တကယ်တော့ ‘သက်ရှိသစ်ပင်’ ဆိုတဲ့ စကားလုံးကို ဒါဝင် အသစ်ထွင်ခဲ့တာ မဟုတ်သလို ဒါဝင့်ကြောင့်ပဲ အဲဒီအသုံးက တမူထူးသွားတာ မဟုတ်ဘူး၊ သူ့သီအိုရီအတွက် ရည်ရွယ်ချက်အသစ်နဲ့ ပြန်သုံးခဲ့တာပဲ ရှိတာ။ ကျွန်တော်တို့ အတွေးတွေထဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားတဲ့ တခြားတင်စားချက်တွေလိုပဲ ဒီစကားလုံးဟာလဲ အရစ္စတိုတယ် (Aristotle) နဲ့ သမ္မာကျမ်းစာလို နေရာတွေကနေ ပုံစံအမျိုးမျိုးပြောင်းပြီး ပဲ့တင်ထပ်-ဆင်းသက်လာခဲ့တာပါ။ (ဘာလို့ ဒီလိုကိစ္စတွေဆို အရစ္စတိုတယ်ဆီပဲ အမြဲ ပြန်ရောက်သွားရသလဲ မေးနိုင်ပါတယ်၊ ပြောရရင် အဲဒါကြောင့်ပဲ သူ အရစ္စတိုတယ် ဖြစ်နေရတာလေ။) သမ္မာကျမ်းစာထဲမှာတော့ ဒါက အစနဲ့ အဆုံးကို ချိတ်ဆက်ပေးထားတဲ့ ပြယုဂ်ကြီး တစ်ခု၊ ကမ္ဘာဦးကျမ်း (Genesis) အခန်းကြီး ၃ မှာ အာဒံနဲ့ ဧဝ ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံရချိန် ဒီသက်ရှိသစ်ပင်အကြောင်း စ,ပါလာပြီး ဂျိမ်းစ်ဘုရင်မူ ဗျာဒိတ်ကျမ်း (Revelation, King James Version) ရဲ့ နောက်ဆုံးစာမျက်နှာမှာလဲ ဆက်တွေ့ရပါတယ် — အနောက်တိုင်း ယဉ်ကျေးမှုထဲ စိမ့်ဝင်ပျံ့နှံ့သွားဖို့ရာ သိပ်ကောင်းတဲ့ နေရာယူမှုပါ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂၊ အခန်းငယ် ၁ နဲ့ ၂ မှာတော့ ကျမ်းရေးသူ ပရော်ဖက်က သူမြင်ရတဲ့ ပီတိဖြာဖွယ် အာရုံထဲ ဘုရားသခင်ရဲ့ ပလ္လင်တော်ကနေ ကြည်လင်နေတဲ့ ‘အသက်စမ်းရေ’ (Water of life) တွေ မြစ်တစ်စင်းလို သွင်သွင်စီးလာရင်း အဲဒီမြစ်ရဲ့ နံဘေးမယ်တော့ ‘သက်ရှိသစ်ပင်’ ပေါက်ရောက်နေပြီး အဲဒီအပင်က လစဉ်အသီးသီးသလို သူ့ရဲ့ အရွက်တွေကလဲ ‘လူမျိုးနွယ်တွေကို ကုသပေးဖို့ ဖြစ်တယ်’ လို့ ဆိုထားပါတယ်။ ဒီအပင်ဟာ ခရစ်တော်ကို ကိုယ်စားပြုတာ ဖြစ်နိုင်သလို လောကကြီးဆီ သစ်အုသစ်ဖု ကောင်းချီးတွေနဲ့ ဖြန့်ကျက်ပေးတာကို ဆိုလိုတာ ဖြစ်နိုင်သလို ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ ဒါမှမဟုတ် ခရစ်ယာန်အသင်းတော်ကို