၁၈၃၇ ခုနှစ် ဇူလိုင်လက စပြီး ချားလ်စ်ဒါဝင်ဟာ သူ တွေးမိသမျှထဲက အဆန်းပြားဆုံး အယူအဆတွေကို မှတ်တမ်းတင်ဖို့ ‘ဘီ (B)’ လို့ နာမည်ပေးထားတဲ့ မှတ်စုစာအုပ်လေးတစ်အုပ် စ,ကိုင်ခဲ့တယ်။ သာမန် ကိုယ်ပိုင် မှတ်စုစာအုပ်လိုမျိုး မဟုတ်ဘဲ လျှို့ဝှက်ချက်တွေလို့တောင် ဆိုနိုင်မဲ့ သူ့ရဲ့ ရဲရင့်လွန်းတဲ့ အတွေးအခေါ်တွေကို အဲထဲ ချမှတ်ထားတာ။ မှတ်စုစာအုပ်ကို အညိုရောင် သားရေဖုံးနဲ့ ချုပ်လုပ်ထားပြီး စာမှတ်ကလစ်နဲ့ အထိန်းကြိုးလေး ပါတယ်။ ခရင်မ်ရောင် စာရွက် ၂၈၀ ပါပြီး ဂျာကင်အိတ်ကပ်ထဲ အလွယ်ထည့်သွားလို့ရအောင် ကျစ်ကျစ်လျစ်လျစ် ရှိလေရဲ့။ သယ်သွားရ လွယ်ကူပေမဲ့ သုံးပြီး လွှင့်ပစ်လိုက်ရမဲ့ စာရွက်စုတ်အစားမျိုးတော့ မဟုတ်ဘူး။ စာအုပ်ရဲ့ အရည်အသွေးနဲ့ ပြုလုပ်ပုံကို ကြည့်လိုက်ရုံနဲ့ ဒါဝင်ဟာ လန်ဒန်မြို့ပေါ်က ဥစ္စာဓနကြွယ်ဝတဲ့ သဘာဝသိပ္ပံပညာရှင် လူငယ်တစ်ယောက်မှန်း ပေါ်လွင်စေတာပါ။ ဒါဝင်တစ်ယောက် HMS Beagle သင်္ဘောခရီးစဉ်ကနေ အင်္ဂလန်ကို ပြန်ရောက်တာ ကိုးလလောက်ပဲ ရှိပါသေးတယ်။

Cambridge University Libraries
သူ့ဘဝရဲ့ အချိန်ငါးနှစ်လောက်ကို ကုန်ဆုံးစေခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ကုန်းတစ်တန်၊ ရေတစ်တန် ဖြတ်သန်းပြီး တောင်အမေရိကန် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကုန်းတွင်းပိုင်း လွင်ပြင်တွေ၊ တောင်တန်းတွေဆီနဲ့ အိမ်ပြန်လမ်းပေါ်က တခြားမှတ်သားဖွယ်ရာ နေရာအသီးသီးဆီ သွားရောက်ခဲ့တာပါ။ အမိုးအကာအောက်မှာ အခွင့်ထူးခံအဖြစ် တစ်သက်လုံး နေလာခဲ့တဲ့ ဒါဝင့်အတွက်တော့ ဒီခရီးစဉ်က တစ်ကြိမ်တည်းရခဲ့တဲ့ ကြီးကြီးမားမား အတွေ့အကြုံပဲ။ ဒါပေမဲ့ လုံလောက်ခဲ့ပါတယ်။ ဒီခရီးက သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့ပြီး ဘဝနဲ့ချီတဲ့ အပြောင်းအလဲဆီ ဆောင်ကျဉ်းပေးခဲ့သလို သူ ဆက်လေ့လာဖော်ထုတ်ချင်တဲ့ အံ့မခန်းအယူအဆတွေအတွက်လဲ လမ်းစဖြစ်ခဲ့တာပါ။ အဖြေရှာဖို့ လိုနေတဲ့ အံ့အားသင့်စရာ ဖြစ်ရပ်ဆန်းတွေကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီကနေ ကိန်းဘရစ်ချ်တက္ကသိုလ်က