April 18, 2026 | မြန်မာ
Home The Tangled Tree Section 2
Part I: Darwin's Little Sketch
Section 2

ဒါဝင့်ပုံကြမ်းလေး — ၂

6 min read · 9 Mar 2026 · 10 chapters total

အဲဒီစာကြောင်း ရေးပြီးတော့ ဒါဝင်တစ်ယောက် တစ်ခုခုကို သဘောပေါက်သွားသလို ထိုင်ခုံမှာ မှီချရင်း အားပါးတရ သက်ပြင်းရှိုက်မိသွားသလားတော့ ကျွန်တော်တို့လဲ မသိနိုင်ပါဘူး၊ ဒါပေမဲ့ ဒီလို ခံစားချက်မျိုးပဲ ဖြစ်ခဲ့မှာပါ။ သူ့မှာ ခံစားပိုင်ခွင့် ရှိတာကိုး။

နောက်၊ သူ ဆက်ရေးခြစ်ကြည့်တယ်။ သက်ရှိသစ်ပင်က “အခက်အလက်တွေ သဏ္ဌာန်မမှန်ဘဲ ဖြာထွက်နေတာ” လို့ သူ့ရဲ့ မှတ်စု B ထဲ ရေးခဲ့တယ်၊ “တချို့အကိုင်းအခက်တွေဆိုရင် တခြားအကိုင်းတွေထက်တောင် ပိုစိတ်ဖြာထွက်နေသေးတာ” တဲ့။ ကိုင်းကြီးတွေကနေ ကိုင်းသေးလေးတွေ ထပ်ခွဲထွက်တယ်၊ အဲဒီကမှ အခက်အလက်လေးတွေ ဆက်ပွင့်လာတယ်လို့ ဒါဝင် ရေးထားတယ်။ “ဒါကြောင့်ပဲ Genera (မျိုးစု) ဆိုတာ ဖြစ်လာတာ” တဲ့ — အဖူးအပွင့်လေးတွေ၊ ဒါမှမဟုတ် ကိုင်းထိပ်က အညွန့်လေးတွေကို ကိုယ်စားပြုတဲ့ Species (မျိုးစိတ်) တွေထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ သတ်မှတ်ချက်ပေါ့။ တချို့အဖူးလေးတွေကတော့ ရှေ့ဆက် မကြီးထွားတော့ဘဲ သေသွားတတ်ကြတယ် — မျိုးစိတ်တွေ မျိုးသုဉ်းသွားတာ၊ မျိုးဆက်ပြတ်သွားတာပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဖူးသစ်စလေးတွေဟာလဲ တစ်နည်းနည်းနဲ့ ပွင့်အာရှင်သန်လာပြန်ရော။ တကယ်တော့ မျိုးသုဉ်းပျောက်ကွယ်တယ်ဆိုတဲ့ အယူအဆက အဲဒီခေတ်ရဲ့ သဘာဝပညာရှင်တွေနဲ့ ဒဿနသမားတွေကြားထဲ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ် — ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေက ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆကြပေမဲ့ ဒါဝင်အတွက်တော့ ‘မျိုးစိတ်တစ်ခု သေဆုံးသွားတာ’ ဟာ သက်ရှိတစ်ကောင် သေဆုံးသွားသလိုထက် ထူးပြီး ဆန်းမနေဘူးလို့ လက်ခံထားတာပါ။ အမှန်က မျိုးသုဉ်းခြင်းဟာ သဘာဝအရတင် မက၊ မဖြစ်မနေလဲ လိုအပ်တဲ့ ဖြစ်စဉ်ပါပဲ — မျိုးစိတ်ဟောင်းတွေ ပျောက်ကွယ်သွားမှသာ မျိုးစိတ်သစ်တွေအတွက် နေရာ ရလာမှာ မဟုတ်လား။ ဒါနဲ့ သူ ဆက်ရေးတယ် — “သက်ရှိသစ်ပင် (Tree of Life) လို့ ခေါ်မဲ့အစား သက်ရှိသန္တာကျောက်တန်း (Coral of Life) လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်၊ အောက်ခြေက ကိုင်းဟောင်းတွေ သေသွားကြပြီ” တဲ့။ ရှေးကျတဲ့ မျိုးရိုးပုံစံတွေ ပျောက်ကွယ်သွားကြပြီလို့ ဆိုလိုချင်တာပါ။ ဒါဝင်က သန္တာကျောက်တန်းတွေအကြောင်းလဲ တီးမိခေါက်မိ ရှိပါတယ်။ ဘီဂဲလ်ခရီးစဉ်တုန်းက အိန္ဒိယသမုဒ္ဒရာအရှေ့ဘက်က ကီလင်းကျွန်း (Keeling Atoll) နဲ့ တခြားနေရာတွေမှာ သန္တာကျောက်တန်းတွေ ကိုယ်တိုင် မြင်ခဲ့ဖူးတာကိုး။ ဒီအရာတွေက သူ့အာရုံကို ဖမ်းစားနိုင်ခဲ့လို့ သန္တာကျောက်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတဲ့ သီအိုရီတစ်ခု ထုတ်ခဲ့သလို မှတ်စုစာအုပ်ထဲ ဒီအကြောင်းရေးပြီး ငါးနှစ်အကြာ၊ ၁၈၄၂ ခုနှစ်မှာလဲ သန္တာကျောက်တန်းတွေအကြောင်း စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါသေးတယ်။ ဒါဝင့်စိတ်ထဲက သန္တာကျောက်က ဦးနှောက်လို၊ စားပွဲလို ပုံစံနဲ့ သန္တာကျောက်မျိုး မဟုတ်ဘဲ သစ်ကိုင်းလို အခက်ဖြာထွက်နေတဲ့ အမျိုးအစားပါ — တင်စားဖို့ သိပ်ကောင်းတယ်လို့ သူ ယူဆခဲ့ပါတယ်။ အကြောင်းက သန္တာကျောက်တွေရဲ့ အောက်ခြေကိုင်းမှာ သက်မဲ့ထုံးကျောက်အကြွင်းအကျန် (Skeleton) တွေအဖြစ် ကျန်ရစ်တာက မျိုးသုဉ်းသွားတဲ့ ရှေးမျိုးစိတ်တွေနဲ့ တူနေပြီး အပေါ်ကို ကိုင်းဖြာတိုးတက်နေတဲ့ သန္တာကောင်လေးတွေ (Polyps) ကတော့ ရှင်သန်နေဆဲ သက်ရှိမျိုးစိတ်တွေ ဖြစ်ကြလို့ပါ။ ဒါပေမဲ့ “သက်ရှိသန္တာကျောက်တန်း” ဆိုတဲ့ တင်စားချက်က “သက်ရှိသစ်ပင်” လောက် နားထဲ စွဲစွဲမြဲမြဲ မရှိတာကို ဒါဝင်ကိုယ်တိုင်လဲ ခံစားမိပုံပါပဲ။ မှတ်စုစာအုပ် B ရဲ့ စာမျက်နှာ ၂၆ မှာ သန္တာကျောက်ကိုင်း သုံးကိုင်း ဖြာထွက်နေတဲ့ ပုံကြမ်းလေးတစ်ခုကို ခဲတံနဲ့ ခပ်ဖွဖွ ဆွဲပြီး အောက်ခြေက သေနေတဲ့ အပိုင်းတွေကိုတော့ အစက်လေးတွေနဲ့ ခြယ်ပြကြည့်တယ်။ အဲဒါပြီး နောက်ပိုင်းမှာတော့ ဒါဝင်တစ်ယောက် သန္တာကျောက်တန်း တင်စားချက်ကို ဆက်မသုံးဖြစ်တော့ဘဲ အပြီးလွှင့်ပစ်လိုက်လေရဲ့။