ရည်ညွှန်းတာလဲ ဖြစ်နိုင်တာပါပဲ။ ဒီကျမ်းပိုဒ်ရဲ့ အဓိပ္ပါယ်အတိအကျကို သိဖို့ ခက်သလို ဘာသာပြန်ပုံတွေလဲ ကွဲတော့ (အပင်တစ်ပင်တည်းလား၊ အများကြီးလား ဆိုတာမျိုး) က ပိုရှုပ်ထွေးစေပါတယ်။ ဆိုလိုချင်တဲ့ သဘောက ‘သက်ရှိသစ်ပင်’ ဆိုတာ ရှေးကတည်းက ရှိခဲ့တဲ့ ကဗျာဆန်ဆန် နိမိတ်ပုံတစ်ခု ဖြစ်ပြီး အနောက်ပိုင်းအတွေးအခေါ်တွေထဲ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုလို့ ရတဲ့၊ ကာလရှည်ကြာ တည်ရှိနေခဲ့တဲ့ စကားစုတစ်ခုဆိုတာပါပဲ။
ဘီစီ ၄ ရာစုမှာ အရစ္စတိုတယ် ရေးခဲ့တဲ့ တိရစ္ဆာန်သမိုင်း (History of Animals) စာအုပ်ထဲမှာတော့ ‘သက်ရှိသစ်ပင်’ ဆိုတာ သစ်ပင်ပုံစံ မဟုတ်သေးပါဘူး။ ‘သဘာဝရဲ့ လှေကား’ (Ladder of Nature)၊ ဒါမှမဟုတ် လက်တင်လို ခေါ်ကြတဲ့ scala naturae ပုံစံမျိုးပါ။ အရစ္စတိုတယ်ရဲ့ အဆိုအရ သဘာဝလောကကြီးရဲ့ မတူကွဲပြားမှုတွေဟာ မြေကြီးနဲ့ မီးလိုမျိုး သက်မဲ့အရာတွေကနေ တိရစ္ဆာန်လို သက်ရှိတွေဆီ ‘တဖြည်းဖြည်းချင်း’ ကူးပြောင်းသွားတာ ဖြစ်ပြီး တစ်ဆင့်နဲ့ တစ်ဆင့်ကြား ကွဲပြားမှုက သိပ်သိမ်မွေ့လွန်းတော့ တစ်ခုနဲ့တစ်ခု တိတိကျကျ နယ်စည်းမျဉ်းသား ခွဲခြားဖို့တောင် မဖြစ်နိုင်ဘူးလို့ သူက ယူဆခဲ့ပါတယ်။ ဒီအယူအဆက အလယ်ခေတ်နဲ့ အဲဒီနောက်ပိုင်းအထိ အသုံးဝင်နေဆဲပါပဲ၊ ၁၆ ရာစု သစ်ထွင်းပန်းချီလက်ရာတွေထဲ ‘သက်ရှိတို့ရဲ့ သံချိန်းကြိုးကြီး’ (Great Chain of Being) တို့၊ ‘ဉာဏ်ပညာ တက်ဆင်းရာ လှေကား’ (Ladder of Ascent and Descent of the Intellect) တို့လိုတွေမှာ ကျောက်ခဲ၊ ရေ စတဲ့ သက်မဲ့ဒြပ်တွေက စပြီး အပင်၊ သတ္တဝါ၊ ပြီးတော့ လူသား၊ ကောင်းကင်တမန်၊ နောက်ဆုံးမှာ ဘုရားသခင်ဆီ လှေကားတစ်ထစ်ချင်းစီ တက်သွားတာမျိုး တွေ့ရတတ်တာပါ။ လက် ဇက်ပလင် (Led Zeppelin) အဖွဲ့ရဲ့ “Stairway to Heaven” သီချင်း မထွက်ခင် ရာစုနှစ်ဝက်လောက်ကတည်းက ရှိနေခဲ့တဲ့ ‘ကောင်းကင်ဘုံသွား လှေကား’ ပေါ့။

Rhetorica Christiana
