မတူညီတဲ့ မျိုးစိတ်နောက်တစ်ခုဆီက၊ တစ်နည်း တိရစ္ဆာန်ဆီက ကိုယ်တွင်းအင်္ဂါကို လူမှာ ထည့်သွင်းကုသတဲ့ ဇီနိုထရန်(စ်)ပလန်တေးရှင်း နည်းလမ်းအကြောင်း ဒီဆောင်းပါးမှာ ရှင်းပြထားပါတယ်။
နိဒါန်း
ကိုယ်တွင်းအင်္ဂါ အရေးပေါ်လိုအပ်နေတဲ့ လူနာအများစုဟာ အင်္ဂါလှူဒါန်းမှု အချိန်မီရဖို့ ခက်ခဲတာကြောင့် အချိန်လွန်သွားရတာတွေ ရှိပါတယ်။ ဒီအချက်ကြောင့် သိပ္ပံပညာရှင်တွေက လူရဲ့ ကိုယ်တွင်းအင်္ဂါမှ မဟုတ်ဘဲ မတူညီတဲ့ မျိုးစိတ်တွေကပါ ရယူဖို့ စတင် စမ်းသပ်လာကြတာပါ။ အဲ့ဒါကတော့ ဇီနိုထရန်(စ်)ပလန်တေးရှင်း (Xenotransplantation) ဆိုတဲ့၊ မတူညီတဲ့ မျိုးစိတ်နှစ်ခုရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အစားထိုးကုသတဲ့၊ တစ်နည်းအားဖြင့် တိရစ္ဆာန်ရဲ့ ကိုယ်တွင်းအင်္ဂါကို လူ့ခန္ဓာကိုယ်ထဲ ထည့်ပြီးကုသတဲ့ နည်းပေါ့။ အစားထိုးကုသရာမှာ တိရစ္ဆာန်ရဲ့ အသုံးအဝင်ဆုံး အင်္ဂါအစိတ်အပိုင်းတွေကတော့ နှလုံး၊ ကျောက်ကပ်၊ သွေး၊ ပန်ကရိယဆဲလ်အစုအဝေး (Pancreatic Islets)၊ အသည်းနဲ့ အဆုတ်တို့ပါပဲ။
ပထမဆုံးစမ်းသပ်ချက်
၁၉၆၀ အလွန်၊ ၁၉၆၃ ခုနှစ်မှာ ဇီနိုထရန်(စ်)ပလန်တေးရှင်း ရဲ့ အစလို့ ဆိုနိုင်တဲ့ စမ်းသပ်မှုတစ်ခုကို အမေရိကန်ခွဲစိတ်ဆရာ၀န် ကိသ် ရီမ်စမာ (Keith Reemtsma) က ပြုလုပ်ခဲ့ပါတယ်။ လူနာ ၁၃ ယောက်ကို ချင်ပန်ဇီမျောက်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသပေးခဲ့ပြီး၊ အဲဒီထဲက လူနာတစ်ယောက်ဟာ ကိုးလနီးပါးအထိ အသက်ရှင်ခဲ့တာကြောင့် ဒါဟာ ဒီနည်းပညာနဲ့ ပတ်သက်ပြီး အစောပိုင်းကာလရဲ့ အောင်မြင်မှုတစ်ခုလို့ ပြောနိုင်ခဲ့ပါတယ် (Cooper, 2012)။ ၁၉၈၄ ခုနှစ်မှာတော့ “Baby Fae” လို့ လူသိများတဲ့ မွေးကင်းစကလေးငယ်ကို ဘာဘွန်းမျောက် (Baboon) ရဲ့ နှလုံး အစားထိုးပေးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ လက်ခံသူရဲ့ ကိုယ်ခံအားစနစ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကြောင့် ကလေးငယ်ဟာ နောက်ထပ် ရက် ၂၀ ထိပဲ အသက်ဆက်နိုင်ခဲ့ပါတယ် (Deschamps et al., 2005)။
