April 18, 2026 | မြန်မာ
Home The Tangled Tree Section 1
Three Surprises: An Introduction
Section 1

မိတ်ဆက် — အံ့ဖွယ်သုံးရပ်

10 min read · 9 Mar 2026 · 10 chapters total

ကျွန်တော်တို့ သိရသလောက်တော့ စကြဝဠာထဲက သက်ရှိဖြစ်တည်မှုဟာ ဘယ်လောက်ပဲ တခြားနည်းနဲ့ ပြောင်းလဲစိတ်ကူးယဉ်ကြည့်ပါစေ ကမ္ဘာဂြိုဟ်တစ်ခုတည်းမှာတင် နယ်သတ်ဘောင်ခတ်ခံထားရတဲ့ ခပ်ဆန်းဆန်းကိစ္စပါ။ ခန့်မှန်းချက်တွေနဲ့ ခပ်ပေါ့ပေါ့ သမုတ်ကြတဲ့ ဖြစ်တန်စွမ်းတွေ အများကြီး ရှိပေမဲ့ ဒါတွေကို အားပြုပေးနိုင်တဲ့ သက်သေသက္ကာယ တစ်ခုမှ ရှိမနေပါဘူး။ သင်္ချာနည်းနဲ့ ဓာတုဗေဒအရတော့ ကမ္ဘာဂြိုဟ်ပြင်ပ တစ်နေရာမှာ သက်ရှိဖြစ်ထွန်းနိုင်တယ်။ ဒါပေမဲ့ ဒီလို အပြိုင်သက်ရှိ ဖြစ်ထွန်းနေရင်တောင် သွားလေလာ့နိုင်ဖို့က လက်တွေ့နဲ့ ဝေးကွာလွန်းနေတာပေါ့။ ဒါက ခန့်မှန်းချက်ပေမဲ့ ကမ္ဘာပေါ်က သက်ရှိတွေကတော့ အမှန်တကယ် ရှင်သန်နေထိုင်နေတာပါ။ အင်မတန် အံ့အားသင့်စရာ ပြင်ပသက်ရှိတွေ ရှာဖွေတွေ့ရှိကြောင်း နက်ဖြန်၊ ဒါမှမဟုတ် နောက်နှစ်၊ ဒါမှမဟုတ်လဲ နောင်တစ်ချိန်ချိန်မှာ ကြေညာလာနိုင်ရင်တော့ ဒီကိစ္စက ကမ္ဘာဂြိုဟ်ရဲ့ တစ်မူထူးခြားမှုဂုဏ်ပုဒ်ကို အရောင်မှိန်စေနိုင်တာပေါ့။ လက်ရှိမှာတော့ ကျွန်တော်တို့ဆီ သာမန်ဂလက်ဆီတစ်ခုရဲ့ မထင်မရှားထောင့်တစ်နေရာက ကျောက်သားဂြိုဟ်လေးမှာ ဖြစ်ခဲ့တဲ့ သက်ရှိဇာတ်လမ်းတစ်ပုဒ်ပဲ ရှိတယ်။ သိရသလောက်တော့ ဒီဇာတ်လမ်းဟာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပွားခဲ့တာ။

ဒီဇာတ်လမ်းကို ခပ်ကျဲကျဲရိုက်ချက်တွေ၊ အနုစိတ် ပုံရိပ်တွေနဲ့ သီကုံးဖွဲ့စည်းထားတာမို့ ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေပြန်ပါသေးတယ်။ ကမ္ဘာဦးအစ ဇီဝဇာစ်မြစ်တွေကနေ လက်ရှိတွေ့နေရသလို အရောင်အသွေး စုံလင်ကွဲပြားတဲ့ သက်ရှိတွေ ပေါ်ပေါက်လာဖို့ နှစ်သန်းပေါင်းလေးထောင်ထဲ ဘာတွေဖြစ်ပျက်ခဲ့လဲ။ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့လဲ။ တိုက်ဆိုင်မှုနဲ့ သဘာဝရဲ့ ရွေးချယ်မှု . . . ဘယ်လိုစပ်ဆိုင်ခဲ့လို့ လူသားတွေနဲ့ ဝေလငါးပြာတွေက စလို့ တိုင်ရန်နိုဆောရပ်စ်တွေ အလယ် ဆီကွိုင်းယားပင်ကြီးတွေ အဆုံး အံ့ဖွယ်သက်ရှိတွေ ဖြစ်တည်လာရသလဲ။ ဆင့်ကဲသမိုင်းမှာ အရေးပါတဲ့ အရွေ့တွေ၊ မဖြစ်နိုင်လောက်တဲ့ တိုက်ဆိုင်မှုတွေ၊ နိဂုံးချုပ်သွားတဲ့ မျိုးစိတ်တွေ၊ သက်ရှိပျက်ကပ်တွေနဲ့ မှတ်ကျောက်တင်စရာ ဖြစ်ရပ်ကြီးတွေ၊ နောက်ဆက်တွဲသက်ရောက်မှုပြင်းတဲ့ ဖြစ်ရပ်ငယ်တွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ အဲဒီထဲ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ သက်ရှိကမ္ဘာထဲ ကျန်ရစ်ခဲ့တဲ့ အထောက်အထားတွေက ပြောတဲ့ ကြမ္မာငင်ပုံပြင်တွေလဲ ပါတာပေါ့။ အတွေးစမ်းသပ်ချက်အဖြစ် ယူဆရင်းသာ ဒီပုံပြင်တွေကို ပြောင်းပြန်လှန်လိုက်ရင် အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ကျွန်တော်တို့ ရှိတော့မှာ မဟုတ်ဘူး။ တိရစ္ဆာန်တွေနဲ့ အပင်တွေလဲ မရှိလောက်တော့ဘူး။ ဒါဖြင့်ရင် ဘာလို့များ တခြားပုံစံနဲ့ မဟုတ်ဘဲ ဒီအတိုင်း ဖြစ်ခဲ့ကြရတာလဲ။ ဘာသာရေးတွေမှာတော့ ဒီလိုမေးခွန်းအတွက် အဖြေကိုယ်စီရှိကြပေမဲ့ သိပ္ပံပညာမှာ အဖြေတိုင်းက လက်တွေ့လေ့လာချက်တွေကို အခြေခံရင်း ရှာဖွေကောက်ချက်ချကြရတယ်။ စုံမှိတ်ယုံကြည်ချက်တွေကို မှီခိုလို့ မရဘူးပေါ့။