သူ့ရဲ့ ဆရာလဲဖြစ်၊ သူငယ်ချင်းလဲ ဖြစ်တဲ့ ဇီဝဗေဒပါမောက္ခ ဂျွန် စတီဗင် ဟန်စလို (John Stevens Henslow) ဆီ ရေးတဲ့စာမှာ ဒါဝင်က ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းက မီးတောင်ကျွန်းစုဖြစ်တဲ့ ဂါလာပါဂိုးစ် (Galápagos) မှာရှိတဲ့ မော့ကင်းငှက် (Mockingbird) — ဖင့်ချ်ငှက်တွေ မဟုတ် — တွေနဲ့ ပတ်သက်လို့ ဇဝေဇဝါဖြစ်နေရတဲ့ အချက်တွေကို ပြောပြခဲ့တယ်။ အဲဒီ မီးခိုးရောင်၊ နှုတ်သီးရှည် ငှက်လေးတွေဟာ တစ်ကျွန်းနဲ့ တစ်ကျွန်း မတူနေကြဘူး၊ ဒါပေမဲ့ ကွဲပြားပုံက သိမ်မွေ့လွန်းလို့ သူတို့အားလုံး တစ်နေရာတည်းကနေ ခွဲထွက်လာကြသလားလို့တောင် ထင်မှတ်စရာ ဖြစ်နေတယ်။ ခွဲထွက်လာတာ . . . ?၊ မော့ကင်းငှက် ၃ မျိုး . . .?၊ တစ်ကျွန်းနဲ့ တစ်ကျွန်း မတူဘူး . . .?။ ဟုတ်တယ်၊ သူတို့ရဲ့ ချွတ်စွပ်မတူပေမဲ့ ခပ်ဆင်ဆင်ဖြစ်နေမှုက ကြားထဲမှာ နွယ်ယှက်မှုတစ်ခု ရှိနေသလိုမျိုး။ အကယ်၍သာ ဒီအတွေး မှန်ခဲ့မယ်ဆိုရင် . . . ဒါဝင်က အဲဒီအချိန်က အယူအဆတွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ သူ့အတွေးကို ဟန်စလိုဆီ ဖွင့်ဟဝန်ခံခဲ့တယ် — “ဒီအချက်တွေက သက်ရှိမျိုးစိတ်တွေ ဘယ်တော့မှ မပြောင်းလဲဘူးဆိုတဲ့ အယူအဆကို အခြေယိုင်သွားစေလိမ့်မယ်”။
မျိုးစိတ်တွေဟာ ဘယ်တော့မှ မပြောင်းလဲဘဲ တည်မြဲနေတယ်ဆိုတဲ့ အယူအဆက အဲဒီခေတ် သဘာဝသမိုင်းပညာရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါကို လူတိုင်းက အမှန်လို့ လက်ခံထားကြတဲ့အပြင် ဘာသာရေးဆရာတွေ၊ ယုံကြည်ကိုင်းရှိုင်းသူတွေတင်မက၊ သိပ္ပံပညာရှင်တွေအတွက်ပါ သိပ်ကို အရေးကြီးတဲ့အချက်။ ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်မှန်သမျှကို ဘုရားသခင်က သီးခြားစီ ဖန်ဆင်းခဲ့တာဖြစ်လို့ ဒါတွေ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးဆိုတဲ့ အယူအဆဟာ ဒါဝင့်ခေတ် အင်္ဂလန်သိပ္ပံနယ်ပယ်ရဲ့ မယိမ်းယိုင်သော ယုံကြည်ချက် ဖြစ်ခဲ့တယ်။ ဒါကို “အထူးဖန်ဆင်းခြင်း အယူအဆ” (Special-creation hypothesis) လို့ ခေါ်ပေမဲ့ သိပ္ပံနည်းကျ စမ်းသပ်နိုင်စွမ်းရှိတဲ့ အဆိုပြုချက် မဟုတ်တော့ဘဲ လုံးဝအထိမခံတဲ့ အယူဝါဒ (dogma) လို ဖြစ်နေခဲ့ပါပြီ။ ဒါဝင် ပညာဆည်းပူးခဲ့တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်က ထိပ်တန်းသဘာဝပညာရှင်တွေနဲ့ ဒဿနိကဗေဒပညာရှင်တွေကလဲ ဒီအယူအဆကိုပဲ အခိုင်အမာ သဘောတူ လက်ခံခဲ့ကြတာပါ။ အခုတော့ ဒါဝင်ဟာ အင်္ဂလိပ်လူမျိုး သင်္ဘောသားကြမ်းကြီးတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ လူငယ်ဘဝ စွန့်စားခန်းခရီးစဉ်ကနေ အိမ်ပြန်ရောက်နေပါပြီ။ အစတုန်းကတော့ သူ့ရဲ့ တင်းကျပ်တဲ့ ဖခင်က ဒီခရီးကိစ္စကို သိပ်ဘဝင်မကျခဲ့ပါဘူး။ ဒီခရီးက ဒါဝင့်ကို အများကြီး ပြောင်းလဲစေခဲ့တယ် — သူ့အဖေ စိုးရိမ်သလိုမျိုးတော့ မဟုတ်ဘူးပေါ့။ အရက်သမား မဖြစ်သွားသလို အလေအလွင့်လဲ မဟုတ်လာခဲ့၊ သင်္ဘောသားတွေလိုလဲ အာကြမ်းလျှာကြမ်း မဖြစ်သွားပါဘူး။ ဒါဝင်ရဲ့ ခရီးသွားချင်စိတ်က အခုတော့ ရုပ်ပိုင်းဆိုင်ရာအရ ပြည့်ဝသွားပြီမို့ အတွေးခရီး ဆက်လက်နှင်ပါပြီ။ သူဟာ အဲဒီအချိန်က သိပ္ပံလောကရဲ့ မိရိုးဖလာ အယူအဆကို စိန်ခေါ်မဲ့ “တော်လှန်ရေး အတွေးအခေါ်” တစ်ရပ်ကို တိတ်တဆိတ် စုံထောက်ဖို့ ကြံစည်နေပါတယ် — သက်ရှိတွေဟာ ဘုရားဖန်ဆင်းထားသလို ထာဝစဉ် တည်မြဲနေတာ မဟုတ်ဘဲ အချိန်နဲ့အမျှ တစ်မျိုးကနေ နောက်တစ်မျိုးဆီ ပြောင်းလဲနေတယ် ဆိုတာကိုပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့် ပြောင်းလဲရသလဲဆိုတာတော့ ဒါဝင်လဲ ဂဃဏန နားမလည်နိုင်သေးပါဘူး။
အဲဒီအလုပ်က တော်တော့်ကို စွန့်စားရာ ကျပါတယ်။ ဒါပေမဲ့ ဒါဝင်ဟာ အသက် ၂၇ နှစ်အရွယ်ပဲ ရှိသေးသလို သူ မျက်မြင်ကြုံခဲ့ရတာတွေကလဲ သူ့အတွေးကို စိုးမိုးပြောင်းလဲနေတယ်။ နောက်၊ သူက အနေအေးသလို သွေးလဲ အေးတဲ့ သတ္တိခဲ။
ဒါနဲ့ပဲ ဒါဝင်တစ်ယောက် ဗြိတိသျှပြတိုက် (British Museum) ဆီ သွားလာရ အဆင်ပြေတဲ့ လန်ဒန်မြို့လယ်ခေါင်က မဟာမာလ်ဘိုရို လမ်းမကြီး (Great Marlborough) ပေါ်မှာ အခန်းငှားလိုက်ပါတယ်။ ဒီနေရာက သူ့အစ်ကိုကြီး အီရက်စ်မတ်စ်ရဲ့ အိမ်နဲ့လဲ မလှမ်းမကမ်းမှာ ရှိတာပါ။ ဒါဝင်ဟာ ဘူမိဗေဒအသင်း၊ တိရစ္ဆာန်ဗေဒအသင်းလို