ခေတ်အဆက်ဆက်ကြုံခဲ့ရတဲ့ ပြဿနာများ
၁၆ ရာစုကတည်းက စတင်လေ့လာခဲ့တဲ့ ဒီနည်းကို ခေတ်အဆက်ဆက် စမ်းသပ်ကုသမှုတွေလုပ်ခဲ့ပြီး ကျရှုံးသွားတဲ့ အကြိမ်ရေတွေလဲ အများကြီး ရှိခဲ့ပါတယ်။ အဓိကအကြောင်းရင်းတွေကို ခုလို တွေ့နိုင်ပါတယ်။
၁။ သွေးခဲစနစ် ကမောက်ကမဖြစ်ခြင်း (Coagulation Dysregulation)
သွေးခဲခြင်းစနစ်ဆိုတာ ခန္ဓာကိုယ်က သွေးထွက်လွန်တဲ့အခါ သွေးထွက်နည်းအောင် အနာအပေါက်မှာ သွေးတွေ စုပုံပြီး ခဲသွားတဲ့ ဖြစ်စဉ်ပါ။ ဥပမာ- ရေပိုက်ပေါက်သွားတဲ့အခါ ပေါက်တဲ့နေရာကို ကော်နဲ့ ပိတ်ကပ်ပေးလိုက်သလိုပါပဲ၊ ပေါက်နေတဲ့ရေပိုက်ကို အသစ်ဖြစ်အောင်ပြင်တာမဟုတ်ဘဲ အထဲက ရေတွေမထွက်အောင် ထိန်းပေးတဲ့သဘောပေါ့။ ဒါပေမဲ့ လူ့သွေးကြောထဲက သွေးခဲခြင်းကို ထိန်းချုပ်တဲ့ စနစ်နဲ့ တိရစ္ဆာန်အင်္ဂါထဲက စနစ်တွေက သော့နဲ့ သော့အိမ်လို အံဝင်ခွင်ကျ ဖြစ်မနေပါဘူး။ ဒါကြောင့် အင်္ဂါချင်း ချိတ်ဆက်လိုက်တာနဲ့ မိနစ်ပိုင်းနဲ့တင် သွေးကြောငယ်လေးတွေထဲ သွေးတွေ ပုံမှန်မဟုတ်ဘဲ ခဲပိတ်သွားပြီး အစားထိုးအင်္ဂါတစ်ခုလုံး ပျက်စီးသွားတာပေ့ါ။
၂။ အင်္ဂါအရွယ်အစား မညီမျှခြင်း (Organ Size Mismatch)
အစောပိုင်း စမ်းသပ်ကာလမှာ ချင်ပန်ဇီ၊ ဘာဘွန်း စတဲ့ ပရိုင်းမိတ် (Primates – လူဝံနဲ့ မျောက်မျိုးနွယ်ဝင်) မျိုးစိတ်တွေကို စမ်းသပ်ခဲ့ကြပေမဲ့ မျောက်တွေကို အစားထိုးကုသမဲ့အရွယ်ထိရောက်ဖို့ ၈နှစ်ကနေ ၁၃နှစ်နီးပါးလောက် ကြာအောင် မွေးမြူရတာကြောင့် အရေးပေါ်လိုအပ်ချက်အတွက် အချိန်မီ မပံ့ပိုးနိုင်ပါဘူး။ နောက်ပြီး မျောက်တွေကို လူနဲ့ အနီးစပ်ဆုံးတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့သာ အသုံးပြုခဲ့ကြပေမဲ့ အင်္ဂါအရွယ်အစား မညီမျှတာကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာ မလည်ပတ်နိုင်ပါဘူး။