ဒီစာအုပ်မှာ အဲဒီဇာတ်လမ်း၊ အဲဒီပုံပြင်ကိုပဲ နည်းလမ်းသစ်နဲ့ ချဉ်းကပ်ရင်း၊ နည်းလမ်းသစ်နဲ့ ချိတ်ဆက်ကောက်ချက်ချရင်း တွေ့လာတဲ့ မျှော်လင့်မထားလောက်စရာ အသိအမြင်သစ်တွေအကြောင်း ပြောထားပါတယ်။ အဲဒီနည်းလမ်းသစ်ကို မော်လီကျူလာ ဖိုင်လိုဂျနက်တစ် (Molecular Phylogenetics) လို့ ခေါ်တယ်။ ဒီဝေါဟာရကို စာဖတ်သူတို့ နှာခေါင်းရှုံ့မိလောက်ပါတယ်။ ကျွန်တော်လဲ ရှုံ့မိတာပါပဲ။ ဒါပေမဲ့ တကယ့်တကယ်တမ်း ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ရိုးရိုးလေးပါ။ လက်ရှိ ရှင်သန်နေထိုင်နေဆဲ သက်ရှိတွေဆီက ရှည်လျားထွေပြားတဲ့ ဇီဝမော်လီကျူးတွေကို ဇာစ်မြစ်လိုက်ရင်း သက်ရှိသမိုင်းနဲ့ မျိုးစိတ်တွေရဲ့ ဆက်စပ်ပတ်သက်မှုကို တူးဆွတာ ဖြစ်ပါတယ်။ အဓိက လေ့လာတဲ့ မော်လီကျူးတွေက DNA, RNA နဲ့ ပရိုတိန်းတချို့ပါ။ နျူကလီယိုတိုက်တွေနဲ့ အမိုင်နိုအက်စစ်တွေကို အခြေခံထားတဲ့ မော်လီကျူးအစိတ်အပိုင်းလေးတွေပေါ့ — ဒါတွေအကြောင်း နောက်ပိုင်းမှ စီကာပတ်ကုံး ရှင်းပြပါအုံးမယ်။ မမျှော်လင့်ထားတဲ့ အဲဒီအသိအမြင်တွေက လူသားတွေအပါအဝင် သက်ရှိတွေရဲ့ သမိုင်းကြောင်းနဲ့ အသက်ဇီဝိန်ယန္တရားတွေအကြောင်း ကျွန်တော်တို့ နားလည်ထားသမျှကို အုတ်မြစ်က စ ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့က ဘယ်သူတွေလဲ — ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိရစ္ဆာန်တွေ၊ ပြောရရင် ကျွန်တော်တို့ လူသားတွေ — နဲ့ ကျွန်တော်တို့က ဘာတွေလဲ၊ ကမ္ဘာပေါ်က သက်ရှိတွေကရော ဘယ်လိုဆင့်ကဲပြောင်းလဲလာခဲ့လဲ ဆိုတာနဲ့ ပတ်သက်လို့ အံ့ဩမင်သက်ဖွယ်ရာ သုံးရပ် ရှိလာတယ်။

အဲဒီ အံ့ဖွယ် ၃ ရပ်ထဲ တစ်မူထူးခြားပြီး အရင်က သတိမထားမိခဲ့ပေမဲ့ အခု သက်ရှိနယ်ပယ်ကြီးတစ်ရပ် ဖြစ်လာတဲ့ အာခေးယား (Archaea) တွေ ပါဝင်တယ်။ နောက်၊ အဲလိုပဲ ဟိုးတုန်းကတော့ သတိမထားမိခဲ့ပေမဲ့ အခု ဘေးတိုက်ဗီဇလက်ဆင့်ကမ်းမှု (Horizontal Gene Transfer) လို့ နာမည်တွင်တဲ့ မျိုးဗီဇလက်ဆင့်ကမ်းစနစ်တစ်ရပ်လဲ ရှိနေတာပါ။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးနဲ့ ဖြစ်နိုင်ခြေရှိတဲ့ မျိုးရိုးဇာစ်မြစ်ကို တူးဆွဖော်ထုတ်နိုင်မှုပါ။ ကျွန်တော်တို့ဟာ . . . လူသားတွေကိုယ်တိုင်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကအထိ ရှိတယ်လို့တောင် မသိခဲ့ကြတဲ့ သက်ရှိတွေဆီက ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ်။

ဘက်တီးရီးယားရဲ့ အုပ်စုကွဲတွေအဖြစ် ကာလရှည်ကြာ မှားယွင်းသတ်မှတ်ခံထားရတဲ့ အာခေးယားတွေကို ရှာဖွေတွေ့ရှိပြီး တံဆိပ်ခတ်ခွဲခြားနိုင်ခဲ့ခြင်းက ဒီကနေ့ခေတ် အဏုဇီဝသက်ရှိတွေဟာ သိပ္ပံပညာက အရင်နားလည်ခဲ့တာတွေနဲ့ အများကြီးကွဲဟနေတယ်ဆိုတာ သက်သေထူနိုင်ခဲ့တယ်။ ဒါ့အပြင် သက်ရှိတွေရဲ့ ရှေးဦးသမိုင်းမှာလဲ ကွဲပြားနေတာတွေ မနည်းမနောပေါ့။ ဘေးတိုက်ဗီဇလက်ဆင့်ကမ်းမှုက ဖြစ်ရိုးဖြစ်စဉ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာကြလို့ မျိုးဗီဇတွေဟာ မိဘကနေ သားသမီးဆီကိုပဲ ထက်အောက်လက်ဆင့်ကမ်းတယ်၊ သက်ရှိစည်းခြားနေတဲ့ မျိုးစိတ်ကွဲတွေအချင်းချင်း မကူးလူးနိုင်ဘူးဆိုတဲ့ အရိုးစွဲသတ်မှတ်ချက်က ပြောင်းပြန်လန်သွားရရှာတယ်။ အာခေးယားတွေနဲ့ ပတ်သက်လို့ နောက်ဆုံးသတင်းတွေအရ တိရစ္ဆာန်တိုင်း၊ အပင်တိုင်း၊ မှိုတိုင်းနဲ့ ဗဟိုနျူကလိယမှာ DNA ပါတဲ့ ဆဲလ်တွေနဲ့ တည်ဆောက်ထားတဲ့ ခပ်ရှုပ်ရှုပ် ဘယ်သက်ရှိမဆို . . . ကျွန်တော်တို့လဲ အပါဟာ အဲဒီ ခပ်ဆန်းဆန်း၊ ရှေးဟောင်းအဏုဇီဝသက်ရှိတွေဆီက မြစ်ဖျားခံ ပေါ်ပေါက်လာတယ်ဆိုတာပါပဲ။ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စက ခင်ဗျားရဲ့ ဘိုး-ဘေး-ဘီ-ဘင်တွေဟာ လစ်သူရေးနီးယားက မဟုတ်ဘဲ မားစ်ဂြိုဟ်ပေါ်ကမှန်း ရုတ်တရက် သိလိုက်ရသလို အံ့ဩတုန်လှုပ်သွားချင်စရာပါ။

