျိုးကလဲ ဒီဖြစ်စဉ်မှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ (အဲအချိန်က ဝေဝါးနေဆဲ) ယူဆချက်ကိုပါ ခရစ်ခ်က ထည့်ပြောသွားတာပါ။

ပရိုတိန်းတွေ ထုတ်တဲ့နေရာမှာ အာအန်န်အေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမလား၊ ဒီအန်န်အေမှာ ရေးမှတ်ထားတဲ့ အစီအစဉ်အတိုင်း အမိုင်နိုအက်ဆစ်တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးဖို့ အာအန်န်အေက ကူညီပေးသလား . . . သူ တွေးတောနေခဲ့တယ်။ ဒီလိုတွေးရင်းနဲ့ပဲ ခရစ်ခ်က စကားညှပ်အဖြစ် နောက်ထပ် အတွေးသစ်တစ်ခုကို ခပ်ပါးပါးလေး ထည့်ပြောလိုက်သေးတယ်။ “ဪ၊ ဒါနဲ့ စကားမစပ်၊ ဒီရှည်လျားလှတဲ့ မော်လီကျူးကြီးတွေဟာ ဆင့်ကဲဖြစ်စဉ်ပြ သစ်ပင်ကြီးတွေအတွက် ခိုင်လုံတဲ့ သက်သေသက္ကာရတွေကိုလဲ ပေးနိုင်စွမ်းလိမ့်မယ်” တဲ့။

စာတမ်းထဲမှာ ရေးသားဖော်ပြခဲ့တာအရ — “ဇီဝဗေဒပညာရှင်တွေ သတိထားမိဖို့ လိုတာက မကြာခင်မှာပဲ ကျွန်တော်တို့ဟာ ‘ပရိုတိန်း အမျိုးအစားခွဲခြားခြင်း’ (Protein taxonomy) လို့ ခေါ်နိုင်မဲ့ ဘာသာရပ်တစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပါ။ သက်ရှိတစ်မျိုးရဲ့ ပရိုတိန်းတွေထဲက အမိုင်နိုအက်ဆစ် အစီအစဉ်တွေကို လေ့လာပြီး မျိုးစိတ်တစ်ခုနဲ့ တစ်ခုကြား နှိုင်းယှဉ်တာမျိုးပေါ့”။

