ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား”။ “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား”။ လွန်ခဲ့ပြီးသော ကာလတွေမှာ လသာသာ ညတွေမှာ ကလေးတွေ အစုလိုက် ကစားကြ၊ အဘိုးအဘွားနဲ့ လူကြီးတွေ ပြောတဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေ နားထောင်ကြနဲ့ လရောင်ကို အဖော်လုပ်၊ အမှတ်ရစရာတွေ ရှိခဲ့ကြရပါတယ်။ ဒီတော့ ညခင်းနဲ့ လမင်းဟာ အတွဲအဖက် အချိတ်အဆက် ညီတဲ့ သင်္ကေတလေးတွေပေါ့။
“ကောင်းသော ညပါ” လို့ နှုတ်ဆက်စကားနောက်မှာ လမင်းကြီးကို ကပ်လိုက်ပြီး “Goodnight Moon” အမည်ရ ရုပ်ပြဇာတ်လမ်းတစ်ပုဒ်ကို မာဂရက်ဝှိုက်စ်ဘရောင်းန်က ၁၉၄၇ ခုနှစ်မှာ ရေးသားခဲ့ပြီး သရုပ်ဖော်ပုံတွေကိုတော့ စလီမန့်ဟာ့ဒ်က ဖန်တီးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ နတ်သမီးပုံပြင်တွေ၊ စွန့်စားခန်းတွေ၊ သူရဲကောင်းတွေ၊ တောတွင်းက တိရစ္ဆာန်လေးတွေအကြောင်း ပုံပြင်တွေ မဟုတ်ဘဲ ကလေးတစ်ယောက် နေထိုင်ရတဲ့ ဘဝထဲက အသံတွေနဲ့ မြင်ကွင်းတွေကို အဓိကထားဖန်တီးထားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘန်နီလေးရဲ့ အစိမ်းရောင်နံရံနဲ့ အိပ်ခန်းထဲက ပစ္စည်းပစ္စယတွေနဲ့ အကောင်ပလောင်လေးတွေကို ပြောပြတယ်။ ဒုတိယပိုင်းမှာ အဲဒီအရာလေးတွေကို ကောင်းသောညပါ လို့ နှုတ်ဆက်လိုက်တယ်။ ညအမှောင် တိုးလာ၊ အခန်းတွင်းမီးအလင်းရောင် မှိန်ပျလာတာနဲ့အမျှ ဘန်နီလေးဟာ တဖြည်းဖြည်း အိပ်ပျော်သွားတယ်။ လမင်းကြီးကတော့ ပြတင်းပေါက်ကျယ်ကြီးကနေ ထိန်ထိန်သာနေခဲ့တာပေါ့။ ဇာတ်လမ်းဆိုတာထက် ဒီစာအုပ်ထဲမှာ အိပ်ခါနီး လိုက်နှုတ်ဆက်နေတဲ့ ကလေးလေးရဲ့ စကားတွေ လို့ ပြောရပါမယ်။
ရိုးရှင်းတဲ့ စာအုပ်ကလေးတစ်အုပ်ပါပဲလို့ မြင်နိုင်ပေမဲ့ ဘရောင်းန်က ကလေးတွေအတွက် ရေးသားတဲ့ အရေးအသားဒဿနတစ်ခုကို ခြေကုပ်ယူပြီး ပြသခဲ့တာ ဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ ဘဝမှာ သူ့အနီးနားမှာ ရှိနေတဲ့ အရာတွေရဲ့ အရေးပါမှုကို သတိပြုမိခဲ့ပုံပါ။ ကိုယ့်အတွက် အရေးပါတဲ့ သူတွေကို “Goodnight” – “ကောင်းသော ညပါ” လို့ နှုတ်ဆက်တတ်ကြတယ်မဟုတ်လား။ အရေးတယူပြုရတဲ့ ဖြစ်တည်မှုတိုင်းအတွက် ကိုယ်စိတ်က ဆောင်ပြီး နှုတ်က ဒါမှမဟုတ် စာနဲ့ ပြောပြတတ်တဲ့ ဒီစကားလေးဟာ တန်ဖိုးထားတတ်ခြင်းကို ပြသနေတာပဲပေါ့။ ဘရောင်းန်ရဲ့ ဘန်နီလေးက သူ့အတွက် အရေးတယူရှိရတဲ့ အရာတွေကို သူ မအိပ်ခင်မှာ “Goodnight” – “ကောင်းသော ညပါ” လို့ နှုတ်ဆက်ဆုတောင်းပေးတာကို ရေးသားတင်ပြထားတာဟာ ကလေးတွေရဲ့ စိတ်သဘောတစ်ခု ပြသပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဘရောင်းန်က ဒီစာအုပ်ကို ရေးဖို့ အကြံရခဲ့တာက သူ့ငယ်ဘဝမှာ သူနဲ့ သူ့ညီမဖြစ်သူတို့ ကစားခဲ့ကြတဲ့ ကစားနည်းတစ်ခုကနေဖြစ်ပြီး ဘရောင်းန်ကိုယ်တိုင်က “ကလေးတွေဟာ ‘Goodnight Moon’ စာအုပ်ကို ရေးတဲ့ စာရေးဆရာတွေလေ၊ ကျွန်မက နားတစ်ဖက်နဲ့ ဘောပင်လေးတစ်ချောင်းမျှသာပါပဲ” လို့ ပြောခဲ့ပါတယ်။
စာအုပ်စတင်ထွက်ရှိခဲ့ချိန်က စလို့ Goodnight Moon ဟာ အကောင်းဆုံးအိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေရတာဟာ အကြောင်းအချက်များစွာ ရှိပါတယ်။
ဘရောင်းန် စာရေးခြင်းအလုပ်ကို စတင်ခဲ့တဲ့ ၁၉၃၀ ကာလများမှာ စိတ်ကူးယဉ်နေရာဒေသတွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို အဓိကထားရေးသားပြီး သင်ခန်းစာတစ်ခုခု၊ အသိတစ်ခုခု ရဖို့ ထည့်သွင်းဖန်တီးထားတဲ့ နတ်သမီးပုံပြင်တွေက အလွှမ်းမိုးဆုံး ဖြစ်နေခဲ့ပေမဲ့ ဘရောင်းန်ကတော့ စိတ်ကူးယဉ်ကမ္ဘာရဲ့ ဩဇာကို ဖောက်ထွက်တွန်းလှန်ပြီး လက်တွေ့ဘဝ၊ လက်ရှိကာလ၊ ပစ္စုပ္ပန်နေ့ရက်များဆီက ပကတိအကြောင်းအရာတွေကို အရှိအတိုင်း ချပြနိုင်တဲ့ ဇာတ်ကြောင်း ဒါမှမဟုတ် အကြောင်းခြင်းရာတွေကို ကလေးတွေ သဘောတွေ့ကြလိမ့်မယ် လို့ ယုံကြည်ခဲ့ပုံ ရပါတယ်။ သူ့နည်းပြရဲ့ စာအုပ်ကလဲ ဒီယုံကြည်ချက်ကို ခိုင်မာစေခဲ့ပုံပါ။ အိပ်ရာမဝင်ခင် “Goodnight” – “ကောင်းသော ညပါ” လို့ ပြောတာလေးကလဲ နတ်သမီးပုံပြင်တွေလို၊ သူရဲကောင်းပုံပြင်တွေလို အသိအမှတ်ပြုမှုအပြည့်အဝ ပေးသင့်ပါတယ် ဆိုတဲ့ တင်ပြချက်က ဒီစာအုပ်ရဲ့ အရည်အသွေးနဲ့ သက်တမ်းရှည်အောင်မြင်မှုကို အထောက်အပံ့ ပေးခဲ့တာပဲပေါ့။
