April 18, 2026 | မြန်မာ
Linguistics Explainer

“နိမိတ်ပုံ၏ အနက်နှင့် သဘောသဘာဝ”

နိမိတ်ပုံဟူသော ဝေါဟာရသည် “image” ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုထားသော မွေးစားစကားလုံးတစ်ခု ဖြစ်သည်။ ထိုဝေါဟာရအသုံးကို ၁၉၆၂ ခုနှစ်တွင် “အလွမ်း၊ အဆွေး၊ အသောနှင့် စာရေးဆရာ” ဟူသော ဆောင်းပါး၌ ဆရာဇော်ဂျီက ဘာသာပြန်ကာ စတင်သုံးစွဲခဲ့ရာမှ ယနေ့ခေတ်အထိ အသုံးတွင်ကျယ်လာခဲ့သည်။ နိမိတ်ပုံ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “ကဗျာ့နရီနှင့် နိမိတ်ပုံ”…

Text size

နိမိတ်ပုံဟူသော ဝေါဟာရသည် “image” ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုထားသော မွေးစားစကားလုံးတစ်ခု ဖြစ်သည်။ ထိုဝေါဟာရအသုံးကို ၁၉၆၂ ခုနှစ်တွင် “အလွမ်း၊ အဆွေး၊ အသောနှင့် စာရေးဆရာ” ဟူသော ဆောင်းပါး၌ ဆရာဇော်ဂျီက ဘာသာပြန်ကာ စတင်သုံးစွဲခဲ့ရာမှ ယနေ့ခေတ်အထိ အသုံးတွင်ကျယ်လာခဲ့သည်။ နိမိတ်ပုံ ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “ကဗျာ့နရီနှင့် နိမိတ်ပုံ” တွင် မြဇင်က “နိမိတ်ပုံဆိုတာ စာဖြင့် ဖွဲ့စည်းထားသော ရုပ်ပုံကလေးတစ်ခုဖြစ်သည်” ဟူ၍လည်းကောင်း၊ “ရသစာပေအဖွင့်နှင့် နိဒါန်း” တွင် ဇော်ဂျီက “ဒိဋ္ဌလောကနှင့် ကြုံသော အကြောင်းကြောင့် သူ၌ စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်လာပြီးသည့်နောက် ထိုစိတ်လှုပ်ရှားမှုတစ်ခုခုဖြင့် မြင်သော သိသော စိတ်မြင်စိတ်သိ ပုံသဏ္ဌာန်” ဟူ၍လည်းကောင်း၊ “ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း” တွင် တက္ကသိုလ်ဘုန်းနိုင်က “နိမိတ္တဆိုသည်မှာ မူလများ၏ အရိပ်များဖြစ်သည်။ … လောက၌ တွေ့ရသော လူ သည် မူလသဘောဖြစ်ပြီး အိပ်မက်တွင်းက လူကား နိမိတ္တဖြစ်သည်” ဟူ၍လည်းကောင်း၊ “နိမိတ္တများကား မူလများမဟုတ်သော်လည်း မူလများနှင့်တူသော အရာများ (ဝါ) မူလများကို တူအောင် တုထားသော အရာများဖြစ်လေသည်” ဟူ၍လည်းကောင်း အသီးသီး ဆိုခဲ့ကြ၏။ ထို့ကြောင့် နိမိတ်ပုံ ဟူသည် ဒိဋ္ဌလောကတွင် နေထိုင်လျက်ရှိသော လူသားများနှင့် ဆက်စပ်နေသည့် အကြောင်းအရာများနှင့် အဖြစ်အပျက်များကို ထင်ဟပ်ကာ စာရေးဆရာက မိမိ ခံစားရသည့်အတိုင်း ဝတ္ထုတွင် တုပဖန်တီးထားသော စိတ်ကူးပုံရိပ်များ သို့မဟုတ် စာပုံရိပ်များဖြစ်သည်ဟု ဆိုနိုင်ပေသည်။ နိမိတ်ပုံ၏ သဘောသဘာဝနှင့် ပတ်သက်၍ စာရေးဆရာများ၏ စိတ်သဏ္ဌာန်တွင် နိမိတ်ပုံ ဖြစ်ပေါ်လာပုံကို “ကဗျာ့နရီနှင့် နိမိတ်ပုံ” တွင် မြဇင်က “စာဆိုသည် အတွေးတစ်ခု၊ ခံစားချက်တစ်ခုကို ဖော်ကျူးလိုသည့်အခါ ထိုအဆင်း ရုပ်၊ အသံရုပ်၊ အနံ့ရုပ်၊ အရသာရုပ်၊ ပထဝီရုပ်၊ ဝါယောရုပ်၊ တေဇောရုပ်တို့သည် ဆိုလိုချက်နှင့် ဆက်စပ်ပြီး အလျဥ်းသင့်သလို ပေါ်ထွက်လာတတ်သည်။ ခံစားမှု အင်အားနှင့် တွေးမှုအင်အားကြောင့် ပေါ်တတ်သည်လည်း ရှိသည်။ စာဆို၏ စိတ်ကူးဉာဏ်နှင့် ဖန်တီးနိုင်စွမ်းအားကြောင့် ပေါ်တတ်သည်လည်း ရှိသည်။ ထိုအဆင်းရုပ်၊ အသံရုပ်၊ တေဇောရုပ် စသည်တို့သည် နိမိတ်ပုံအဖြစ် ပေါ်ထွက်လာ တတ်သည်” ဟူ၍ ဆိုခဲ့သည်။ ထိုအဆိုအရ စာရေးဆရာများသည် ဒိဋ္ဌလောကတွင် မိမိတို့ ဖြတ်သန်းကြုံတွေ့ရသော အာရုံရုပ်တစ်ခုခုအပေါ်တွင် စိတ်ခံစားမှု ဖြစ်ပေါ်ကာ ထိုအာရုံရုပ်များကို ဝတ္ထုတွင် နိမိတ်ပုံများအဖြစ် ထည့်သွင်းဖန်တီးကြသည်ကို တွေ့နိုင်လေသည်။ ထိုသို့ နိမိတ်ပုံဖန်တီးရာတွင် စာရေးဆရာများသည် မိမိတို့ ကြုံတွေ့သိမြင်ခံစားကြရသော အခြေအနေအမျိုးမျိုးအပေါ် မူတည်ကာ ဖန်တီးပုံကွဲပြားကြတတ်ကြောင်းကို “ရသစာပေအဖွင့်နှင့် နိဒါန်း” တွင် ဇော်ဂျီက “စာရေးဆရာသည် လောကအမူအရာ၊ လူ့အမူအရာတို့ကို နိမိတ်ပုံအမျိုးမျိုးတို့ဖြင့် မှတ်ခဲ့သည် ဟု ဆိုနိုင်သည်။ စေတနာတစ်ခုခုကြောင့်သော်လည်းကောင်း၊ ဆန္ဒတစ်ခုခုကြောင့်သော်လည်းကောင်း၊ ဥဒါနမြွက်ဆိုလိုခြင်း ရှိလာသောအခါ စာရေးဆရာ သည် ထိုနိမိတ်ပုံများအနက် သူ့စေတနာကို လိုက်လျက် သူ့စိတ်ကူးဉာဏ်က အလိုရှိသော နိမိတ်ပုံတို့ကို ရွေး၍ ရွေး၍ သုံးမည်ဖြစ်သည်။ မိမိ အလိုရှိသည်ကို ဇာတ်လမ်းဆင်၍ ရေးဖွဲ့လေ့ရှိသော ပျို့၊ ပြဇာတ်၊ ဝတ္ထု ကဲ့သို့သော စာမျိုး၌လည်း ထိုနိမိတ်ပုံတို့ကို သုံးခဲ့ကြပြီ” ဟူ၍ ဆိုခဲ့သည်။ မိမိ၏ စိတ်အာရုံတွင် စွဲထင်ကျန်ရစ်နေခဲ့သော စိတ်ခံစားချက်များထဲမှ အလိုရှိသည် တို့ကို မိမိ၏ တင်ပြလိုသော စေတနာအလိုအရ ရွေးထုတ်ကာ စာပေပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တင်ပြတတ်ကြသည့်သဘောကို တွေ့ရသည်။ ထို့ပြင် “ကဗျာ့နရီနှင့် နိမိတ်ပုံ” တွင် မြဇင်က “နိမိတ်ပုံသည် အတွေးလည်း ဖြစ်၏။ ခံစားချက်လည်း ဖြစ်၏။ စာဆိုအတွက် ပညာလည်း ဖြစ်၏။ ဝေဒနာလည်း ဖြစ်၏” ဟူ၍လည်းကောင်း၊ “ရေးဟန်ပညာနိဒါန်း” တွင် မောင်ခင်မင် (ဓနုဖြူ) က “နိမိတ်ပုံသည် လှပအောင်တန်ဆာဆင်သော အပေါ်ယံ အဆင်တန်ဆာမျှသာ မဟုတ်။ အတွေ့အကြုံကို ထူးခြားသစ်လွင်သော အမြင်ဖြင့် ပုံဖော်ခြင်းဖြစ်သည်” ဟူ၍လည်းကောင်း၊ “နိမိတ်ပုံ /Image/ မှတ်စုနှင့် မှတ်ချက်အချို့” တွင် မောင်ဇော်က “ဒီနိမိတ်ပုံတွေဟာ တန်ဆာဆင်ရုံသက်သက် အပြောက်အမွမ်းသက်သက်အတွက် မဟုတ်ပါဘူး (Not simply Decorative) အာရုံခံစားမှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေ ရရှိစေဖို့ အထူးတင်စားတဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်ကြတယ်လို့ ဆိုပါတယ်” ဟူ၍လည်းကောင်း ဆိုခဲ့ကြသည်။ ထိုအဆိုများအရ နိမိတ်ပုံသည် ရုပ်ပုံအဆင့်တွင်သာ ရပ်တန့်မနေဘဲ စာရေးဆရာ၏ အတွေး၊ ခံစားချက်နှင့် ဝေဒနာတို့ကိုပါ ဖော်ပြနိုင်သောအရာ ဖြစ်သည်ကို သိနိုင်ပေသည်။ နိမိတ်ပုံများသည် ဝတ္ထု၏ အဆင်တန်ဆာအဖြစ် ထမ်းဆောင်သော သဘောသဘာဝသာမက ဝတ္ထုဖန်တီးသူက ထည့်သွင်းထင်ဟပ်ထားသော အတွေးအမြင်များ၊ ခံစားသိမြင်မှုများနှင့် အတွေ့အကြံများကို စာဖတ်သူများထံသို့ ဖတ်ရှုခြင်းဖြင့် ကူးစက်ရရှိစေနိုင်သော သဘောသဘာဝသည်လည်း နိမိတ်ပုံတွင် ရှိနေ ကြောင်း တွေ့ရပေတော့သည်။     ။