Charles Darwin and His Study of Finch Species
Britannica Image

သက်ရှိသစ်ပင်ဆိုတဲ့ တင်စားချက်က ပိုကောင်းပါတယ်။ ဒီအသုံးအနှုန်းက ၁၈၃၇ ခုနှစ်မှာတောင် လူတွေ လေးစားလက်ခံထားပြီးသား ရှေးအယူအဆတစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့် ဒါဝင်လဲ အသစ်ထွင်နေမဲ့အစား သူ့ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီနဲ့ ကိုက်ညီအောင် ဒါကိုပဲ လက်သင့်ရာ ယူသုံးလိုက်တာပဲ။ အဲဒီလို ယူသုံးလိုက်တာဟာ သက်ရှိသစ်ပင်အယူအဆရဲ့ နဂိုအဓိပ္ပါယ်ကိုတော့ အကြီးအကျယ် ဆန့်ကျင်ပြောင်းလဲသွားစေတာပေါ့။ ထားပါ၊ ဒါဝင် ဒါတွေ မမှုပါဘူး။ မှတ်စုစာအုပ်ရဲ့ နောက်ထပ် စာမျက်နှာ ၁၀ ရွက် အကျော်လောက်မှာ သက်ဝင်လှုပ်ရှားမှု ပိုရှိပြီး ရှုပ်ထွေးတဲ့ ပုံကြမ်းတစ်ခုကို ခဲသားထူထူနဲ့ ဒါဝင် ဆွဲချလိုက်တယ်။ ပင်စည်မကြီးကနေ အကိုင်းကြီး ၄ ကိုင်းနဲ့ တခြားအကိုင်းငယ်လေးတွေ အသီးသီး ခွဲဖြာထွက်သွားတဲ့ပုံပေါ့။ အကိုင်းကြီးတစ်ခုစီကနေ အခက်အလက်တွေ ထပ်ပြီး စုဝေးဖြာထွက်နေတယ်၊ အဲဒီအစုအဝေးတွေထဲက အကိုင်းတစ်ခုစီမှာ အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး နာမည်တပ်တယ်။ သစ်ပင်ရဲ့ ထိပ်ဖျားဘက်မှာ ဘီနဲ့ စီ အကိုင်းတွေ နီးနီးစပ်စပ် ရှိနေကြသလို အကိုင်းအခက်အုပ်စုချင်းလဲ ကပ်လျက်ပဲ။ သဘောက အဲဒီအကိုင်းပေါ်က သက်ရှိတွေကြားမှာ နီးစပ်တဲ့ ဆွေမျိုးတော်စပ်မှု ရှိတယ်ပေါ့။ အေကတော့ သစ်ပင်ထိပ်ဖျားရဲ့ တစ်ဖက်ခြမ်း ခပ်လှမ်းလှမ်းကို ရောက်နေတယ် — အမျိုးဝေးတာကို ပြတာပေါ့၊ ဝေးပေမဲ့ ဆွေမျိုးတော့ တော်ဆဲပါပဲ။ ဒီအက္ခရာတွေက ယာယီသဘော ထည့်ထားတာမျိုးပါ။ ရှင်သန်နေဆဲ သက်ရှိမျိုးစိတ်တွေ၊ ဒါမှမဟုတ် မျိုးစုတွေကို ကိုယ်စားပြုတာမျိုး ဖြစ်နိုင်ပါတယ်။ ကြောင်မျိုးစု (Felis)၊ ခွေးမျိုးနွယ် (Canis)၊ မြေခွေး (Vulpes)၊ ဂေါ်ရီလာ (Gorilla) . . . စသဖြင့်ပါ။ သူ့စိတ်ထဲ ဘာရှိသလဲ အတိအကျတော့ ကျွန်တော်တို့လဲ မပြောတတ်ပါဘူး၊ သူကိုယ်တိုင်လဲ အဲဒီလောက် တိတိကျကျ မရည်ညွှန်းချင်ခဲ့ပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စိတ်ကူးသက်သက်ပေမဲ့ သိပ်ကို ထိမိအားကောင်းတဲ့ တင်ပြချက် အဆိုတစ်ရပ်ပါပဲ။ လက်ရှိအချိန်မှာ ဒီပုံကြမ်းလေးကို ပြန်ကြည့်တာနဲ့ သစ်ကိုင်းတွေကြားထဲ အညွှန်းတပ်ထားတဲ့ အခက်တွေက တစ်ဆင့် သက်ရှိအားလုံးဟာ ဘုံဘိုးဘေး (Common ancestor) ဆီကနေ ဘယ်လို ကိုင်းဖြာခွဲထွက်လာသလဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်ကြည့်နိုင်ပါတယ်။

အဲဒီပုံကြမ်းရဲ့ အပေါ်နားလေးမယ်တော့ ဒါဝင်တစ်ယောက် ခပ်ရို့ရို့လေး ရေးထားရှာတယ်။
“ကျွန်တော် ထင်တာကတော့ . . . (I think)” တဲ့။

အခန်း ၁၊ အပိုင်း ၂
ပြီးပါပြီ

သိပ္ပံကို သင်ချစ်ပါသလား?

Get the best of Fact Hub Myanmar — science stories, fact-checks and explainers — straight to your inbox. Free, always.

No spam. Unsubscribe any time.