သိပ္ပံကလပ်တွေထဲ လိုက်ဝင်တယ်၊ သို့သော် အလုပ်တော့ မရှိဘူး။ အလုပ်လုပ်ဖို့လဲ လိုမှမလိုပဲ။ ဘီဂယ်ခရီးစဉ်ကို သဘောမတူခဲ့တဲ့ ရှရူးဘူရီ (Shrewbury) မြို့ပေါ်က ချမ်းသာတဲ့ ဆရာဝန်ကြီး ဒေါက်တာရောဘတ်ဒါဝင်ဟာလဲ ဗြိတိသျှသိပ္ပံလောကမှာ တစ်စတစ်စနဲ့ အသိအမှတ်ပြုခံလာရတဲ့ သူ့သားငယ်ကို ကြည့်ရင်း ဂုဏ်ယူနေပါပြီ။ အပြင်ပန်းမှာ အပေါက်ဆိုးပေမဲ့ စိတ်ရင်းစေတနာကောင်းတဲ့ ဒေါက်တာဒါဝင်ဟာ သား ၂ ယောက်လုံး အဆင်ပြေပြေ ရပ်တည်နိုင်အောင် ထောက်ပံ့ပေးထားတာပါ။ အဲတုန်းက ချားလ်စ်က လူပျိုလူလွတ်ပါ။ လန်ဒန်တစ်မြို့လုံးကို နှံ့နေအောင် ပတ်တယ်၊ ခရီးမှာ ရလာတဲ့ သက်ရှိနမူနာတွေကို ဆက်လေ့လာတယ်၊ သူ့ရဲ့ ဘီဂယ်ဒိုင်ယာရီကို စာအုပ်အဖြစ် ပြန်ရေးတယ်၊ ပြီးတော့ ဖန်ဆင်းရှင်အယူအဆနဲ့ ဆန့်ကျင်နေတဲ့ တော်လှန်ရေးအတွေးအခေါ်တွေကို သူ တစ်ယောက်တည်း တိတ်တိတ်ကလေး အတွေးနယ်ချဲ့နေတတ်တယ်။ သူ စာတွေ အများကြီး လိုက်ဖတ်ပြီး မှတ်စုစာအုပ်ထဲ အချက်အလက်တွေ ချမှတ်ထားလေ့ရှိတယ်။ မှတ်စုစာအုပ် ‘အေ (A)’ က ဘူမိဗေဒအကြောင်း မှတ်ဖို့ပါ။ မှတ်စုစာအုပ်ဘီကတော့ သူ့ဘာသာ ကင်ပွန်းတပ်-သုံးနှုန်းနေတဲ့ “Transmutation (မျိုးရိုးအသွင်ပြောင်းခြင်း)” ဆိုတဲ့ အယူအဆအတွက် ပထမဆုံး မှတ်စု ဖြစ်လာပါတယ်။ သူ ဘာဆိုလိုချင်သလဲ စာဖတ်သူ ခန့်မှန်းနိုင်မှာပါ။ ဒါဝင်ဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီ (Evolution) ဆီ စတင် ဦးတည်ချဉ်းကပ်နေပါပြီ။
၁၈၃၇ ခုနှစ်၊ ဇူလိုင်လမှာ ဒါဝင် မှတ်စုစာအုပ်ဘီကို ဖွင့်တော့ သူ့အဖိုး (သူ့အစ်ကိုနဲ့ နာမည်တူတဲ့ အီရက်စ်မတ်စ် ဒါဝင်) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးသားထုတ်ဝေခဲ့တဲ့ Zoonomia ခေါ် သက်ရှိဖြစ်တည်မှု ဥပဒေသ အမည်ရ စာအုပ်ထဲက စကားလုံးအချို့ကို အရင်ကိုးကားမှတ်သားခဲ့ပါတယ်။ Zoonomia က ဆေးပညာကျမ်းတစ်စောင်ဖြစ်ပေမဲ့ (သူ့အဖိုးကလဲ ဆရာဝန်ပါ) ထဲထဲဝင်ဝင် ဖတ်ကြည့်ရင် ဆင့်ကဲဖြစ်စဉ်နဲ့ လားရာတူတဲ့ အတွေးအခေါ်တွေ ပါနေတာ တွေ့ရပါတယ်။ စာအုပ်ထဲမှာ “သွေးနွေးသတ္တဝါ အားလုံးဟာ အခြေခံသက်ရှိအမျှင်တန်း (filament) လေး တစ်ခုကနေ ဆင်းသက်လာတာ ဖြစ်တယ်” လို့ ဆိုထားပြီး သူတို့မှာ “အစဉ်အမြဲ တိုးတက်ပြောင်းလဲနိုင်တဲ့ စွမ်းရည်” ရှိသလို အဲဒါကို မျိုးဆက်တစ်ခုကနေ နောက်တစ်ခုဆီ “ကမ္ဘာတည်သရွေ့ လက်ဆင့်ကမ်း” သွားနိုင်တယ်လို့ ရေးထားပါတယ်။ မျိုးဆက်တွေကြားမှာ တိုးတက်ပြောင်းလဲတာလား . . .?။ ကမ္ဘာဦးကတည်းက မျိုးရိုးဗီဇတွေဟာ တစ်စတစ်စ ပြောင်းလဲလာတာမျိုး . . .?။ အထူးဖန်ဆင်းခြင်း အယူအဆနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဒါပေမဲ့ ဂေါက်ရောဂါရှင် တဏှာရာဂါကြီးသူနဲ့ အတွေးအခေါ်လွတ်လပ်လွန်းသူ အချိန်ပိုင်းကဗျာဆရာ အဖိုးအို အီရက်စ်မတ်စ် ဒါဝင်ကြီးဆီက ဒီလိုအတွေးမျိုး ထွက်လာတာက သိပ်တော့ မဆန်းလှပါဘူး။ ဒါဝင် ကျောင်းသားဘဝတုန်းက ဒီစာအုပ် ဖတ်ခဲ့ဖူးပေမဲ့ အဲတုန်းကတော့ သူ့အဖိုးရဲ့ ဒီလိုရဲရင့်တဲ့ အတွေးတွေကို သိပ်အရေးမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ သူလဲ ဒါကိုပဲ အစပြုပြီး ပြန်စဉ်းစားနေရပါပြီ။ မှတ်စုဘီရဲ့ ပထမဆုံးစာမျက်နှာ၊ ပထမဆုံးစာကြောင်းမှာ သူ့အဖိုးစာအုပ်ခေါင်းစဉ် Zoonomia ကို တပ်လိုက်ပြီး ဖတ်မှတ်ထားတာတွေကို ဆက်ချရေးခဲ့ပါတယ်။
သို့သော်၊ ဒီ တမူထူးတဲ့ အဆိုပြုချက်တွေကလဲ ဘယ်ကိုမှ ဝေးဝေးလံလံ ခရီးမပေါက်စေခဲ့ပါဘူး။ အဖိုးဖြစ်သူ အီရက်စ်မတ်က “အစဉ်အမြဲ တိုးတက်ပြောင်းလဲနိုင်တဲ့ စွမ်းရည်” ဆိုတာ ဘယ်လိုဖြစ်စဉ်မျိုးလဲ အလုပ်လုပ်သလဲ လက်တွေ့ကျကျ ရှင်းမပြနိုင်ခဲ့ရှာဘူး။ ဒါဝင်လေး လိုချင်နေတာက လက်ဆုပ်လက်ကိုင်ပြလို့ရမဲ့ အကြောင်းပြချက် ယန္တရားမျိုး — သူ ကိုယ်တိုင်လဲ ဒါကို သေသေချာချာ သဘောမပေါက်သေးရင်တောင်ပေါ့။ မှတ်စုဘီထဲက မှတ်တမ်းတွေကို ကြည့်ရင် ဒါဝင်ဟာ သူ့အဖိုးဆီကနေ တခြားစာအုပ်စာတမ်းတွေ၊ တခြားအတွေးအခေါ်တွေနဲ့ မေးခွန်းတွေဆီ ခုန်ကူးစဉ်းစားရင်း အတွေးပေါက်တာနဲ့ သဒ္ဒါတွေ၊ သတ်ပုံတွေတောင် ဂရုမစိုက်နိုင်ဘဲ ဒတ်ခနဲ ချရေးထားတာကို တွေ့ရမှာပါ။ သူ ဒါကို စာအုပ်ထုတ်ဖို့ ရေးနေတာ မဟုတ်၊ သူ့ တစ်ကိုယ်စာအတွက်ပဲ ရည်ရွယ်မှတ်တမ်းတင်တဲ့ မက်ဆေ့ချ်တွေ။