၁၇၄၅ ခုနှစ်လောက်အထိကို ဆွစ်ဇာလန်လူမျိုး သဘာဝသိပ္ပံပညာရှင် ချားလ်စ် ဘွန်နေး (Charles Bonnet) က ဒီလို တစ်ပြေးညီဆန်ပြီး မျဉ်းဖြောင့်သဏ္ဌာန် လှေကားထစ်ပုံစံကိုပဲ ပြန်သုံးနေခဲ့သေးတယ်။ အဲဒီအချိန်က တခြား အလင်းပွင့်ခေတ် (Enlightenment) တွေးခေါ်ရှင်တွေနဲ့ အနုပညာရှင်တွေကတော့ သဘာဝတရားရဲ့ မတူကွဲပြားမှုကို သစ်ခက်သစ်လက်တွေနဲ့ ဘေးတိုက်ဖြာထွက်တဲ့ ပုံစံတွေ စ,ပုံဖော်နေကြပါပြီ။ ဘွန်နေး အဲဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ အင်းဆက်တွေအကြောင်း စာအုပ်ထဲ ‘သဘာဝသက်ရှိတို့ရဲ့ လှေကားထစ်အယူအဆ’ ဆိုတဲ့ ခေါက်ချိုးပုံကားချပ်တစ်ခု ပါလာပြီး အောက်ခြေမှာ မီး၊ ရေ၊ လေ၊ နောက် မြေကြီးနဲ့ ဓာတ်သတ္ထုတွေ၊ အပေါ်ကို ဆက်တက်ရင် မှို၊ ရေညှိ၊ အပင်တွေ၊ ပြီးတော့ ပင်လယ်မှော်ပန်းတွေ၊ သန်ကောင်တွေ၊ ခရုတွေ၊ ထပ်တက်တော့ ငါးတွေ၊ ပျံနိုင်တဲ့ ငါးတွေ၊ ငှက်တွေ၊ ငှက်တွေရဲ့ အပေါ်မှာကျ လင်းနို့နဲ့ ရှဉ့်ပျံတွေ၊ ပြီးတော့မှ ခြေလေးချောင်းသတ္တဝါတွေ၊ မျောက်တွေ၊ လူဝံတွေနဲ့ နောက်ဆုံးမှာတော့ လူသားတွေဆိုပြီး ဒေါင်လိုက် အဆင့်ဆင့် စီထားလေရဲ့။ သူ့ရဲ့ ယုတ္တိကို သတိထားမိလား . . .?။ ပျံနိုင်တဲ့ ငါးတွေက ပျံနိုင်လို့ တခြားငါးတွေထက် သာတယ်၊ လင်းနို့နဲ့ ရှဉ့်ပျံတွေက နို့တိုက်သတ္တဝါတွေမို့ ငှက်တွေထက် အဆင့်မြင့်တယ်၊ လူဝံနဲ့ လူသားတွေက နို့တိုက်သတ္တဝါတွေထဲ အတော်ဆုံးဖြစ်ပြီး လူတွေကတော့ အားလုံးရဲ့ အထက်မှာပေါ့။ ဘွန်နေးက ရှေ့နေအလုပ်နဲ့ အသက်မွေးတာ ဖြစ်ပေမဲ့ အင်းဆက်တွေနဲ့ အပင်တွေကို လေ့လာရတာ ဝါသနာထုံပါတယ်။ ဂျနီဗာသမ္မတနိုင်ငံသားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ပြင်သစ်ဘိုးဘွားတွေဟာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ခံရလို့ ပြင်သစ်ကနေ ထွက်ပြေးလာခဲ့ကြရတာပါ။ ဒါကြောင့်လဲ သူ့လှေကားထစ်မှာ ဘုရားသခင်နဲ့ မဆုံးဘဲ လူသားနဲ့ အဆုံးသတ်ထားတာက တိုက်ဆိုင်မှု ဘယ်ဟုတ်ပါ့မလဲ။