၃။ ကိုယ်ခံအားစနစ်ရဲ့ ငြင်းဆန်ခြင်း (Immunological Rejection)
အစားထိုးကုသမှုမှာ အဓိကအဟန့်အတားဖြစ်စေတဲ့အချက်ကတော့ လက်ခံသူရဲ့ ကိုယ်ခံအားစနစ် (Immune System) က အစားထိုး တိရစ္ဆာန်အင်္ဂါကို ‘ပြင်ပက ကျူးကျော်သူ’ အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်တိုက်ခိုက်ကြလို့ပါ။ ဒီလို တိုက်ခိုက်ခြင်းဖြစ်စဉ် ဖြစ်ပွားတဲ့ အချိန်ကာလအပေါ် မူတည်ပြီး အဆင့် ၃ ဆင့် ထပ်ခွဲလို့ရပါတယ် (Ekser et al., 2015)။
Hyperacute Rejection (မိနစ်ပိုင်းအတွင်း ဖြစ်ပွားသော တုံ့ပြန်မှု) –
အစားထိုးအင်္ဂါအတွင်း လူနာရဲ့ သွေး စီးဝင်သွားတာနဲ့တစ်ပြိုင်တည်း ကိုယ်ခံအားစနစ်က ချက်ချင်းတိုက်ခိုက်တာဖြစ်ပါတယ်။ အဲ့ဖြစ်စဉ်က မိနစ်ပိုင်းကနေ နာရီပိုင်းအတွင်း ဖြစ်လေ့ရှိပြီး၊ အစားထိုးအင်္ဂါကို ဆဲလ်အဆင့်အထိ လျင်လျင်မြန်မြန် ပျက်စီးစေတာပါ။ ဥပမာ- ဝက်ရဲ့ ဆဲလ်မျက်နှာပြင်ပေါ်မှာ Gal molecule လို့ခေါ်တဲ့ သကြားမော်လီကျူးလေးတွေ ရှိပါတယ်။ လူသားတွေရဲ့ ကိုယ်ခံအားစနစ်က ဒီမော်လီကျူးကို မြင်တာနဲ့ ‘ပြင်ပကျူးကျော်သူ’ အဖြစ် သတ်မှတ်ပြီး သွေးထဲမှာ အဆင်သင့်ရှိနေတဲ့ အံတီဘော်ဒီ (Antibody – ပဋိပစ္စည်း) တွေနဲ့ ချက်ချင်းတိုက်ခိုက်ကြတာပေါ့။ အံတီဘော်ဒီဆိုတာ ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားနဲ့ ပြင်ပပစ္စည်းတွေကို လိုက်လံရှာဖွေ ဖျက်ဆီးပေးတဲ့ ခုခံအားစနစ်သုံး ပရိုတင်းတစ်မျိုးပါ။
ဒါကြောင့်ပဲ ဝက်အင်္ဂါတွေကို လူမှာ အစားထိုးတဲ့အခါ မိနစ်ပိုင်းအတွင်းမှာတင် အင်္ဂါပျက်စီးသွားပြီး၊ ဒီဖြစ်စဉ်တစ်ခုလုံးကိုတော့ Hyperacute Rejection လို့ ခေါ်ပါတယ် (Hammer, 2011)။
Delayed Rejection (ရက်ပိုင်း/လပိုင်းအတွင်း ဖြစ်ပွားသော တုံ့ပြန်မှု) –