ကလေးတွေအတွက် ရည်ရွယ်ရေးသားတဲ့ စာအုပ်တစ်အုပ်မှာ လူကြီးနေရာက တွေးထားတဲ့ အတွေးအမြင်တွေ ပါနေရင် အရည်အသွေးနဲ့ စစ်မှန်မှုပိုင်းမှာ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ ကလေးတစ်ယောက်က ဒီလို တွေးတာ ဟုတ်ရဲ့လား၊ ကလေးတစ်ယောက်က ဒီလိုစကားလုံးမျိုး သုံးပြီး ပြောတာ ဟုတ်ရဲ့လား၊ ကလေးတစ်ယောက်က ဒီလို ပြုမူတတ်တာ ဟုတ်ရဲ့လား စတဲ့ ထောက်ပြစရာတွေ ရှိလာတာပါ။ ဘရောင်းန်ဟာ “Goodnight Moon” ကို ရေးသားရာမှာ လူကြီးတစ်ယောက်က ကလေးနေရာ အသွင်ယူပြီး ရေးသားတာထက် ကလေးတစ်ယောက်က ကလေးတစ်ယောင်လို တွေး၊ ကလေးတစ်ယောက်လို ပြော၊ ကလေးတစ်ယောက်လို ပြုမူတဲ့ ရှုထောင့်ကို မြင်ရပါတယ်။ အရွယ်ရောက်သူတွေ သဘောတွေ့တတ်တဲ့ ဇာတ်ကြောင်းပြန်ပြောနေတဲ့ ရေးဟန်တွေကို ငြင်းပယ်ပြီး နိစ္စဓူဝတွေထဲက တစ်ခုအကြောင်းကို ကလေးသုံးဘာသာစကားနဲ့ အပြုအမူပုံစံတွေကို စနစ်တကျ ဆန်းစစ်ရွေးချယ်သုံးစွဲခြင်းနဲ့ ကလေးတွေဆီ သဘောကျနှစ်ခြိုက်စရာ ကောင်းတဲ့ စာအုပ်တစ်အုပ်အဖြစ် ပေးပို့နိုင်ခဲ့တာအပြင် ထပ်ပြီး တွေ့ရတဲ့ အချက်က ကလေးတွေက စကားလုံးတွေကို ဖတ်ရှုတာတင်မကဘဲ စာမဖတ်တတ်သေးတဲ့ ကလေးတွေပါ ရည်ရွယ်ရင် သရုပ်ဖော်ပုံတွေရဲ့ ကဏ္ဍက အရေးကြီးတဲ့အတွက် အဲဒီအချက်ကို အလေးထားခဲ့သူဖြစ်တာမို့ အစိမ်းရောင်အခန်းထဲက ပစ္စည်းပစ္စယတွေ၊ အကောင်ပလောင်လေးတွေနဲ့ လမင်းကြီး စတာတွေနဲ့ ဘန်နီလေးကို အသေးစိတ်နေရာချရေးဆွဲထားတာတွေကပါ “Goodnight Moon” စာအုပ်ကို အကောင်းဆုံးစာရင်းဝင်စေခဲ့တာပါ။
နောက်တစ်ချက်အနေနဲ့ကတော့ ဒီစာအုပ်က ကလေးတွေ အိပ်စက်တဲ့ နေရာမှာ ကောင်းကောင်းအထောက်အကူပြုခဲ့တယ် ဆိုတာပါပဲ။ ကလေးဘဝဖွံ့ဖြိုးတိုးတက်မှုပညာရှင်တွေကလဲ ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ ကာရန်ယူပုံနဲ့ ထပ်ကျော့သုံးပုံတွေက ကလေးငယ်တွေကို ချော့သိပ်နှစ်သိမ့်ပေးနေသလိုပါ လို့ ပြောခဲ့ကြပါတယ်။ “Goodnight Moon” နဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ “Goodnight bears” ၊ “Goodnight chairs” ၊ “Goodnight kittens” ၊ “Goodnight mittens” ၊ “Goodnight nobody” တွေက ဖျော်ဖြေမှုနဲ့ ဆက်စပ်တဲ့ ခံစားချက်မျိုး မရတဲ့ အပြင် ကြောက်စရာ ခံစားချက်မျိုးပါ ရတယ် လို့ အရွယ်ရောက်သူအချို့က ပြောကြပေမဲ့ ဒီစာအုပ်တွေက ကလေးလေးတွေအတွက် ရည်ရွယ်တာမို့ လူကြီးတစ်ယောက်အနေနဲ့ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံနဲ့ သိမှုတွေအပေါ် အခြေခံပေါ်ထွက်လာတဲ့ အတွေးအမြင်တွေနဲ့ ခံစားချက်တွေက စာအုပ်ပါ အကြောင်းအရာတွေအပေါ် သိမြင်မှုကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေတာ အမှန်ပါ။ ဒါကြောင့်ပဲ ကလေးစာအုပ်တစ်အုပ်ကို ဖန်တီးရာမှာ ပကတိကလေးစိတ်ထား၊ ပကတိကလေးအမြင်မျိုး ရှိဖို့ဆိုတဲ့ အချက်ကို ဘရောင်းန်က ဆုပ်ကိုင်ထားခဲ့တာမို့ သူ့အရေးအသားနဲ့ စာအုပ်ပါ ရုပ်ပုံတွေက ကလေးတွေရဲ့ စိတ်နဲ့ ဝန်းကျင်ကို အမှန်တကယ် ချိတ်ဆက်မိပြီး သူတို့လေးတွေရဲ့ အိပ်စက်ခြင်းဖြစ်စဉ်ကို စတင်ဖို့ အကူညီဖြစ်စေခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘရောင်းန်ရဲ့ ဒီစာအုပ်ရဲ့ အောင်မြင်မှုဟာ အန်နီမေးရှဲန်းတွေအဖြစ် ဖန်တီးရတဲ့အထိ တာသွားခဲ့တဲ့အပြင် ဂီတလောကနဲ့ ယဉ်ကျေးမှုပိုင်းမှာပါ ပြန်လာ်ဖန်တီးမှုတွေ ရှိခဲ့တာပါ။
– ၁၉၈၅ ခုနှစ်မှာ ဝက်စ်တန်ဝုဒ်စ်က filmstrip အဖြစ် ဖန်တီးခဲ့ပါတယ်။
– ဘရိုင်ယာပါ့ချ်က The Goodnight Moon Game အမည်နဲ့ မှတ်ဉာဏ်အသုံးပြုဂိမ်းတစ်ခုအဖြစ် ဖန်တီးခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ Parents’ Choice Gold Award နဲ့ ၁၉၉၉ ခုနှစ်မှာ Oppenheim Toy Portfolio Platinum Award တို့ကို ဆွတ်ခူးခဲ့ပါတယ်။
– ၁၉၉၉ ခုနှစ်မှာ HBo Family ရုပ်သံလိုင်းမှာ ပြသဖို့အတွက် ၂၆ မိနစ်ကြာအန်နီမေးရှဲန်းအဖြစ် အလိုက်သင့်ပြင်ဆင်ဖန်တီးခဲ့ပါတယ်။
– ၂၀၀၀ ခုနှစ်မှာ VHS ရုပ်သံလိုင်းမှာ ပြသခဲ့ပါတယ်။
– ဂျယ်ရမီဒန်ကန်ပါဝင်တဲ့ ရုပ်ပြစထရစ် ဇစ်တ်စ် (၂၀၀၂ ခုနှစ်မူ) မှာ ဒီစာအုပ်နဲ့ ပတ်သက်တာတွေကို ပြန်လည်ကိုးကားပြီး ဟာသအနေနဲ့ ပြက်လုံးထည့်သွင်းခဲ့ပါတယ်။
– ၂၀၀၅ ခုနှစ်မှာ DVD ရုပ်သံလိုင်းမှာ ပြသခဲ့ပါတယ်။
– CollegeHumor က သိပ္ပံဝတ္ထုပြက်လုံးငါးခုကို ၂၀၁၀ ခုနှစ်မှာ တင်ခဲ့တဲ့အထဲ Goodnight Moon ကို အခြေခံပြီး Goodnight Dune လို့ အမည်ပေးခဲ့ပါတယ်။