ဘွန်နေးရဲ့ သက်ရှိတွေ အဆင့်ဆင့်စီထားတဲ့ ဇယားမှာ ဘုရားသခင်အပြင် နောက်ထပ် ထူးထူးခြားခြားမပါတာ တစ်ခုက အဏုဇီဝပိုးမွှားလေးတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကတည်းက ဒတ်ချ်လူမျိုး ရှေ့ဆောင်လမ်းပြ အဏုကြည့်မှန်ပြောင်း ပညာရှင် အန်တိုနီ ဗန် လီဗင်ဟွတ်ခ် (Antoni van Leeuwenhoek) က ဘက်တီးရီးယားတွေ၊ ပရိုတိုဇိုအာတွေနဲ့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတဲ့ တခြား ‘သတ္တဝါငယ်လေးတွေ’ (Animalcules) ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပေမဲ့ ဘွန်နေးကတော့ ဒီအဏုဇီဝပိုးမွှားလေးတွေကို လုံးဝ အရေးမလုပ်ခဲ့ဘူး။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝမှာ ပေါလ် ဒီ ခရပ်ဖ် (Paul De Kruif) ရေးတဲ့ “ပိုးမွှားမုဆိုးများ” (Microbe Hunters) ဆိုတဲ့ စာအုပ် (တကယ်တော့ ဒီစာအုပ်က ကိုယ်တိုင်လုပ်ကြံဖန်တီးထားတဲ့ စကားပြောခန်းတွေ၊ မဟုတ်ကဟုတ်က အချက်အလက်တွေနဲ့ ပြည့်နေတဲ့ စာအုပ်စုတ်ကြီး၊ သို့သော် ဒီဘာသာရပ်ကို လူတွေ စ,ထိတွေ့ချင်လာအောင်တော့ အတော် လမ်းဖွင့်ပေးနိုင်ခဲ့တယ်) အပြင် တခြားသိပ္ပံပုံပြင်စာအုပ်တွေ ဖတ်ရင်း လီဗင်ဟွတ်ခ်ရဲ့ နာမည်ကို ရင်းနှီးလောက်မှာပါ။ ဒါပေမဲ့ လီဗင်ဟွတ်ခ်ဟာ နယ်သာလန်က ဒက်လ်ဖ် (Delft) မြို့မှာနေတဲ့ အထည်သည်တစ်ယောက်ဆိုတာတော့ လူတွေ သိပ်သတိမထားမိကြပါဘူး။ သူက ပိတ်စတွေရဲ့ ချည်မျှင်အရေအတွက်ကို သေချာစစ်ဆေးနိုင်ဖို့ လက်လုပ်မှန်ဘီလူးတွေ ကိုယ်တိုင်တီထွင်ရင်း ဒီနယ်ပယ်ထဲ ရောက်လာခဲ့တာပါ။ နောက်တော့ စူးစမ်းချင်စိတ်သက်သက်နဲ့ တခြားအရာတွေ မှန်ဘီလူးနဲ့ လိုက်ကြည့်ရင်း အံ့ဩဖွယ်ရာတွေ ရှာဖွေတွေ့ရှိခဲ့တာပဲ — ကန်ရေတွေ၊ မိုးရေတွေ၊ ရေနုတ်မြောင်းတွေထဲက ရေတွေထဲမှာတင် မကဘဲ သူ့ရဲ့ သွားချေးတွေထဲမှာပါ သတ္တဝါသေးသေးလေးတွေ အုပ်စုလိုက် ရှင်သန်နေတာကို သူ သိရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။