ဒီတုံ့ပြန်မှုကို သွေးကြောဆိုင်ရာ ပြင်းထန်တဲ့ ငြင်းဆန်မှု (Acute Vascular Rejection) လို့လဲ တစ်မျိုး ခေါ်နိုင်ပါတယ်။ ဒီဖြစ်စဉ်က ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွင်း လက်ခံသူရဲ့ ခန္ဓာကိုယ်ကြောင့် အစားထိုးအင်္ဂါသွေးကြောတွေ သွေးခဲခြင်း (Thrombosis) နဲ့ ရောင်ရမ်းခြင်း (Inflammation) ဖြစ်စေပြီး၊ အဲဒီအင်္ဂါဆီ သွေးစီးဆင်းမှု ရပ်တန့်စေတာပါ။
Chronic Rejection (နှစ်ရှည်လများကြာပြီးမှ ဖြစ်ပွားသော တုံ့ပြန်မှု) –
ဒါကတော့ ချက်ချင်းတုံ့ပြန်တာမျိုး မဟုတ်ဘဲ လပေါင်းများစွာ ဒါမှမဟုတ် နှစ်တွေနဲ့ချီ ကြာပြီးမှ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပါ။ ကိုယ်ခံအားစနစ်ရဲ့ စဉ်ဆက်မပြတ်တိုက်ခိုက်မှုကြောင့် အစားထိုးအင်္ဂါရဲ့ လုပ်ဆောင်ချက်တွေ တဖြည်းဖြည်း ကျဆင်းလာပြီး နောက်ဆုံးမှာ Graft failure လို့ခေါ်တဲ့ အင်္ဂါအပြီးတိုင်ပျက်စီးခြင်းဖြစ်စဉ်ထိ ရောက်သွားစေတာပါ။
၄။ တိရစ္ဆာန်မှ လူကို ရောဂါကူးစက်ခြင်း (Xenozoonosis)
တိရစ္ဆာန်ဆီက အင်္ဂါလက်ခံရယူတဲ့ လူသားဆီ ရောဂါကူးစက်ပြန့်ပွားခြင်းကို ‘ဇီနိုဇူနိုးစစ်’ (Xenozoonosis) လို့ခေါ်ပါတယ်။ အထူးသဖြင့် အသုံးပြုမဲ့ ဝက်ရဲ့ ဒီအန်အေ (DNA) ထဲမှာ အပြင်ကကူးစက်တာမျိုးမဟုတ်ဘဲ သဘာဝအလျောက် နဂိုကတည်းက ရှိတဲ့ PERVs (Porcine Endogenous Retroviruses) ဗိုင်းရပ်(စ်)တွေ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်(စ်)တွေက ဝက်တွေအတွက် အန္တရာယ်မရှိပေမဲ့ လူ့ခန္ဓာကိုယ်ထဲရောက်ရင်တော့ လူသားဆဲလ်တွေကို ကူးစက်နိုင်စွမ်း ရှိပါတယ်။ ပိုပြီး စိုးရိမ်စရာရှိတာက လက်ခံသူကနေတဆင့် တခြားလူတယောက်ကို ထပ်ကူးနိုင်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အသစ်တစ်ခုအထိ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေတာပါ။ ဒီအကြောင်းပြချက်တွေကြောင့်ပဲ ဇီနိုထရန်(စ်)ပလန်တေးရှင်း နည်းပညာကို လက်ရှိအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ကြတာပေါ့။
ဝက်တွေကို ဘာကြောင့် အဓိက သုံးကြတာလဲ . . . ?