“သက်ရှိတွေရဲ့ သက်တမ်းက ဘာလို့ တိုတာလဲ” သူ မေးတယ်၊ စိတ်က လောနေတာနဲ့ မေးခွန်းသင်္ကေတတောင် မထည့်နိုင်ခဲ့ရှာ။ မျိုးပွားခြင်းက ဘာလို့ ဒီလောက် အရေးကြီးတာလဲ။ တိရစ္ဆာန်တွေက နိုင်ငံအနှံ့မှာတော့ ပုံစံတူနေပြီး ဘာလို့ ကျွန်းတွေရောက်တော့မှ နည်းနည်းစီ ကွဲပြားနေရတာလဲ . . .?။ ဂါလာပါဂိုးစ်ပေါ်က လိပ်ကြီးတွေကို ဒါဝင် သတိရသွားတယ်၊ သူ အဲဒီမှာ ၃၅ ရက်ပဲ နေခဲ့ရပေမဲ့ သူ့အတွေးမီးစကို အကြီးအကျယ်တောက်လောင်စေခဲ့တဲ့ နေရာပေါ့။ မော့ကင်းငှက်တွေကိုလဲ သူ မြင်ယောင်ကြည့်တယ်။ ပြီးရင် ဘာလို့ အာဂျင်တီးနား ပမ်းပါး (Pampas) လွင်ပြင်တွေမှာရှိတဲ့ ငှက်ကုလားအုပ်တွေက (ရီးယားငှက် – Rheas တွေကို ဒါဝင့်အခေါ်) နှစ်မျိုးကွဲနေရသလဲ။ တစ်မျိုးက ရီယိုနီဂရိုးမြစ်ရဲ့ မြောက်ဘက်မှာ၊ နောက်တစ်မျိုးက တောင်ဘက်မှာ။ သီးခြားစီ ခွဲနေရင် သက်ရှိတွေက တစ်မျိုးစီ ပြောင်းလဲသွားတာလား။ ကြောင်နှစ်ကောင်ကို ကျွန်းတစ်ကျွန်းပေါ် ပို့လိုက်ပြီး မျိုးဆက်တွေအကြာကြီး သွေးနှောပွားခိုင်းလိုက်၊ သားရဲတွေရဲ့ ဖိအားလဲ နည်းနည်းပေးထားလိုက် . . . “ဒါဆို ဘာဖြစ်လာမလဲ ဘယ်သူပြောရဲမှာလဲ” လို့ ဒါဝင် ရေးခဲ့တယ်။ ဒါပေမဲ့ သူကတော့ ပြောရဲပါတယ်။ အဲဒီက ဆင်းသက်လာတဲ့ ကြောင်တွေက တခြားကြောင်တွေနဲ့ မတူတော့ဘူးပေါ့၊ ဟုတ်တယ်မို့လား . . .?။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ သူ နားလည်ချင်တာ။
နောက်ထပ် အရေးကြီးတဲ့ မေးခွန်းက “မျိုးစိတ်တိုင်း ပြောင်းလဲတယ်၊ တိုးတက်တဲ့ ပုံစံနဲ့ ပြောင်းလဲတာလား” ဆိုတာ။ ကြောင်တွေက ပိုကောင်းတဲ့ ကြောင်တွေ ဖြစ်လာတာလား၊ ဒါမှမဟုတ် အဲဒီကျွန်းမှာ ကျက်စားဖို့ ပိုအဆင်ပြေတဲ့ ကြောင်တွေ ဖြစ်လာတာလား။ အဲဒီအတိုင်းဆို အချိန် ဘယ်လောက်ကြာမှာလဲ၊ ဘယ်လောက်အထိ တိုးတက်ပြောင်းလဲသွားမှာလဲ၊ သက်ရှိတွေသာ အပေါ်ကို အဆင့်ဆင့် ကိုင်းဖြာခွဲထွက်ရင်း မျိုးစိတ်တွေ တိုးတက်လာမယ်၊ မျိုးစိတ်သစ်တွေ ပေါ်လာပြီး အဟောင်းတွေက ပျောက်ကွယ်သွားရမယ်ဆိုရင် ယုတ္တိကျတဲ့ အဆုံးသတ်က ဘာလဲ . . .?