– ၂၀၁၂ ခုနှစ်မှာ အမေရိကန်တေးရေးတရာအဲရစ်ဝှစ်တကာက သီချင်းအဖြစ် ဖန်တီးခဲ့ပါတယ်။
– The University of Minnesota Press က ဘန်နီလေးနေရာမှာ တက္ကသိုလ် ကိုယ်စားပြုအရုပ်ဖြစ်တဲ့ Goldy Gopher ကို ထည့်သွင်းပြီး ၂၀၁၅ ခုနှစ်မှာ Goodnight Loon စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
– ကတ်သရင်းအမ်ဗော်လန်တေးရဲ့ The Past Is Red (၂၀၂၁) ဝတ္ထုမှာ Goodnight Moon ဆိုတဲ့ ဇာတ်ဆောင် ပါဝင်ခဲ့ပါတယ်။
– Mad Men အမည်ရ တီဗီဇာတ်လမ်းတွဲရဲ့ အမှတ် ၅၊ အပိုင်း ၁၁ မှာ ပိတ်ကမ်ဘဲလ်က သူ့သမီးကို ဒီစာအုပ်ဖတ်ပြခဲ့ပါတယ်။
– ဂျေဆန်ဖောက်စ် ပါဝင်တဲ့ FixTrot ရုပ်ပြစထရစ် (၂၀၂၃ ခုနှစ်မူ) မှာလဲ သူ့ကိုယ်ပိုင် ဖန်တီးထားတဲ့ ဒီစာအုပ်မူကို ရွတ်ပြခဲ့ပါတယ်။
အချုပ်အနေနဲ့ ဆိုရရင် မာဂရက်ဝှိုက်စ်ဘရောင်းန်က ကလေးတွေအတွက် ယနေ့ထက်တိုင် တခုတ်တရ ဖတ်နေကြဆဲ အိပ်ရာဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ Goodnight Moon နဲ့ အဖော်တစ်ယောက်ဖြစ်ပေးခဲ့ပါတယ်။ ယခုခေတ်မှာ မိဘတွေက မိုးလင်းကနေ မိုးချုပ်အထိ အလုပ်ထဲက အလုပ်၊ အလုပ်ထဲက အလုပ်နဲ့ ဗျာများပြီး ကလေးတွေနဲ့ အတူရှိနေချိန်က အတော်လေး နည်းပါးပါတယ်။ ဒါ့အပြင် နည်းပညာလွှမ်းမိုးမှုအားကောင်းလာတာနဲ့အမျှ ကိုယ့်ဘဝရဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ ပုံမှန်ဖြစ်စဉ်လေးတွေကို ပိုပိုပြီး သတိမပြု၊ သတိမထားဘဲ မေ့မေ့လျော့လျော့နေလာတတ်ကြတာ များပါတယ်။ အမှုမဲ့ အမှတ်မဲ့ လုပ်နေမိတဲ့ အရာလေးတွေက ကိုယ့်စိတ်နဲ့ အမူအကျင့်မှာ အနည်းနဲ့အများ ယှက်နွှယ်သက်ရောက်မှုတွေ ရှိနေတတ်တာကြောင့် ဘန်နီလေးက သူ့အခန်းထဲက သူနဲ့အတူ ရှိ၊ သူ အတွေ့အများရဆုံး ဖြစ်၊ သူ အရေးတယူလုပ်နေရတဲ့ အရာတွေကို ကောင်းသော ညပါ လို့ ဆုတောင်းနှုတ်ဆက်သလို ကလေးငယ်တွေကိုလဲ ကိုယ်အတူရှိပေးနေနိုင်တဲ့ ညချမ်းအချိန်တစ်ခဏမှာ နွေးထွေးတဲ့ စာဖတ်ခြင်းတွေနဲ့ အဖော်ပြုပေးကြရင် ကလေးတွေမှာ လစ်ဟာမှုတွေကို ခံစားရတာ တဖြည်းဖြည်း ပါးလျော့လာမှာ အသေအချာပါ။ ။