ဒီအံ့ဖွယ် ၃ ရပ်ကို စုကြည့်လိုက်တော့ နက်နဲတဲ့ မသေချာ မရေရာမှုတွေ/မေးခွန်းသစ်တွေ ရှိလာပြီး လူသားဖြစ်တည်မှု၊ လူတစ်ဦးချင်းစီရဲ့ သီးခြားဖြစ်တည်မှုနဲ့ လူ့ကျန်းမာရေးတွေကိုပါ လှိုင်းဂယက်ထ သက်ရောက်လာစေခဲ့တယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ထင်ထားသလို မဟုတ်နေဘူး။ ကျွန်တော်တို့ဟာ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ သတ္တဝါတွေ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာလဲ သက်ရှိလောကရဲ့ အမှောင်ဒေသ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ မတိုင်ခင်အထိ အပယ်ခံဖြစ်ခဲ့တဲ့ မျိုးစိတ်တွေဆီက ပေါက်ဖွားလာပုံ ရနေတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ပဟေဠိဆန်၊ ပိုပြီး ရှုပ်ထွေးနက်နဲနေတယ်။ သက်ရှိသစ်ပင်ဟာလဲ သပွတ်အူလိုက်နေတယ်။ ဗီဇတွေဟာလဲ အထက်အောက်ပဲ ရွေ့လျားတာ မဟုတ်ဘူး။ မျိုးစိတ်ကန့်သတ်ချက်တွေကို ကျော်လွန်ရင်း ဘေးတိုက်လဲ စီးဆင်းနိုင်တယ်၊ ကွာဟချက်တွေကိုလဲ လစ်လျူရှုနိုင်တယ်၊ မတူကွဲပြားတဲ့ သက်ရှိဘဝတွေကြား ဖြတ်သန်းနိုင်တယ်။ တချို့ဆိုရင် ကျွန်တော်တို့ လူတွေရဲ့ ပရိုင်းမိတ် မျိုးစဉ်တန်းတွေထိပါ ပရိုင်းမိတ်မဟုတ်တဲ့ မထင်မရှား ဇာစ်မြစ်တွေဆီကနေ ဘေးတိုက်ကျူးကျော်ဝင်ရောက်လာတယ်။ တစ်ဖက်လှည့် ပြောရရင် ဒီဖြစ်စဉ်က သွေးသွင်းသလိုပေါ့၊ ဒါမှမဟုတ် (သိပ္ပံပညာရှင်တချို့ ကြိုက်ကြတဲ့ ဥပမာအရဆိုရင်) ဖြစ်တည်မှုကိုပါ ပြောင်းလဲစေနိုင်တဲ့ ရောဂါကူးစက်မှုလိုမျိုးပါ။ “Infective heredity – ကူးစက်ဗီဇဆင့်ကမ်းမှု”။ အဲဒီနေရာရောက်ရင် ဒီအကြောင်း ဆက်ပြောပါ့မယ်။

The Tangled Tree: A Radical New History of Life
Book by David Quammen

ကူးစက်မှုဆိုလို့ လမ်းကြုံတာနဲ့ ပြောပြရရင် ကမ္ဘာတစ်ဝှမ်းမှာ အသံတိတ်ဂယက်ထနေရာကနေ ပွက်လောရိုက်ခါစ ပြုလာတဲ့ ဘက်တီးရီးယားတွေ ဆေးယဉ်ပါးတဲ့ ပြဿနာမှာလဲ အဲဒီဘေးတိုက်ဗီဇစီးဆင်းမှုက ပါဝင်နေပြန်တယ်။ နှစ်စဉ်နှစ်တိုင်း အမေရိကားက လူပေါင်း ၁၁,၀၀၀ ကျော်လောက်ရဲ့ အသက်ကို နုတ်ယူနေပြီး ကမ္ဘာအနှံ့မှာလဲ ထောင်နဲ့ချီတဲ့သူတွေကို ဇီဝိန်ခြွေနေတဲ့ မာဆာအမည်ရ အန္တရာယ်ရှိ ဘက်တီးရီးယားပိုး (MRSA – methicillin-resistant Staphylococcus aureus) ဆိုရင် ဘာအမျိုးမှမတော်တဲ့ တခြားဘက်တီးရီးယားဆီကနေ ပဋိဇီဝဆေး ခုခံနိုင်တဲ့ ဗီဇအစုံလိုက်တွေကို ဒေါင်လိုက်ဗီဇကူးတဲ့နည်းနဲ့ ရုတ်တရက် ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်ပဲ ပိုးသတ်ဆေးပေါင်းစုံရဲ့ ဒဏ်ကို ခံနိုင်တဲ့၊ နှိမ်နှင်းရ ခဲယဉ်းတဲ့ စူပါဘက်တီးရီးယားပိုးတွေဟာ အချိန်တိုအတွင်းမှာတင် ကမ္ဘာ့နေရာအနှံ့ကို ပျံ့သွားနိုင်တာပေါ့။ အဲဒီလို လက်တွေ့ပိုင်းရော နက်နက်နဲနဲ သိလိုက်ရတာတွေကနေပါ အလင်းပွင့်သွားချိန်မယ်တော့ ကျွန်တော်တို့ လူသားတွေက ဘာတွေလဲ၊ ကျွန်တော်တို့က ဘယ်ကလာသလဲနဲ့ သက်ရှိလောက ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာတွေအပေါ် ကျွန်တော်တို့ရဲ့ ကနဦးနားလည်ထားချက်တွေဟာ ပြုပြင်ဖို့ရာ စိန်ခေါ်ခံလိုက်ရတော့တယ်။