ဆက်ရန် . . .

 

 

 

Htet Phone Shein

Htet Phone Shein is a Bangkok-based writer, poet, and literary translator with a deep commitment to the craft of language — both in the making of original work and in the faithful rendering of others'. He served as Final-review Editor at Fact Hub Myanmar, where he set and upheld the editorial standards that defined the publication's voice and rigour. He is currently studying British and American Studies at Thammasat University's Faculty of Liberal Arts, alongside a degree in Business Administration at the University of the People. With a foundation in Myanmar Literature and Linguistics from Mandalay University and further studies at Uppsala University's Department of English, his literary sensibility is shaped by both tradition and cross-cultural exposure. He is the author of three novels — Lost Love Floating in the Sea, Moon's Footmark, and You I've Never Seen, I I've Never Seen — and has translated six books into Burmese, including works by Zen philosopher Thich Nhat Hanh, The Four Agreements, and Steal Like An Artist. His critical essays, among them a close reading of Yay Aye's short story Bonsai, reflect his sustained interest in how literature builds meaning across culture and community. His forthcoming poetry collection, The Bridge, marks his next step as a poet. When he isn't writing or translating, he runs and reads — and those who work with him will tell you he gets things done, quietly and on his own terms.

Article Credits

Written by Htet Phone Shein 
Copy Editing Aww Myat Khin Khin 

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.