။ “ကိုင်းဖြာထွက်တာ” (Branching) ဆိုတဲ့ ဝေါဟာရတစ်လုံးတည်းမှာတင် စိတ်ဝင်စားစရာ အဓိပ္ပါယ်တွေ မနည်းမနော နစ်မြုပ်နေတယ် — လားရာတစ်ခုဆီ ဦးတည်တိုးတက်တာ၊ လမ်းခွဲထွက်တာ၊ သစ်ပင်တစ်ခုရဲ့ အကိုင်းတွေလို ခက်ဖြာကွဲကုန်တာ။ ဒါဝင် ကိုယ့်ဘာသာကိုယ် မေးနေတဲ့ ဒီမေးခွန်းတွေဟာ ကြောင်တွေ၊ ငှက်တွေတင် မကဘဲ အာဂျင်တီးနားက သင်းခွေချပ်တွေ (Armadillos) နဲ့ စလော့သ် (Sloths) တွေ၊ ဩစတြေးလျက သားပိုက်ကောင်တွေ၊ ဂါလာပါဂိုးစ်က လိပ်ကြီးတွေနဲ့ ဖော့ကလန်ကျွန်းက မြေခွေးတွေအထိ အကုန်လုံးနဲ့ သက်ဆိုင်နေပါတယ်။ သူတို့တွေက သီးခြားဆန်တဲ့ ကမ္ဘာငယ်လေးတွေထဲ နေထိုင်နေကြတဲ့ ခပ်ဆန်းဆန်းသတ္တဝါတွေပေမဲ့ တခြားနေရာတွေက သူတို့နဲ့ မျိုးနွယ်တူသက်ရှိတွေ (တခြားကြောင်၊ လိပ်၊ မြေခွေး . . . စတာတွေ) နဲ့လဲ သိသိသာသာ ဆင်တူနေပြန်ရော။ ဒါဝင် မြင်ခဲ့တာတွေက မနည်းမနောကိုး။ သူဟာ စူးစမ်းနှိုက်ချွတ်တတ်ပြီး ဆင်ခြင်ဉာဏ်ကြီးသူ လူငယ်တစ်ယောက်။ သူ မြင်ခဲ့တာတွေဟာ အစက်အပျောက်သာသာ မဟုတ်ဘဲ တူညီတဲ့ ပုံစံစနစ်တွေ (Patterns) ရှိနေမှန်း သူ ခံစားမိလာတယ်။ “လိုက်လျောညီထွေဖြစ်မှုဆိုင်ရာ နိယာမ” လို အရာတစ်ခုခု အလုပ်လုပ်နေသလိုပဲလို့ သူ ရေးခဲ့တယ်။
ဒါတွေအပြင် တခြားအချက်အလက်တွေနဲ့ မှန်းဆမှုတွေအားလုံးကို မှတ်စုစာအုပ်ဘီရဲ့ ပထမစာမျက်နှာ ၂၁ ရွက်မှာ ပြွတ်သိပ်နေအောင် သူ ရေးထားတယ်။ စာမျက်နှာတွေမှာ ရက်စွဲ သေချာမပါတော့ အဲဒါမတိုင်ခင် အစောပိုင်းက အားထုတ်မှုတွေကို သူ ဘယ်နှရက်၊ ဘယ်နှပတ် လုပ်ခဲ့ရသလဲ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သူ့ဆီမှာ ရေရာတဲ့ သီအိုရီလိုမျိုးလဲ ရှိမနေသေး။ ခပ်ကြမ်းကြမ်း အယူအဆတွေဟာ ဇီးကွက်တွေ လေထဲက ထိုးစိုက်သုတ်ဆင်းသလို ဒါဝင့်ဆီ တသွင်သွင် စီးဝင်လာနေတယ်။ သူ့ဆီရှိတဲ့ သပွတ်အူလိုက်နေသမျှ သဲလွန်စတွေကို စနစ်တကျ ပြန်စီဖို့ လိုသလို အဲဒါအကုန်လုံးကို ခြုံငုံဖော်ပြနိုင်မဲ့ တင်စားချက်တစ်ရပ်လဲ လိုနေပြန်တယ်။ ဒီ့နောက်မှာတော့ စာမျက်နှာအမှတ် ၂၁ ရဲ့ အောက်ခြေမှာ ဒါဝင် ဒီလို ရေးလိုက်တယ် – “စုစည်းထားတဲ့ သက်ရှိမျိုးနွယ်တွေဟာ သစ်ပင်တစ်ပင်ကို ကိုယ်စားပြုတယ်”။
အခန်း ၁၊ အပိုင်း ၁
ပြီးပါပြီ