ဇီဝဗေဒဆိုင်ရာ သိမှုတွေ ခုလို လုံးလုံးလျားလျား တော်လှန်ခံလိုက်ရတာရဲ့ နောက်ကွယ်မှာ မတူကွဲပြားတဲ့ အခြေအနေနဲ့ အချိန်အခါတွေ ရှိခဲ့ပါတယ်။ အဲဒီထဲကနဲ့ အဓိကအကျဆုံး ဖြစ်နေနိုင်တဲ့ ကိစ္စကတော့ ဒီမှာ ဖော်ပြထိုက်ပါရဲ့။ အချိန်က ၁၉၇၇ ခုနှစ်၊ ဆောင်းဦး။ နေရာကတော့ အီလီနွိုက်ပြည်နယ်၊ အာဘားနားမှာ နယူးယော့ခ်တိုင်းမ် သတင်းစာတိုက်က ဓာတ်ပုံသမားရှေ့ မှတ်စုတွေ၊ ပုံတွေနဲ့ ပြည့်နေတဲ့ ဘလက်ဘုတ်ကြီး နောက်ခံထားရင်း ခြေထောက်နှစ်ချောင်း စားပွဲပေါ်တင်ပြီး ကြွကြွရွရွပိုစ့်ပေးနေတဲ့ ကားလ်ဝုစ်ဆိုသူကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာ ရိုက်သွားတဲ့ ဓာတ်ပုံကတော့ ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ထွက် တိုင်းမ်သတင်းစာထဲ ဝုစ်နဲ့ သူ့အဖွဲ့ နဂိုရှိထားပြီးသား သက်ရှိလောက နှစ်ခုနဲ့ မတူတဲ့ တတိယမြောက် သက်ရှိလောကအသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဆိုတဲ့ ခေါင်းစီးနဲ့ တွဲရက်ပါလာတော့တယ်။ သတင်းစာရဲ့ မျက်နှာဖုံး၊ ပြန်ပေးဆွဲခံလိုက်ရသူ အမွေခံ ဟိရက်စ်နဲ့ တောင်အာဖရိကက လူမျိုးရေးခွဲခြားသူ လူဖြူအစိုးရကို လက်နက်ရောင်းခွင့်ပိတ်လိုက်တဲ့ သတင်းတွေရဲ့ ဘေးကော်လံမှာ ဝုစ်တို့ရဲ့ သတင်းကို ဖော်ပြခဲ့ကြတာပါ။ တစ်နည်းပြောရရင် သတင်းကြီးပေါ့၊ ဒါပေမဲ့ ခပ်ချုံ့ချုံ့ပဲ ဖော်ပြထားတဲ့ ဒီ ‘သက်ရှိလောကအသစ်’ ဆိုတာ တကယ်ဘာကို ဆိုလိုသလဲ တိုင်းမ်သတင်းဖတ်သူတွေ သဘောပေါက်သွားလား၊ မပေါက်သွားလားတော့ သေချာမသိရပါဘူး။ အဲဒီသတင်းဆောင်းပါးဟာ ဝုစ်ကို သူ့ဘဝရဲ့ အကျော်ကြားဆုံးအချိန်တွေဆီ တွန်းပို့ခဲ့တယ်၊ သူ့ရဲ့ စင်ပေါ်က ၁၅ မိနစ်စာ ဝါဟောကာလ (Warhol) ပေါ့၊ အဲဒါပြီးနောက် ဓာတ်ခွဲခန်းထဲ ပြန်ရောက်သွားလေရဲ့။ ဝုစ်ဟာ သူ့နယ်ပယ်ကို၊ သက်ရှိပုံပြင်ကို တစ်ခေတ်ဆန်းစေမဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာခဲ့ပေမဲ့ အဏုဇီဝဗေဒနယ်ပယ်နဲ့ အဆက်အစပ်မရှိသူတွေအဖို့တော့ သူစိမ်းတစ်ယောက် ဖြစ်ရရှာခဲ့။

ကားလ်ဝုစ်ဟာ နားလည်ရခက်သူတစ်ယောက် — စိတ်အားထက်သန်မှု ပြင်းပြပြီး အင်မတန်သိုသိပ်တတ်သူ — နက်နဲတဲ့ မေးခွန်းတွေကို ဖမ်းဆုပ်၊ ကြံဖန်မှန်းဆထားတဲ့ နည်းလမ်းတွေ ပေါင်းစုစပ်ဟပ်ရင်း အဖြေရှာတတ်တဲ့ သူဟာ သိပ္ပံစည်းမျဉ်းတချို့ကို မျက်ကွယ်ပြုရင်း၊ ရန်သူတွေ တိုးသထက်တိုးစေရင်း လောကနီတိတွေကို လျစ်လျူရှု၊ အတွေးနဲ့ အပြော ထပ်တူကျပြီး တခြားကိစ္စတွေထက် သူ့ရဲ့ ကိုယ်ပိုင်သုတေသန ပရိုဂရမ်တွေပေါ်ပဲ စွဲစွဲမြဲမြဲလုပ်ကိုင်ပြီး ဇီဝဗေဒရဲ့ အတွေးမဏ္ဍိုင်တွေကို လှုပ်ခါယိမ်းခတ်စေမဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု၊ ဒါမှမဟုတ် နှစ်ခုကို ပေါ်ပေါက်စေခဲ့ပါတယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေအဖို့တော့ သူဟာ ဖော်ရွေပြီး ရယ်စရာကောင်းသူ၊ စကားအပြောဆိုးပေမဲ့ အရွှန်းဖောက်တတ်သူ၊ ဂျက်ဇ်ဂီတကို နှစ်သက်ပြီး ဘီယာနဲ့ စကော့ချ်သောက်တတ်သလို ပီယာနိုကိုလဲ အပျော်တမ်းအဖြစ် တီးတတ်ပြန်သေးတယ်။ သူ့ရဲ့ ဘွဲ့လွန်ကျောင်းသားတွေ၊ ပါရဂူဘွဲ့ရ သုတေသီတွေနဲ့ ဓာတ်ခွဲခန်းအကူတွေအတွက်တော့ သူက ဘော့စ်ကောင်းတစ်ယောက်လို၊ အတုယူစရာ ရှေ့ဆောင်လမ်းပြသူလို၊ တစ်ခါတလေ (အမြဲတော့ မဟုတ်) ရက်ရောတယ်၊ ဉာဏ်ပညာရှိတယ်၊ ကြင်လဲ ကြင်နာတတ်ပါရဲ့။