လီဗင်ဟွတ်ခ်ရဲ့ အဏုဇီဝသက်ရှိတွေနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား ရှာဖွေတွေ့ရှိမှုတွေကို လန်ဒန်တော်ဝင်အသင်း (Royal Society of London) ဂျာနယ်မှာ ဖော်ပြခဲ့ပြီး ဥရောပတစ်ခွင်က သိပ္ပံလောကမှာလဲ အတော်လေး ဟိုးလေးကျော်ခဲ့တာပါ။ ဒီ့တိုင် ချားလ်စ် ဘွန်နေးက ဒီ ‘ပိစိကွိစ သတ္တဝါ’ လေးတွေကို သူ့ရဲ့ သက်ရှိအစဉ်ဇယားထဲ ထည့်ဖို့လောက်ထိ စိတ်မဝင်စားခဲ့ပါဘူး။ ကျောက်ဂွမ်း (Asbestos) လို သက်မဲ့တွေနဲ့ မှိုဥ (Truffles) လို သက်ရှိတွေရဲ့ ကြားတစ်နေရာလေးမှာ ဖာသိဖာသာ တစ်နေရာ ထားပေးလိုက်ဖို့ထိတောင် အရေးမပါသလိုမျိုး ချန်လှပ်ထားခဲ့တာပါ။ ဒီလိုဖယ်ချန်ထားခဲ့တာဟာ အဏုဇီဝပိုးမွှားတွေကို သက်ရှိလှေကားပေါ် နေရာချဖို့၊ မဟုတ်လဲ ပိုပွေလီတဲ့ သက်ရှိသစ်ပင်ပေါ်မှာ သူတို့ရဲ့ မျိုးကွဲတွေကို အစီအစဉ်တကျ ပြဖို့ရာ အကြာကြီး အခက်တွေ့နေအုံးမယ်ဆိုတဲ့ အရိပ်အယောင်ပါပဲ။ ဒီအကြောင်းကို နောက်ပိုင်းမှာ ဆက်ပြောပါအုံးမယ်၊ ဘာလို့လဲဆိုတော့ ၁၉၇၇ ရောက်တော့ ဒီပြဿနာ အကြီးအကျယ် ပေါ်လာလို့ပါ။
ချားလ်စ်ဘွန်နေးက သက်ရှိလှေကားထစ်အဖြစ် ပုံဖော်သုံးခဲ့ပေမဲ့ တကယ်တမ်း သက်ရှိတွေရဲ့ မတူကွဲပြားမှုကို မျဉ်းဖြောင့်အတိုင်း ဖော်ပြတဲ့ နည်းလမ်းက တဖြည်းဖြည်း မှေးမှိန်လာပြီး ပိုရှုပ်ထွေးပွေလီပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိတဲ့ ‘သစ်ပင်’ ပုံစံက နေရာဝင်ယူလာပါတယ်။ ၁၈ ရာစုနှောင်းပိုင်းနဲ့ ၁၉ ရာစုအစောပိုင်းမှာ ‘သဘာဝဒဿနပညာရှင်တွေ’ (သိပ္ပံပညာရှင်ပါပဲ၊ အဲတုန်းက ဒီအသုံး မပေါ်သေးလို့ပါ) ဟာ သက်ရှိတွေကို သူတို့ရဲ့ ဆင်တူချက်တွေ၊ ကွဲပြားချက်တွေပေါ် မူတည်ပြီး အုပ်စုတွေ၊ အုပ်စုခြွတွေနဲ့ စနစ်တကျ သတ်မှတ်စီစဉ်ဖို့ ကြိုးစားလာကြပါတယ်။ အရင်ကလို ဘုရားသခင်ဆီ ဦးတည်ပြီး တစ်ဆင့်ထက် နောက်တစ်ဆင့်က ပိုကောင်းမွန်မြင့်မြတ်သွားတယ်ဆိုတဲ့ လှေကားထစ်ပုံစံ မျဉ်းဖြောင့်သက်ရှိစဉ်တန်းက အားရစရာ မကောင်းတော့ပါဘူး။ သင်္ဘောတွေနဲ့ ကမ္ဘာပတ်ပြီး နယ်မြေသစ် ရှာဖွေတဲ့ခေတ် စတင်ကတည်းက ဥရောပမှာ အသိပညာ ဗဟုသုတတွေ အကြီးအကျယ် တိုးပွားများပြားလာခဲ့တာပါ။ ကမ္ဘာအနှံ့က မတူကွဲပြားတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ တခြားသက်ရှိမျိုးစိတ်တွေအကြောင်း အချက်အလက်တွေ အများကြီး ရလာတဲ့အတွက် ပညာရှင်တွေဟာ ဒါတွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့နဲ့ လက်လှမ်းမီ အသုံးချနိုင်ဖို့ အဆင့်လိုက် အုပ်စုတွေ ခွဲပြီး စနစ်တကျ သိမ်းဆည်းချင်လာကြတာပေါ့။
ဒါက ဆင့်ကဲဖြစ်စဉ်ကို ချဉ်းကပ်တွေးကြည့်တာမျိုးထက် အချက်အလက်တွေကို စနစ်တကျ စီမံခန့်ခွဲဖို့ရာ သက်သက်ပါ။ ရှိထားတဲ့ ဗဟုသုတတွေက မှတ်တမ်းထုထည်ပေါင်းများစွာ ဖြစ်လာမှာကိုး။ (ဂျာမန် သဘာဝသိပ္ပံပညာရှင် အလက်ဇန္ဒား ဗွန် ဟမ်းဘိုးလ် တစ်ယောက်တည်းတင် သူ့ရဲ့ တောင်အမေရိက ခရီးစဉ်မှာ လေ့လာခဲ့ရသမျှအကြောင်းကို မှတ်တမ်းအုပ်အတွဲ ၃၀ စာလောက် ထုတ်ဝေခဲ့တာပါ။) ဒီတော့ အရာအားလုံးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်သာနိုင်မဲ့ ခြုံငုံချက်လို၊ စုစည်းမှု နိယာမလို စနစ်တကျဖွဲ့စည်းထားတဲ့ ‘ပုံကားချပ်’ တစ်ခုရှိဖို့ ပိုပို လိုအပ်လာတာပေါ့။ ဒါပေမဲ့ ဆွဲသားသူတွေအဖို့ အရင်လို မျဉ်းဖြောင့်ပုံစံ တစ်ဘက်မြင်နဲ့ မလုံလောက်တော့ဘဲ နှစ်ဘက်မြင် ဖြစ်ဖို့ လိုလာချိန်မှာ အရင်က လှေကားဟာ ပင်စည်ဖြစ်လာပြီး အဲဒီပင်စည်ကနေမှ ကိုင်းကြီးတွေ ထွက်လာတယ်၊ နောက်တော့ သစ်ကိုင်းသစ်ခက်တွေ ဖြာစည်ထွက်လာပါတယ်။ ဒီပုံစံက သိထားပြီးသား သက်ရှိမျိုးကွဲတွေကို အစီစဉ်တကျ နေရာချဖို့ရာ အထက်အောက်တင် မကဘဲ ဘေးတိုက်ပါ နေရာအကျယ်အဝန်း ပိုရလာစေတာပေါ့။
သက်ရှိသစ်ပင်ဆိုတာ အဲဒီအချိန်မှာ ကမ္ဘာဦးကျမ်းနဲ့ ဗျာဒိတ်ကျမ်းတို့ကတည်းက ရှိခဲ့တဲ့ ရှေးကျကျ ပြယုဂ်တစ်ခု၊ စကားစုတစ်ခု ဖြစ်နေခဲ့ပါပြီ။ ဒီသစ်ပင်ပုံစံကို မိသားစုသမိုင်းကြောင်းတွေကို သွေးစပ်ဖော်ပြရာမှာလဲ မျိုးရိုးစဉ်ဆက်ပြဇယား (Genealogical Tree, Pedigree) အဖြစ် အသုံးပြုခဲ့ကြတာပါ — နမူနာ၊ ဂျာမန်မြို့စားတစ်ယောက်ရဲ့ ဆွေစဉ်မျိုးဆက်လိုပေါ့။ အခုတော့ ဘာသာရေးနဲ့ မနွယ်တဲ့ လောကီရေးရာ သစ်ပင်ပုံစံက ဇီဝဗေဒကို စနစ်တကျ ပြန်စီချမဲ့နေရာမှာ အသုံးတည့်လာပါပြီ။ ဒီနည်းလမ်းကို ပထမဆုံး စတင်သုံးစွဲခဲ့သူတွေထဲမှာ ပြင်သစ်လူမျိုး ဩဂတ်စတစ် အော်ဂျီယာ (Augustin Augier) လဲ အပါအဝင်ပါ။ သူက ၁၈၀၁ ခုနှစ်မှာ “မျိုးရိုးစဉ်ဆက်ပြ သစ်ပင်ဇယားဟာ အပင်တွေရဲ့ မတူကွဲပြားမှုတွေကို အစဉ်လိုက်နဲ့ အဆင့်လိုက် နားလည်ဖို့ရာ အကောင်းဆုံးပုံစံ ဖြစ်လိမ့်မယ်” လို့ ရေးခဲ့ပါတယ်။
လိုင်ယွန်မြို့မှာ နေထိုင်ပြီး ရုက္ခဗေဒကို အချိန်ပိုင်းလေ့လာတဲ့ အော်ဂျီယာဟာ လူသိနည်းတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်ပါ၊ သူ့အသက်မွေးဝမ်းကြောင်းအလုပ်က ဘာလဲ ဘယ်သူမှ မသိသလို ကိုယ်ရေးရာဇဝင်လဲ ပျောက်ကွယ်ကုန်လို့ နှစ် ၁၀၀ လောက်အကြာမှာ လိုင်ယွန်က ရုက္ခဗေဒပညာရှင်တွေအကြောင်း ရေးတဲ့ သမိုင်းပညာရှင်တစ်ယောက်တောင် သူ့အကြောင်း ရှာမတွေ့ခဲ့ပါဘူး။ အော်ဂျီယာတစ်ယောက် သမိုင်းမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပေမဲ့ ရှစ်ခေါက်ချိုး စာအုပ်ငယ်လေးတစ်အုပ်တော့ ချန်ခဲ့လေရဲ့။ အဲဒီစာအုပ်ငယ်ထဲမှာ သူက အပင်တွေကို အမျိုးအစားခွဲတဲ့ စနစ်သစ်တစ်ခု အဆိုပြုခဲ့တယ် — “သဘာဝတရားက အမှန်တကယ် လိုက်နာခဲ့ပုံရတဲ့ အစီအစဉ်အတိုင်း” ခွဲခြားတာမျိုးပါ။ သဘောက လူတွေရဲ့ စိတ်အလို၊ မဟုတ်လဲ လက်သင့်ရာ အဆင်ပြေသလို သတ်မှတ်ထားခဲ့တဲ့ ‘လုပ်ယူထားတဲ့ စနစ်’ မျိုး မဟုတ်ဘဲ ‘သဘာဝအတိုင်း အစဉ်လိုက်ဖြစ်မှု’ (Natural order) ကို ဆိုလိုတာပါ။ စာအုပ်ထဲမှာ သူ့ရဲ့ စနစ်ကို ဖော်ပြတဲ့ ပုံကားချပ်တစ်ခု ပါပြီး အော်ဂျီယာက ဒါကို ‘ရုက္ခဗေဒသစ်ပင်’ (Arbre botanique) လို့ သမုတ်ခဲ့ပါတယ်။ သစ်ပင်ရဲ့ ပင်စည်နဲ့ ကိုင်းတွေက ဂျူးတွေရဲ့ ဆီမီးတိုင် (Menorah) လို ခပ်တောင့်တောင့်နဲ့ အစဉ်တကျနိုင်ပေမဲ့ ဘေးတိုက်ဖြာထွက်နေတဲ့ သစ်ကိုင်းတွေနဲ့ ဝေဝေဆာဆာ ဖြာထွက်နေတဲ့ အရွက်တွေကတော့ အပင်မျိုးကွဲတွေ ဘယ်လောက်တောင် များပြားစုံလင်သလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ပြနေသလိုပါပဲ။
