April 18, 2026 | မြန်မာ

ဘောင်အတွင်းက ကဗျာသိမှု

နှင်းဆီပွင့် လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။ ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့…

Text size

နှင်းဆီပွင့်

လယ်တောကအပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကိုမောင်မြင်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင့်တယ်လေး။

ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။

မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး လယ်တောကအပြန်မှာ ခရေဖူးလေးတွေခူးပေးလေသလား ဆရာမင်းသုဝဏ်က ဘာကိုဆိုလိုခဲ့သလဲဆိုတာကိုတော့ ဆရာကိုယ်တိုင်ထက်အတိအကျ ဘယ်သူမှမသိနိုင်။

ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်မကမ္ဘာထဲမှာတော့ လူရွယ်ကောင်လေးဟာ မနက်စောစောထ၊ လယ်ထွန်သွားဖို့ပြင်။ လယ်တောလေးရောက်ဖို့ လမ်းမှာ သူချစ်ခင်မြတ်နိုးရတဲ့ မိန်းမပျိုလေးနဲ့ဆုံ။ ကောင်လေးက အဲ့ဒီမိန်းမပျိုလေးကို ချစ်ရေးဆိုထားပုံပဲ။ အဲ့ဒီခေတ်အခါ ကျေးလက်က မိန်းမပျိုလေးပီပီ သူ့ကိုဘယ်လောက်ချစ်ကြောင်း ချစ်သက်သေယူချင်တော့ လယ်တောက အပြန်ကျရင် ခရေဖူးလေးတွေခူးခဲ့ပါ။ သူပန်ချင်ပါတယ်ပေါ့။ ဒီအခန်းမှာ ကာရိုက်တာနှစ်ဦးတင်မကဘဲ ဘေးကရှုခင်းလေးတွေကိုပါ အလိုလိုပုံဖော်လျက်မိသားဖြစ်နေတာ။ ရွာလမ်းလေးဆိုတော့ လမ်းဘေးတစ်လျှောက်မှာ လယ်ကွင်းလေးတွေရှိမယ်။ နွေဦးပေါက်ချိန်မှာ လေရူးသုန်သုန်ဖြန်းတဲ့အချိန်ဆိုတော့ လယ်ထဲက အရိုင်းပင်လေးတွေလည်း ဟိုယိမ်း၊ ဒိယိမ်း။ မိန်းမပျိုလေးက ကျေးရွာသူပီပီ ထဘီတိုတို၊ ရင်ဖုံးခါးတိလေးနဲ့ သနပ်ခါးလေးလည်း ခြယ်ချင်ခြယ်ထားဦးမယ်။ သူခါတိုင်းထုံးနေကျ မခို့တရို့ဆံထုံးလေးနဲ့ ပုခုံးပေါ်ကို မီရုံချထားတဲ့ ဆံပင်လေးတွေနဲ့။ ကောင်လေးက မိန်းမပျိုလေးရဲ့မှာသံကိုကြားတော့ ရင်‌ထဲတသိမ့်သိမ့်နဲ့ ဘီလူးဆိုင်းတွေတီးလို့။ သူချစ်မြတ်နိုးရတဲ့ မိန်းကလေးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးချင်စိတ်တွေ တဖွားဖွားနဲ့ကိုး။ အဲ့ဒီစိတ်နဲ့ပဲ လယ်တောကိုသွား၊ ဟိုရောက်‌လို့ လယ်ထွန် လယ်လုပ်တော့လည်း မိန်းမပျိုလေးရဲ့မှာသံကို တိုးတစ်ခါ၊ ကျယ်တစ်လှည့် တသဲ့သဲ့ကြား။ ညနေစောင်းတော့ လယ်တောက အပြန် လမ်းက ခရေပင်ကြီးပေါ်ကို မော့လို့ကြည့်လိုက်တယ်။ ခရေဖူးတွေ အပင်ပေါ်မှာ ဝေလို့။ မိန်းမပျိုလေးရဲ့ မြော်မြင်ဉာဏ်ကြီးပုံလေးကို ကျွန်မဒီမှာသတိထားမိတယ်။ ခရေပွင့်တို့၊ ခရေပန်းတို့ကို