ဆရာဆိုတာကို ဘောင်ချုံ့ပြီး အလွယ်ကြည့်ရင်တော့ အီလီနွိုက်တက္ကသိုလ်မှာ အဏုဇီဝဗေဒသင်တဲ့ ပရော်ဖက်ဆာ သူဟာ ဘွဲ့ကြိုတန်းကျောင်းသားတွေအတွက် မရှိနေသလိုပါပဲ။ စိတ်အားထက်သန်ပေမဲ့ ဘာမှမသိသေးတဲ့ ကျောင်းသားအုပ်ကြီးရှေ့မှာ ရပ်ပြီး ဘက်တီးရီးယားရဲ့ အခြေခံအကျဆုံးသဘောတရားတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြတာမျိုး သူ မလုပ်ခဲ့ဘူး။ ဟောပြောတာက သူ့ရဲ့ အားသာချက်လဲ မဟုတ်သလို စိတ်လဲ မဝင်စား၊ သိပ္ပံညီလာခံတွေရောက်လို့ သူ လုပ်နေတဲ့ သုတေသနတွေအကြောင်း တင်ပြရရင်တောင် နှုတ်စလျှာစ သွက်သူမဟုတ်။ အစည်းအဝေးတွေကို သူ မကြိုက်။ ခရီးထွက်ရတာကိုလဲ မနှစ်မြို့။ အကြီးတန်းသိပ္ပံပညာရှင်တွေ လုပ်လေ့လုပ်ထရှိသလို ဟောပြောပွဲတွေ၊ ခရစ်စမတ်ပါတီတွေ လုပ်ပြီး အုပ်စုလိုက်ဓာတ်ပုံရိုက်တာတွေ သူ မလုပ်သလို သူ့ဓာတ်ခွဲခန်းကိုလဲ ပျော်ဖို့ကောင်းပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ သိုက်သိုက်ဝန်းဝန်းရှိတဲ့နေရာမျိုးအဖြစ် မဖန်တီးခဲ့ဘူး။ သူ့မှာ သူရွေးချယ်ထားပြီးသား ငယ်သူငယ်ချင်းတွေ ရှိခဲ့တယ်၊ တချို့ဆိုရင် နှစ်မြို့စရာကောင်းခဲ့ချိန်တွေ၊ ရယ်မောရချိန်တွေနဲ့ တက္ကသိုလ်ကျောင်းဝန်းကနေ လမ်းခဏလျှောက်ရုံနဲ့ ရောက်တဲ့ ဝုစ်အိမ်မယ် ဘီယာသောက်ပြီး အသားကင်စားခဲ့တာတွေကို သတိတရရှိကြသေးတယ်။ ဒါပေမဲ့ အဲဒီသူငယ်ချင်းတွေဟာလဲ သူတို့ရဲ့ ဖြစ်တည်မှုကြောင့် ဖြစ်စေ၊ ကံကောင်းလို့ဖြစ်စေ သူ့ရဲ့ အပေါ်ယံအလွှာအောက်က ဘဝထဲ ဖောက်ထွင်းဝင်ရောက်ခွင့် ရခဲ့ကြတဲ့ ရွေးချယ်ခံရသူ လူနည်းစုတွေပေါ့။

နောက်ပိုင်းနှစ်တွေမှာတော့ သူ့ကို လူသိများလာပြီး နိုဘယ်ဆုက လွဲလို့ တခြားဂုဏ်ထူးဆောင်ဘွဲ့တွေ အများကြီးရလာချိန် တစ်ပြိုင်တည်းမှာပဲ ဝုစ်ဟာလဲ စိတ်တွေ ခါးသီးလာပုံရပါတယ်။ သူက သူ့ကိုယ်သူ ပြင်ပလူတစ်ယောက်လို ထင်လာတယ်။ ကြီးကျယ်ခမ်းနားလှပါချည်ရဲ့ဆိုတဲ့ အမျိုးသားသိပ္ပံအကယ်ဒမီက သူ့ကို ရွေးကောက်ခဲ့ပေမဲ့ အဲဒီအချိန်မှာ အသက်က ၆၀ တန်းကို ရောက်နေပြီမို့ နောက်ကျပြီး ရွေးခံခဲ့ရတာအပေါ် သူ စိတ်တိုခဲ့တယ်။ တချို့ရဲ့ ပြောပြချက်အရ သူဟာ မိသားစုနဲ့လဲ တဖြည်းဖြည်း ဝေးကွာလာတယ်၊ သူ့ရဲ့ သိပ္ပံထုတ်ဝေမှု မှတ်တမ်းတွေမှာ သိပ်မတွေ့ရတတ်တဲ့ ဇနီးနဲ့ ကလေးနှစ်ယောက်နဲ့ပေါ့။ သူဟာ ဂွကျပေမဲ့ ထူးချွန်သူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ သုတေသနတွေဟာ ဇီဝဗေဒရဲ့ အခြေခံအကျဆုံး သဘောတရားတွေထဲက တစ်ခုဖြစ်တဲ့၊ အမျိုးတော်စပ်မှုနဲ့ မျိုးစုံမျိူးကွဲမှုတွေကို သစ်ကိုင်းသစ်ခက်တွေနဲ့ ထင်ဟပ်စေတဲ့ သက်ရှိသစ်ပင်အယူအဆ (Tree of Life) ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့်ပဲ ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့၊ အာဘားနားမှာ ဝုစ်တစ်ယောက် အောင်ပွဲခံတဲ့အချိန်ကို ဒီစာအုပ်ရဲ့ အသည်းနှလုံးနေရာမှာ နေရာယူဖော်ပြထားရတာပေါ့။

တခြားသိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကလဲ ဝုစ်နဲ့ သူ့သစ်ပင်ဆီ လာနွယ်နေပြန်ပါတယ်။ ဥပမာ၊ ဖရက်ဒ် ဂရစ်ဖစ်လို့ အမည်ရတဲ့ မထင်မရှား ဗြိတိသျှဆရာဝန်တစ်ဦးဆိုရင် ၁၉၂၀ ပြည့်လွန်နှစ်တွေလောက်က ကျန်းမာရေးဝန်ကြီးဌာနအတွက် အဆုတ်ရောင်ရောဂါကို သုတေသနလုပ်ပေးရင်း မမျှော်လင့်ဘဲ ဘက်တီးရီးယားရဲ့ ပြောင်းလဲမှုတစ်ခုကို သတိထားမိခဲ့တယ်။ ဘက်တီးရီးယားမျိုးစိတ်တစ်ခုက အန္တရာယ်မရှိတဲ့ အခြေအနေကနေ ရုတ်ချည်းကို သေစေနိုင်လောက်တဲ့ အစွမ်းထက်မျိုးကွဲအဖြစ် ကူးပြောင်းသွားတာမျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ လူတွေသေဆုံးနေကြရတဲ့ အဲဒီအချိန်တုန်းကတော့ ဒီကိစ္စက ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးခဲ့တယ်။ ဒါပေမဲ့ ဂရစ်ဖစ်ကိုယ်တိုင် မသိခဲ့တာက သိပ္ပံပညာရဲ့ ငုပ်လျှိုးနေဆဲ အမှန်တရားတွေအတွက် အဲဒီတွေ့ရှိမှုက သဲလွန်စတစ်ရပ်လဲ ဖြစ်ခဲ့တာပါ။