အဖြေကတော့ ဝက်တွေရဲ့ ကိုယ်တွင်းအင်္ဂါအရွယ်အစားက လူတွေရဲ့ အင်္ဂါအရွယ်စားနဲ့ အနီးစပ်ဆုံး တူညီနေတာက တစ်ကြောင်း၊ နောက်တစ်ခုက ဝက်တွေက မျောက်တွေလို အရွယ်ရောက်ဖို့ အချိန် နှစ်ချီပြီး စောင့်စရာ မလိုတာတွေကြောင့်ပါ။ ဝက်တွေ ကြီးထွားဖွံ့ဖြိုးပြီး မျိုးပွားနိုင်တဲ့ အရွယ်ရောက်ဖို့ အချိန်ဟာ ၆လကနေ ၈လလောက်ပဲ ကြာတာမလို့ နောက်ပိုင်းမှာ မျောက်တွေအစား ဝက်တွေကို ပိုအသုံးပြုလာကြတာပါ။
အောင်မြင်ခဲ့ရင် ရရှိနိုင်မဲ့ ကောင်းကျိုးများ
အဆိုးနဲ့ အကောင်းဆိုတာ အမြဲဒွန်တွဲနေတာကြောင့် ဒီနည်းလမ်းမှာ စိန်ခေါ်မှု ဆိုးကျိုးတွေအများကြီး ရှိနေသလို၊ အကောင်းဘက်ကကြည့်ရင်လဲ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
ပထမဆုံးအနေနဲ့၊ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း အင်္ဂါလှူဒါန်းသူ (Organ Donor) အရေအတွက်ဟာ လိုအပ်ချက်ထက် အဆပေါင်းများစွာ နည်းပါးနေတာပဲ။ ဇီနိုထရန်(စ်)ပလန်တေးရှင်း နည်းပညာသာ အောင်မြင်ခဲ့မယ်ဆိုရင် လူနာတွေအနေနဲ့ လှူဒါန်းသူတွေကို အချိန်တစ်ခုထိ စောင့်နေစရာမလိုတော့ဘဲ အချိန်မီ အစားထိုးကုသနိုင်မှာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ လက်ရှိကုသဖို့ ခက်ခဲနေတဲ့ အခြားရောဂါတွေအတွက်ပါ မျှော်လင့်ချက်အသစ်တွေ ရှိလာနိုင်ပါတယ်။ ဥပမာ – ဆီးချိုအမျိုးအစား ၁ (Type 1 Diabetes) လိုမျိုး ရောဂါတွေမှာ ဝက်ရဲ့ ပန်ကရိယဆဲလ်အစုအဝေးတွေကို အသုံးပြုပြီး၊ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ဖို့အထိ မျှော်လင့်ချက်ရှိနေပါတယ်။
ဆက်လက်စောင့်ကြည့်ရမဲ့အချက်
လက်ရှိအချိန်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ဝက် (Genetically Modified Pigs) တွေကို အဓိကသုံးစွဲဖို့ ကြိုးစားနေကြပါတယ်။ အထူးသဖြင့် ‘မျိုးရိုးဗီဇညှပ်ကတ်ကြေး’ လို့ ခေါ်ကြတဲ့ CRISPR-Cas9 နည်းပညာကို သုံးပြီး ဝက်ရဲ့ ဒီအန်အေထဲက အန္တရာယ်ရှိတဲ့ဗိုင်းရပ်စ် (PERVs) တွေကို ဖယ်ရှားတာမျိုးနဲ့ လူ့ကိုယ်ခံအားစနစ်က လက်ခံနိုင်စေမဲ့ လူ့ဗီဇ (Human Genes) တွေကို ထည့်သွင်းတာတွေဟာ အလားအလာရှိတဲ့ကိစ္စတွေပါ (National Institutes of Health, 2022)။ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဒေးဗစ် ဘင်းနတ် (David Bennett) နဲ့ လောရန့်(စ်) ဖော့ဆက် (Lawrence Faucette) တို့ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံး အစားထိုးပေးခဲ့တဲ့ ဖြစ်စဉ်တွေဟာလဲ ဆေးပညာလောကကို အကြီးအကျယ် လှုပ်ခတ်စေခဲ့ပါတယ် (Platt & Cascalho, 2023)။ သူတို့ဟာ အစားထိုးကုသပြီးနောက် လပိုင်းလောက်ပဲ အသက်ရှင်ခဲ့တယ်ဆိုပေမဲ့၊ ဒါဟာ ဇီနိုထရန်(စ်)ပလန်တေးရှင်း နည်းပညာကို လက်တွေ့ဆေးနယ်ပယ်ထဲမှာ အောင်အောင်မြင်မြင် လုပ်ဆောင်ဖို့ အရွေ့တစ်ခု ဖြစ်စေခဲ့တာပေါ့လေ။