ဘယ်သူမှ အပင်ပေါ်တက်ခြွေလေ့မရှိကြပါဘူး။ အပင်အောက်မှာ ကြွေမှသာ ကောက်ကြတာမျိုးပါ။ ဒါပေမဲ့ ဇာတ်လိုက်မိန်းမပျိုလေးကတော့ ကောင်လေးကို ခက်တောင့်ခက်ခဲမှာလိုက်ပုံများ အပင်ပေါ်မှာသာ ရှိတတ်တဲ့ ခရေဖူးတဲ့။ ကဗျာစပ်တဲ့ ဆရာ့ရဲ့ ကွန့်မြူးတတ်ပုံကိုလည်း သဘောကျမိတယ်။ ဆိုတော့ အဲ့ဒီမှာ ကောင်လေးက ခက်ခက်ခဲခဲ ခရေပင်ကြီးပေါ်တက်၊ ခရေဖူးလေးတွေကို တယုတယနဲ့ခူးပြီး အိမ်ပြန်လာခဲ့ပါလေရော။ ပီတိတွေဝေ အပြုံးတွေဖြာလို့။ အိမ်ရောက်တော့လည်း သူ့လက်နဲ့ကျကျနန ပန်းလေးတွေသီ။ မနက်ရောက်ရင် သူမြတ်နိုးရတဲ့ မိန်းမပျိုလေးကို ငါကွ ယောက်ျားဆိုတဲ့မျက်နှာပေးနဲ့ ခရေဖူးကုံးလေးပေးတော့မယ်ပေါ့။ ပန်းလေးတွေ မနက်ထိလန်းနေအောင် ရေဖလားလေးထဲထည့်ပြီး အပေါ်ကနေ ရေစိုအဝတ်နဲ့ဖုံးထားဦးမှာ အသေအချာပဲ။ နောက်တစ်နေ့မနက်ရောက်တော့ ခါတိုင်းနေ့တွေထက်ကို စောစောထ၊ သူချစ်ရသူရဲ့ ဆံနွယ်ပေါ်မှာ သူခူးပေးထားတဲ့ ခရေဖူးလေးတွေကို ဦးဦးဖျားဖျားပန်ဖို့ဆိုပြီး ခြေလှမ်းကျဲကြီးတွေနဲ့ သွား။ လမ်းမှာလည်း ငနဲက စိတ်ကူးယဉ်ထားတာ သူလေးပန်းပန်ပြီးရင် တဝကြီးကြည့်ပစ်မယ်တို့ဘာတို့။ တော်‌ တော်ရောက်တော့ မိန်းမပျိုလေးရဲ့ ကျောပြင်ကို သူမြင်နေပြီ။ နောက် သေချာကြည့်လိုက်မှ သူ့မလှမ်းမကမ်းက သူသိပ်မြတ်နိုး၊ တန်ဖိုးထားရတဲ့ မိန်းကလေးရဲ့ မခို့တရို့ဆံထုံးလေးပေါ်မှာ အနီရောင်နှင်းဆီပွင့်အာအာကြီးတွေ နေရာယူထားပါလေသတဲ့။ သူ့ရဲ့ခရေဖူးလေးတွေ မျက်နှာငယ်ရှာသွားပေပြီပေါ့။ ပန်းဦးပန်းဖျားလေး မဖြစ်နိုင်တော့ဘူးပေါ့။ အခုနေ သွားပေးလို့ရပေမဲ့ ကျက်သရေဆောင်နေတဲ့ အဲ့ဒီနှင်းဆီပွင့်နီနီကြီးတွေအစား ခရေဖူးသေးသေးမွှားမွှားအကုံးလေးကို ဘယ်မိန်းကလေးက အစားထိုးချင်ပါတော့မလဲ။ ဒီလိုအထက်တန်းကျတဲ့ပန်းမျိုးကို အထက်တန်းကျကျငနဲတစ်ကောင်က ပေးသွားတာလည်း ဖြစ်နိုင်တယ်။ ငါ့လို လယ်လုပ်၊ ယာလုပ်နေရတဲ့ ရွာကငနဲတစ်ကောင်ရဲ့ ခရေဖူးလေးတွေဟာ တန်ဖိုးနိမ့်လှပါတယ်လေ ဆိုပြီးတွေးမိနေနိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ငါချစ်ရတဲ့၊ မြတ်နိုးတန်ဖိုးထားရတဲ့ ဒီမိန်းကလေးဟာ အထက်တန်းကျကျနှင်းဆီပွင့်တွေနဲ့လည်း အင်မတန်ကို ဂုဏ်တင့်၊ ကျက်သရေတင့်လှပါ့လားဟေ့ ဆိုပြီးတော့လည်း ပီတိပြုံးလေးပြုံးနေမယ်။ ဒီလိုနဲ့ပဲ လက်ထဲက ခရေဖူးကုံးလေးကို ကျစ်ကျစ်ကလေးဆုပ်ရင်း ပီတိတွေဖြာလို့ မျက်ရည်လေးတစ်ပေါက်၊ နှစ်ပေါက်လှိမ့်ဆင်းရင်းနဲ့ပဲ ဝမ်းစာဖြည့်ဖို့ လယ်တောကို ပြန်သွားရှာလိမ့်မယ်။