ဂရစ်ဖစ်ရဲ့ ခပ်ရှုပ်ရှုပ် မျိုးပြောင်းမှုယန္တရားက ၁၉၄၄ ခုနှစ်မတိုင်ခင်အထိ မရှင်းမလင်းဖြစ်နေဆဲပဲ၊ ဒီ့နောက်ပိုင်းမှ နယူးယော့ခ် ရော့ခ်ဖဲလားအင်စတီကျုက အနေအေးပြီး ဇီဇာကြောင်တတ်သူ အော့စ်ဝဲလ် အေဗရီ အမည်ရ သုတေသီတစ်ဦးက ဘက်တီးရီးယားမျိုးစိတ်တစ်ခုကနေ နောက်ထပ်မျိုးကွဲတစ်ခုကို ရုတ်ချည်းပြောင်းလဲစေနိုင်တဲ့ အရာ – ‘အသွင်ပြောင်းမှု နိယာမ’ ကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒါက ဒီအောက်စီရိုင်ဘိုနျူးကလီးရစ် အက်ဆစ်ပါ။ ဒီအန်န်အေပေါ့။ ဆယ်စုနှစ်တစ်ခု မပြည့်ခင်မှာပဲ ဂျိုရှုဝါ လီဒါဘာ့ဂ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ဒီလိုမျိုး ပြောင်းလဲမှု (သူတို့က အဲဒီဖြစ်စဉ်ကို ‘ကူးစက်ဗီဇဆင့်ကမ်းမှု’ လို့ ပြန်ကင်ပွန်းတပ်ပေးခဲ့တယ်) ဟာ ဘက်တီးရီးယားတွေအဖို့ ပုံမှန်ဖြစ်သလို အရေးလဲကြီးတဲ့ လုပ်ငန်းစဉ်မှန်း သဘောပေါက်ခဲ့ကြတယ်၊ နောက်ပိုင်း ဆက်တွေ့ရှိတာတွေအရတော့ ဒီဖြစ်စဉ်က ဘက်တီးရီးယားတွေမှာတင် မကခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ပြောင်းမျိုးဗီဇပညာရှင် (Corn Geneticist) ဘာဘရာ မက္ကလင်တော့ခ်ကလဲ သူ အနှစ်သက်ဆုံးအပင်ရဲ့ ခရိုမိုဆုမ်းတွေပေါ်မှာ ဟိုခုန်ဒီကူးလုပ်နေတဲ့ မျိုးရိုးဗီဇ (Jumping genes) တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူဟာ သူ့ရဲ့ လုပ်သက်တစ်လျှောက် ရွှေရောင်အသမ်းဆုံးအချိန်တွေမှာ ဘေးဘီက ထောက်ပံ့ဝန်းရံမှု၊ အသိအမှတ်ပြုမှုတွေ မရှိသလောက်နည်းခဲ့ပြီး အသက် ၈၁ နှစ်ရောက်မှ နိုဘယ်ဆု ရခဲ့တာပါ။

ချီကာဂိုတက္ကသိုလ်ထွက် လင်း မာဂူလစ်ဟာလဲ နည်းမျိုးစုံနဲ့ တစ်မူထူးသူ ဖြစ်ပေမဲ့ မက္ကလင်တော့ခ်နဲ တူတဲ့ အချက်တစ်ခုရှိနေပါတယ် — လုပ်ဖော်ကိုင်ဖက်တချို့က သူ့ကို ခပ်ဆန်းဆန်းနိုင်ပြီး ခေါင်းမာအစွဲကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် ရှုမြင်ဖယ်ကျဉ်ကြတာပါပဲ။ မာဂူလစ်က အရင်က ပညာရှင်တွေ ပေါက်ကရလို့ သတ်မှတ်ထားတဲ့ အယူအဆဟောင်းတစ်ခုဖြစ်တဲ့ endosymbiosis (ဆဲလ်တစ်လုံးအတွင်းမှာ နောက်ဆဲလ်တစ်လုံး ပူးပေါင်းနေထိုင်ခြင်း) ကို ပြန်အသက်သွင်းခဲ့လို့ပါ။ သူ ဆိုလိုချင်တာက သက်ရှိတွေဟာ တခြားသက်ရှိတွေထဲမှာပဲ အချင်းချင်း၊ အပြန်အလှန်ပူးပေါင်းနေထိုင်နေကြတယ်ဆိုတဲ့ သဘောပါ။ သတ္တဝါကြီးတွေရဲ့ ဝမ်းဗိုက်ထဲ၊ နှာခေါင်းထဲမှာ သက်ရှိသေးသေးလေးတွေ နေထိုင်တာမျိုးကိုတင် ပြောတာမဟုတ်ဘဲ ဆဲလ်တစ်လုံးထဲ နောက်ထပ်ဆဲလ်တစ်လုံး ဝင်နေနေတာမျိုးကို သူ ရည်ညွှန်းတာပါ။ မာဂူလစ်ရဲ့ အဆိုပြုချက်ကို ပိုတိတိကျကျပြောရရင် လူတွေ၊ တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ မှိုတွေအပါအဝင် ရှုပ်ထွေးအဆင့်မြင့်တဲ့ သက်ရှိတိုင်းရဲ့ ဆဲလ်တွေဟာ ဆဲလ်အခွံလေးထဲကို ဘက်တီးရီးယားတွေ ဖမ်းထည့်ပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ‘ကပြားသတ္တဝါ’ တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ နှစ်ပေါင်းများစွာ ကြာမြင့်ချိန်မှာ ဆဲလ်တွင်းအင်္ဂါနုပ် (Organelles) တွေအဖြစ် အသွင်ပြောင်းသွားကြတာပါ။ ကမာကောင်ကို နွားဝမ်းဗိုက်ထဲ ထည့်ပေးလိုက်ပြီး အချိန်တစ်ခုရောက်တော့ အဲဒီကမာက နွားရဲ့ ကျောက်ကပ်အဖြစ် အလုပ်လုပ်လာသလိုမျိုး မြင်ယောင်ကြည့်နိုင်ပါတယ်။ မာဂူလစ်တစ်ယောက် အဲဒီအယူအဆကို ၁၉၆၇ ခုနှစ်မှာ တင်ပြတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ခဲ့ကြတာပဲ။ တကယ်တမ်းတော့ သူပြောတာအများစုက မှန်နေခဲ့တယ်။

