လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph Caldecott medal ဆုကို ရခဲ့တော့ ဒီစာအုပ်အတွက် “Where the Wild Things Are စာအုပ်က လူတိုင်းကို ကျေနပ်စေဖို့အတွက် မဟုတ်ဘူး – ကလေးတွေအတွက်ပဲ” လို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုခံခဲ့ရတာမို့ တွေးဆစရာ ဖြစ်ခဲ့တယ်။ မှတ်ချက်ကတော့ ကလေးတွေအတွက်ပဲ လို့သာ ဆိုခဲ့ပေမဲ့ ဒီစာအုပ်ရဲ့ သက်ရောက်မှုက ကမ္ဘာလုံးအတိုင်းအတာထိ ပြန့်ထွက်ခဲ့တာကို သက်သေထူနေတာတွေ ရှိပါတယ်။ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ အော်ပရာပြဇာတ်တွေနဲ့ အခြားစာအုပ်တွေအပေါ်မှာပါ လွှမ်းမိုးမှုတွေ ရှိလာခဲ့တဲ့အထိပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို IBBY ရဲ့ ဥက္ကဌPam Dix က “တစ်ခါတစ်ခါ ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရှုထောင့်တွေကနေ ထုတ်ဖော်ပြသမဲ့၊ အလွှာများစွာပါဝင်နေတဲ့၊ပြီးပြည့်စုံတဲ့ ရုပ်ပြစာအုပ်တစ်အုပ်ပါ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီစာအုပ်ထဲမှာ ဘာတွေ ပါနေမလဲ။ တကယ်တော့ ဒီစာအုပ်မှာ ချစ်စရာ ကြည်နူးစရာတွေအကြောင်း သရုပ်ဖော်ထားတဲ့ပုံတွေ၊ စာတွေ မဟုတ်ဘဲ လူသားတစ်ဦးအဖြစ် နေထိုင်ရတဲ့ သက်တမ်းတစ်လျှောက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရစဉ်မှာ အဲဒီအရွယ်ရဲ့ ပကတိစိတ်သဘောကို ပကတိအတိုင်း ထင်ထင်လင်းလင်း မြင်မြင်သာသာ ဖွင့်ချပြလိုက်တာပါပဲ။ ဒီအချက်က ဒီစာအုပ်ကို အထူးခြားဆုံးဖြစ်အောင်၊ ဂန္ထဝင်ကလေးစာပေစာရင်းတွေမှာ ထိပ်ဆုံးနေရာတွေကနေ မပါမဖြစ် ရွေးချယ်စေတဲ့ အချက် ဖြစ်နေခဲ့တာပဲပေါ့။ ၁၉၂၈ ခုနှစ်မှာ လူ့လောကထဲ ရောက်လာခဲ့တဲ့ Maurice Sendak ဟာဒီစာအုပ်ထဲ ဖော်ပြမဲ့ ဇာတ်လမ်းအတွက် သူ့ငယ်ဘဝက အဓိကဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်ဆိုးဆိုးလုပ်မိရင် သူ့အမေက သူ့ကို “သတ္တဝါဆိုး (vilde chaya)” လို့ ခေါ်ခဲ့တယ် လို့ Sendak က ဖြေခဲ့ဖူးတယ်။ ဇာတ်လမ်းထဲမှာဇာတ်ဆောင် Max က သူ့အမေက သူ့ကို “သတ္တဝါဆိုး” လို့ ခေါ်လိုက်လို့ “ငါ မင်းကို စားလိုက်မယ်” ဆိုပြီး ပြောလိုက်တယ်၊ ဒါကြောင့် သူ့အမေက သူ့ကို အိပ်ရာမဝင်ခင် ညစာမကျွေးဘဲ အိပ်ခိုင်းခဲ့တာဆိုတဲ့ ဇာတ်ကွက်နဲ့ သွယ်ဝိုက်ပြခဲ့တယ်။ ဇာတ်လမ်းထဲက Max လိုပဲ Maurice…