ဒါကတော့ နှင်းဆီပွင့်ကဗျာဖတ်သူကျွန်မရဲ့ ကမ္ဘာကြီး။ တကယ်တော့ ကဗျာတွေဆိုတာ အဆုံးအစွန်မရှိလောက်အောင် ကျယ်ပြန့်တယ်လို့ ယူဆထားတယ်။ ကဗျာတွေကို ဘောင်ကန့်ထားသူတွေဆိုရင် အတော်အမြင်ကတ်မိတယ်။ အထူးသဖြင့် စကားပြေကို ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ရေးပြီး နောက်ကနေအလွတ်လိုက်ကျက်ခဲ့စဉ်အချိန်ပေါ့။ စကားပြေကို တသတ်မတ်တည်းကန့်ထားတာဟာ ဦးနှောက်တွေကို ကျောက်ခဲနဲ့ဆို့ပစ်ထားသလို တူတူလောက်ပါပဲ။ အခုနေ ဆရာတစ်ယောက်ယောက်က ဒီမှာ ငါရေးတဲ့ ဒီစကားပြေကို ဒီအတိုင်း အလွတ်ကျက်ပေတော့ ဆိုပြီးလာပေးရင် အဲ့ဆရာနဲ့ တစ်ပွဲနွှဲရလောက်တဲ့အထိဖြစ်သွားနိုင်‌လောက်တယ်။ ကဗျာရဲ့တန်ဖိုးအရည်အသွေးကို လျော့စေသလို၊ ဦးနှောက်ရဲ့ တွေးခေါ်နိုင်မှု၊ စိတ်ရဲ့ ခံစားနိုင်မှုကိုလည်း လျှော့ချပစ်တယ်လို့ ယူဆတယ်။ ကဗျာတစ်ပုဒ်ရဲ့ စကားပြေဟာလည်း ကဗျာဖတ်သူရဲ့ စိတ်ကူးနိုင်စွမ်းနဲ့ သူ့အာရုံတွေအပေါ်မူတည်ပြီး အများကြီးချဲ့ကားလို့ရပါသေးတယ်။ အဆုံးသတ်အနေနဲ့ကတော့ ဆရာတွေအနေနဲ့လည်း ကဗျာတစ်ပုဒ်ကို ခံစားတတ်တဲ့နှလုံးသားပိုင်ရှင်တွေကိုပဲ မွေးထုတ်ဖို့နဲ့ ဒါမှသာ သဘာဝတရား၊ ခေတ်ရေစီးကြောင်းရဲ့ အလှတွေကို ခံစားဈာန်ဝင်နိုင်သူတွေအဖြစ် မြင်နိုင်မှာမလို့။ Dead Poets Society ရုပ်ရှင်ထဲက စကားလေးတစ်ခွန်း ပြောရရင်  ❝ We don’t read and write poetry because it’s cute. We read and write poetry because we are members of the human race. ❞  ဆိုသလိုပါပဲ။

Fact Hub Editorial

The Fact Hub Editorial is the collective voice of our dedicated team of writers, fact-checkers, and editors. We work collaboratively behind the scenes to bring you accurate, well-researched, and accessible articles—from demystifying complex science to delivering the latest insights you can trust.

Article Credits

Written by Aww Myat Khin Khin
Copy Editing Fact Hub Editor Team

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.