ဖရက် ဆန်ဂါ (Fred Sanger)၊ ဖရန်စစ် ခရစ် (Francis Crick)၊ လင်းနက်စ်  ပေါလင်း (Linus Pauling)၊ ဆူတိုမူ ဝါတာနာဘီ (Tsutomu Watanabe) နဲ့ တခြားသိပ္ပံပညာရှင်တွေဟာလဲ သူတို့ရဲ့ ပညာရပ်ဆိုင်ရာ ထက်မြက်မှုတွေ၊ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဒီဖြစ်စဉ်ယန္တရားကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်။ ဒီ့ထက်ပိုပြီး ခေတ်နောက် နည်းနည်းပြန်ဆွဲရင် လူသိနည်းတဲ့ ဖာဒီနန် ကိုးန် (Ferdinand Cohn)၊ အက်ဒဝပ် ဟစ်ခ်ျကော့ခ် (Edward Hitchcock) နဲ့ အော်ဂက်စတင် အော်ဂီယာ (Augustin Augier) တို့ကနေ လူသိများတဲ့ အန်းစ် ဟက်ခဲ (Ernst Haeckel)၊ ဩဂတ်စ် ဝိုက်စ်မန်း (August Weismann) နဲ့ ကားလ် လင်းနီးယပ် (Carl Linnaeus) တို့ အသီးသီး ပါဝင်ကြပြန်တယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အတွေးအခေါ်တွေအကြောင်း ပြောရင် ဂျောန်-ဘက်တစ်စ် လာမာခ့် (Jean-Baptiste Lamarck) ရဲ့ ဝိညာဉ်ဟာလဲ အရိပ်လို တကောက်ကောက် လိုက်နေပြန်ပါသေးရဲ့။

ဒီလို သိပ္ပံဆိုင်ရာတော်လှန်ပြောင်းလဲမှုကြီးမှာ ပါဝင်ခဲ့သူတွေက သူတို့ရဲ့ ဘဝအတွေ့အကြုံတွေကနေ အဲဒီ ရှာဖွေတွေ့ရှိမှုတွေကို ဘယ်လို မြစ်ဖျားခံပုံဖော်ခဲ့သလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ သိပ္ပံပညာဟာ ဘယ်လောက်ပဲ တိကျသေချာပြီး ဓမ္မဓိဋ္ဌာန်ကျနေပါစေ လူတွေရဲ့ လုပ်ဆောင်ချက်ပဲဆိုတာ မမေ့လျော့သွားဖို့ သူတို့ ရှိနေကြတယ်။ သိပ္ပံဆိုတာ သိဖို့ကြိုးစားတာတင် မဟုတ်၊ တွေးတောစူးစမ်းရတာ။ အချက်အလက်တွေ၊ ဥပဒေသတွေ ပြွတ်သိပ်စုစည်းထားတာထက် ပိုတဲ့ လုပ်ငန်းစဉ်တစ်ခု။ လူတွေဖန်တီးတဲ့ ဂီတ၊ ကဗျာ၊ ဘေ့စ်ဘောနဲ့ စစ်တုရင်တို့လို မပြည့်စုံမှုတွေကြားက ခမ်းနားလှပမှု တစ်ရပ်။ သိပ္ပံပညာမှာ ကျွန်တော်တို့ လူသားတွေရဲ့ ညစ်ပတ်ပေရေနေတဲ့ လက်ဗွေရာတွေဟာ နေရာအနှံ့ စွန်းထင်းပြန့်ကျဲနေတယ်။

ဒီစာအုပ်ထဲမှာ လူသားတွေလိုပဲ အရေးကြီးတဲ့ တခြားဇာတ်ကောင်တွေလဲ ရှိပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ အမူအကျင့်တွေက ကျွန်တော်ပြောပြမဲ့ ပုံပြင်ကို ပိုအသက်ဝင်ပေါ်လွင်စေပါလိမ့်မယ်။ အများစုက အဏုဇီဝသက်ရှိတွေပါ — ရှေ့မှာ ပြောတဲ့ ဘက်တီးရီးယားလေးတွေ၊ အာခေယားတွေနဲ့ အဲဒီအကောင်ပိစိလေးတွေပေါ့။ အရွယ်ငယ်လို့ အထင်တော့ သိပ်မသေးလိုက်ပါနဲ့ — သူတို့ရဲ့ အခန်းကဏ္ဍနဲ့ သက်ရောက်မှုတွေက အင်မတန်ကြီးမားပါတယ်။ လက်တင်လို ပေးထားတဲ့ သူတို့ရဲ့ သိပ္ပံနာမည် – Bacillus subtilis တို့ Salmonella typhimurium  တို့လို လျှာလိပ်စရာတွေကိုလဲ သိပ်မလန့်ပါနဲ့။ ကျွန်တော် အဲဒီနာမည်တွေကို သုံးရတာ လူတတ်လုပ်ချင်လို့ မဟုတ်ပါဘူး၊ တခြားနာမည် မရှိလို့ပါ။ အဏုဇီဝပိုးမွှားတွေမှာ သာမန်တိရစ္ဆာန်တွေလို “တောင်ပိုင်း သစ်ကုလားအုတ်”၊ “ဘုရင်လိပ်ပြာ”၊ “သံလွင်ရောင် ဘန်တင်းငှက်”၊ ဒါမှမဟုတ် “ကိုမိုဒိုနဂါး” လိုမျိုး လူသုံးများတဲ့ နာမည်တွေ မရှိကြပါဘူး။ တကယ်လို့သာ Haemophilus influenzae  ဘက်တီးရီးယားကို ဖလင်းမင်းရဲ့ နှာခေါင်းယားစရာလေးလို့ ခေါ်လို့ရမယ်ဆို တကယ်ပြောတာ၊ ကျွန်တော် အဲလိုပဲ ခေါ်ဖြစ်လိမ့်မယ်။