သူက “မော်လီကျူးအခြေပြု သက်ရှိဇာစ်မြစ်လေ့လာခြင်း” (molecular phylogenetics) ဆိုတဲ့ ဝေါဟာရကို တိုက်ရိုက်မသုံးခဲ့ပေမဲ့ သူ ဆိုလိုချင်တာ အဲဒါပဲ — ရှည်လျားထွေပြားတဲ့ မော်လီကျူးတန်းတွေကတစ်ဆင့် ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းကို ဖော်ထုတ်ယူတာပါ။ ဥပမာ၊ ကျောရိုးရှိသတ္တဝါတွေရဲ့ သွေးထဲက အောက်စီဂျင်ကို သယ်ယူပို့ဆောင်ပေးတဲ့ ‘ဟေမိုဂလိုဘင်’ (Hemoglobin) လိုမျိုး အခြေခံ တူညီတဲ့ ပရိုတိန်းကိုပဲ သက်ရှိတစ်မျိုးနဲ့ တစ်မျိုးကြား နည်းနည်းစီ ကွဲပြားနေတဲ့ ပုံစံတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် သူတို့ကြားက ယှက်နွယ်မှု အတိုင်းအတာကို ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကောက်ချက်တွေသည် မတူညီတဲ့ ဟေမိုဂလိုဘင်တွေဟာ ဘုံဘိုးဘေး မော်လီကျူးတစ်ခုတည်းကနေ ဆင်းသက်လာတာ ဖြစ်ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ကိုင်းဖြာခွဲထွက်သွားတဲ့ လမ်းကြောင်းအသီးသီးမှာ အမိုင်နိုအက်ဆစ်စဉ်တန်းတွေက (ရှင်သန်နိုင်ဖို့ မျက်နှာသာမပေးရင်တောင်) မထင်မှတ်ပဲ နည်းနည်းစီ ကွဲပြားသွားခဲ့ကြတယ်ဆိုတဲ့ အယူအဆပေါ် အ‌ခြခံတာမျိုးပါ။ ဒီလို ဟေမိုဂလိုဘင် တစ်ခုနဲ့တစ်ခုကြားက ကွဲပြားမှု အနည်းအများဟာ အဲဒီမျိုးရိုးတွေ ဘုံအကိုင်းအခက်ကနေ လမ်းခွဲထွက်ခဲ့ချိန်က စပြီး အချိန် ဘယ်လောက်ကြာသွားသလဲဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။ အဲဒီအချက်အလက်တွေက တစ်ဆင့် ဆင့်ကဲဖြစ်စဉ်ပြ သစ်ပင် (Phyologenetic trees) တွေကို ဆွဲသားနိုင်လိမ့်မယ်လို့ ခရစ်ခ်က အကြံပြုခဲ့တယ်။ လူမှာ ဟေမိုဂလိုဘင် ပုံစံတစ်မျိုး ရှိသလို မြင်းမှာလဲ နောက်တစ်မျိုး ရှိနေတယ်။ ဒါဆို ဒီနှစ်ခုကြား ကွဲပြားမှု ဘယ်လောက် ရှိသလဲ။ ကျွန်တော်တို့နဲ့ မြင်းတွေ ဘုံဘိုးဘေးတစ်မျိုးတည်းကနေ ဆင့်ကဲခွဲထွက်လာတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ . . . ?။ ခရစ်ခ်က ဆက်ပြီး — ပရိုတိန်းစဉ်တန်းတွေဟာ သက်ရှိတစ်မျိုးရဲ့ ရုပ်ပိုင်းဆိုင်ရာအရ မည်သူမည်ဝါဖြစ်ကြောင်းကို ဘွင်းဘွင်းရှင်းရှင်းနဲ့ တိတိကျကျ သိမြင်နိုင်တဲ့ မှတ်တမ်းတွေ ဖြစ်ပြီး “အဲဒီထဲ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အချက်အလက်တွေ ပုံအောနစ်မြုပ်နေနိုင်တယ်” လို့လဲ ဆိုခဲ့လေရဲ့။

ဒီလိုမျိုး အနာဂတ်အတွက် အလားအလာကောင်းလှတဲ့ အကြံပြုချက်ကို ပေးပြီးတဲ့နောက် စာတမ်းရဲ့ ကျန်အပိုင်းတွေမှာတော့ ခရစ်ခ်ဟာ သူ့တကယ့်နယ်ပယ် ဖြစ်တဲ့ ဆဲလ်တွေထဲ ပရိုတင်း ဘယ်လို ထုတ်သလဲဆိုတဲ့ အကြောင်းဆီပဲ ပြန်လှည့်သွားပါတယ်။ ဒါကိုက သူ့ထုံးစံ — စကားစပ်မိလို့ ဖြတ်ခနဲ ပြောလိုက်တဲ့ အတွေးလေးတစ်ခုသာသာပေမဲ့ အဲဒီအတွေးရဲ့ အလေးချိန် (အကျိုးသက်ရောက်မှု) က ဘီယာတင်ကားကြီး တစ်စီးလောက်ကို ကြီးမားလှတယ်။ သူပြောခဲ့ပုံက ဘယ်လိုလဲဆိုတော့ “ဒီမှာကြည့်၊ ငါကတော့ ဒီပရိုတိန်း အမျိုးအစားခွဲတဲ့အလုပ်ကို ကိုယ်တိုင် ဝင်ပါမှာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်တော့ ဒီကိစ္စကို ဇောက်ချလုပ်သင့်တယ်နော်” တဲ့။         ။

အခန်း ၂၊ အပိုင်း ၁
ပြီးပါပြီ

Previous chapter Sec. 8 — ဒါဝင့်ပုံကြမ်းလေး — ၈

You've reached the latest chapter — check back next week.

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.