သိပ္ပံနဲ့ လူ့ကျင့်ဝတ်
တစ်နေ့တခြား တိုးတက်လာတဲ့ နည်းပညာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပုံမှန်ထက်ပိုတဲ့ အကူအညီတွေရစေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ နောက်ထပ်ရှုထောင့်အနေနဲ့ တိရစ္ဆာန်တွေဆီက ကိုယ်အင်္ဂါတွေကို ယူပြီး လူတွေမှာ ပြန်အစားထိုးကုသနိုင်လို့ လူတွေရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်တယ်ဆိုပေမဲ့၊ တစ်ဖက်မှာ ပြန်ရင်းလိုက်ရတာကလဲ အသက်တစ်ချောင်းစီရှိတဲ့ သတ္တဝါတွေ ဖြစ်နေပြန်တယ်။ ဒါကလဲ ဒီနည်းကို ကျယ်ကျယ်ပြန့်ပြန့် မစမ်းသပ်နိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲကတစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။
ဒါ့အပြင် လက်ရှိမှာ ဝက်တွေနဲ့ အဓိကထား စမ်းသပ်နေကြတာမို့ မတူညီတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု ယုံကြည်ချက်တွေကြားမှာ ဘယ်လိုညှိနှိုင်းကြမလဲဆိုတာကလဲ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။ သိပ္ပံပညာက လူ့အသက်ကို ကယ်တင်ဖို့ ကြိုးစားနေတာ မှန်ပေမဲ့၊ အခြားတစ်ဖက်မှာလဲ အသက်ရှင်ဖို့အတွက် တိရစ္ဆာန်တွေကို ‘ကုန်ကြမ်း’ တစ်ခုလို သဘောထားပြီး စက်ရုံသွင်ပြင် အစုလိုက်အပြုံလိုက် မွေးမြူလာကြမဲ့အရေးက လူသားဆန်မှုနဲ့ လူ့ကျင့်ဝတ်ပိုင်း ချိန်ခွင်လျှာကို ယိမ်းယိုင်စေနိုင်ပါတယ်။
နိဂုံး
တကယ်ပဲ ဒီနည်းက လက်တွေ့အလုပ်ဖြစ်လာခဲ့ရင် တွေးစရာရှိတာက တိရစ္ဆာန်မျိုးစိတ် မလျော့နည်း မပျက်သုဉ်းသွားအောင် ဘယ်လိုထိန်းသိမ်းကြမလဲ . . . ? ဒါကို တရားဝင်သတ်မှတ်လိုက်ရင် အင်္ဂါအစိတ်အပိုင်းရယူဖို့အတွက် မှောင်ခိုတိရစ္ဆာန်ဈေးကွက် (Illegal Wildlife Trade) ပေါ်လာနိုင်ခြေရှိသလား . . . ? ဒီလိုသာဆို ကျွန်တော်တို့ ဆက်မဲ့ အသက်ကြိုးတွေက တစ်ဖက်မှာကျ ဖြတ်တောက်ခံလိုက်ရမဲ့ ကြိုးတွေ ဖြစ်မနေဘူးလား . . . ? သေချာရေရာမှုမရှိသေးတဲ့ လောလောဆယ်အခြေအနေမှာတော့ မေးခွန်းတွေသာ တိုးလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ပေါ်နည်းပညာတွေနဲ့အတူ လူ့ဘောင်လူ့စည်းထဲက လူ့ကျင့်ဝတ်တွေကိုလဲ မေ့လျော့နေလို့ ပစ်ပယ်ထားလို့ မဖြစ်ပါဘူး။ တစ်ဖက်က တိုးတက်လာတာနဲ့အမျှ တစ်ဖက်က ကျဆင်းသွားတာက ချိန်ခွင်တွေရဲ့ သဘာဝပဲ မဟုတ်လား။ အဲဒီချိန်ခွင်လျှာ ညီမျှနေစေဖို့ ဆိုရင်တော့ . . . ။ ။