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ လူသားဇာတ်ကောင်တစ်ယောက် ရှိသေးတယ်။ ဒဿနဆိုင်ရာ အတွေးအခေါ်တွေထဲ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားပြီး နိုဗာစကိုးရှားက တက္ကသိုလ်တစ်ခုမှာ အေးအေးဆေးဆေးနေထိုင်တဲ့ မုတ်ဆိတ်ဗရပွ အမေရိကန်လူမျိုး အဏုဇီဝဗေဒပညာရှင်ကြီးပါ။ သူဟာ ကားလ်ဝုစ်၊ လင်း မာဂူလစ်တို့နဲ့အတူ မော်လီကျူးဆိုင်ရာ မျိုးရိုးဗီဇလေ့လာမှုကနေ ပေါ်ထွက်လာတဲ့ အသိဉာဏ်တွေကို ပေါင်းစည်းရင်း ဇီဝဗေဒရဲ့ ဗဟိုချက်မအယူအဆကြီးကို ထိထိမိမိ စိန်ခေါ်လှုပ်ခတ်ခဲ့တယ်။ သူ့နာမည်က ဖော့ဒ် ဒူးလစ်တဲ (Ford Dolittle) ပါ။ အရပ်အမောင်းခပ်မြင့်မြင့်၊ အနေအထိုင် ရို့တို့တို့ပေမဲ့ သူ့ရဲ့အတွေးအခေါ်တွေက သိပ်ရဲရင့်ပါတယ်၊ လူတွေကို ဦးနှောက်ခြောက်အောင် လုပ်ရတာလဲ သဘောကျပုံပါပဲ။ ၂၀၀၀ ခုနှစ်အကူးမှာ ဒူးတစ်လဲက ‘သက်ရှိသစ်ပင်ကို အမြစ်ကနေ လှန်ပစ်ခြင်း’ (Uprooting the Tree of Life) အမည်ရ ဆောင်းပါးတစ်စောင် ရေးခဲ့ပြီး အကြီးအကျယ်ငြင်းခုံစရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကိုယ်တိုင်လဲ အဲဒီဆောင်းပါးနဲ့ သူရေးထားတဲ့ တခြားစာတွေကို ဖတ်ရင်း သူ့အကြောင်း စ,သတိထားမိခဲ့တာပါ။ အထူးသဖြင့်ကတော့ ‘မျိုးဗီဇ ဘေးတိုက်လက်ဆင့်ကမ်းခြင်း’ (Horizontal Gene Transfer) နဲ့ အဲဒီရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအကြောင်း သူ ဆွေးနွေးထားတာတွေကိုပေါ့။ အဲဒီတုန်းက ကျွန်တော့်ရဲ့ ပထမဆုံးအတွေးက ‘ဘေးတိုက် ဘာကြီး . . . ?’ ဆိုတာပါပဲ။ နောက်တော့ ကျွန်တော် ဟယ်လီဖတ်စ် (Halifax) မြို့ကို ရောက်ချသွားပြီး သူ့ရုံးခန်းထဲ ရက်ပေါင်းများစွာ အချိန်ကုန်ခဲ့တာပဲ။ ဒူးလစ်တဲက ပင်စင်တစ်ဝက်စားနေပြီ ဖြစ်ပေမဲ့ ကျောင်းသားတွေကို စာသင်တုန်း၊ ဂုဏ်သရေရှိ သုတေသနရန်ပုံငွေတွေ ရနေဆဲပေမဲ့ အရင်လို ဓာတ်သတ္တိကြွ ဘက်တီးရီးယားတွေကို ဓာတ်ခွဲခန်းထဲ မွေးပြီး မျိုးရိုးဗီဇတန်းတွေ ဓာတ်မှန်ရိုက်တာမျိုး မလုပ်တော့ပါဘူး။ အစောပိုင်းကာလတွေကလို လျှပ်ဓာတ်စီးဂျယ်လ် (Electrophorectic gel) တွေ သုံးပြီး မော်လီကျူးတွေ ခုတ်ထစ်ခွဲခြမ်းတဲ့ အလုပ်တွေလဲ သူ မလုပ်တော့ဘူး။ သူ အခု စာတွေ ဖတ်တယ်၊ တွေးတယ်၊ ရေးတယ်၊ ပြီးတော့ ပုံဆွဲတယ်။ (သူ့ ကိုယ်ပိုင်ဝါသနာအရ အနုပညာဓာတ်ပုံတွေလဲ ရိုက်တတ်သေးတယ်၊ တစ်ခါတလေ ပြခန်းတွေမှာတောင် ပြသလေ့ရှိပေမဲ့ ဒါက လုံးဝ တခြားနယ်ပယ် ဖြစ်သွားပြီ။) တကယ်တော့ ဖော့ဒ် ဒူးလစ်တဲကို လူတွေ ဒီလောက်လေးစားပြီး ဩဇာညောင်းနေရတဲ့ အဓိကအချက်က ဇီဝဗေဒမှာ ထူးချွန်တာတင် မကဘဲ တခြားသိပ္ပံပညာရှင်တွေထက်လဲ စာရေးကောင်းနေလို့ပါ။ ရှုပ်ထွေးပွေလီတဲ့ အယူအဆတွေကိုလဲ ရိုးရှင်းပြီး လှပတဲ့ ကာတွန်းပုံစံလေးတွေနဲ့ သေသေချာချာဆွဲပြတတ်ပါတယ်။ ဒူးလစ်တဲရဲ့ အဖေက ပန်းချီဆရာ၊ အနုပညာ ပရော်ဖက်ဆာ တစ်ယောက်မို့ သူကိုယ်တိုင်လဲ ပန်းချီပညာရှင် ဖြစ်ချင်ခဲ့ပေမဲ့ ဖခင်ဖြစ်သူက “ဒါနဲ့ ထမင်းစားဖို့ မလွယ်ဘူး” လို့ ပြောလို့ သိပ္ပံဘက် ရောက်လာတာပါ။ အခုတော့ သူဟာ သူ့ရဲ့ ထူးခြားတဲ့ အတွေးအခေါ်တွေကို ပြသဖို့ရာ သစ်ပင်နဲ့မတူတဲ့ သစ်ပင်ပုံတွေ ဆွဲနေလေရဲ့။

ဝူးစ်၊ ဒူးလစ်တဲ၊ မာဂူလစ်၊ လီဒါဘာ့ဂ်၊ အေဗရီ၊ ဂရစ်ဖစ် — သူတို့အားလုံး ဒီဇာတ်လမ်းမှာ ကိုယ်စီအခန်းကဏ္ဍတွေ ပိုင်ဆိုင်ကြပါတယ်။ သို့သော်၊ ဒီဇာတ်လမ်းကို စဖို့ အသင့်တော်ဆုံးနေရာက အချိန်အားဖြင့် အများကြီးစောတဲ့ ၁၈၃၇ ခုနှစ်၊ လန်ဒန်မြို့၊ ဆန့်ကျင့်ဘက်အခြေအနေတွေနဲ့ လုံးဝကွဲပြားခြားနားနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဆီကနေ ဖြစ်ပါလိမ့်မယ်။

မိတ်ဆက် ပြီးပါပြီ။

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.