ဒီနေရာမှာ တစ်ခါထပ်သတိပေးရမှာက ဒီအယူအဆဟာ သက်ရှိဇာစ်မြစ်နဲ့ ပတ်သက်လို့ ဘာသာရေးကို စိန်ခေါ်တွန်းလှန်တာမျိုး မဟုတ်ပါဘူး။ အော်ဂျီယာဟာ သူ့ခေတ်မတိုင်ခင်က ဆင့်ကဲဖြစ်စဉ်ပညာရှင်မျိုး မဟုတ်သေးပါဘူး။ သူ့ရဲ့ ‘သဘာဝအတိုင်း အစဉ်လိုက်ဖြစ်မှု’ ဆိုတာကလဲ အပင်အားလုံးဟာ ဘုံဘိုးဘေးတစ်ခုတည်းကနေ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အသီးသီး ခွဲဖြာဆင်းသက်လာတာမျိုးကို မဆိုလိုပါဘူး။ ဘုရားသခင်ကသာ အပင်တစ်မျိုးချင်းစီရဲ့ ပုံသဏ္ဌာန်တွေကို တစ်ခုချင်း စနစ်တကျ ဖန်ဆင်းခဲ့တာလို့ သူက ယူဆပါတယ်။ သူဟာ “သံသယဖြစ်စရာ မရှိတာကတော့ ဘုရားသခင်ဟာ ပန်းတွေကို ဖန်ဆင်းချိန်မှာ သူတို့ရဲ့ အစိတ်အပိုင်းတွေထဲ တိကျတဲ့ အချိုးအစားတွေနဲ့ အစီအစဉ်တွေကို လိုက်နာခဲ့တယ်ဆိုတာပါပဲ” လို့ ရေးခဲ့ပါတယ်။ အော်ဂျီယာ့ဘက်က ကြည့်ရင်တော့ သူ့ရဲ့ စွမ်းဆောင်ချက်က ဘုရားသခင်ရဲ့ စနစ်ကျတဲ့ အဲဒီ ဒီဇိုင်းမူဝါဒတွေကို ရှာဖွေဖော်ထုတ်ပြီး ရလာတဲ့ ရုက္ခဗေဒ အသိပညာတွေကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ပြန်စီပေးလိုက်တာပါပဲ။
အော်ဂျီယာဟာ သဘာဝတရားရဲ့ စုံလင်ကွဲပြားမှုကို ‘သဘာဝကျတဲ့ အစီအစဉ်’ တိုင်း ဖြစ်စေချင်တဲ့ ပထမဆုံးသော သဘာဝသိပ္ပံပညာရှင်တော့ မဟုတ်ပါဘူး။ အရင်ကတည်းက အရစ္စတိုတယ်ဟာ တိရစ္ဆာန်တွေကို ‘သွေးပါတဲ့ အကောင်’ နဲ့ ‘သွေးမပါတဲ့ အကောင်’ ဆိုပြီး ခွဲခြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့ ပထမရာစုနှစ်မှာတော့ ရောမစစ်တပ်နဲ့အတူ လိုက်ပါခဲ့တဲ့ ဒိုင်အိုစကိုရိုက်ဒ်စ် (Dioscorides) ဆိုတဲ့ ဂရိဆရာဝန်တစ်ယောက်ဟာ အပင်မျိုးပေါင်း ၅၀၀ ကျော်အကြောင်း အချက်အလက်တွေကို စုဆောင်းခဲ့တယ်။ သူက အဲဒီအပင်တွေကို ဆေးဖက်ဝင်ပုံ၊ စားလို့ရပုံနဲ့ အမွှေးနံ့သာ ထုတ်လို့ရပုံ . . . စတဲ့ ‘အသုံးချမှု’ အပေါ် အခြေခံပြီး စနစ်တကျ စုစည်းတင်ပြခဲ့တာပါ။ အဲဒီစာအုပ်ဟာ ပုံနှိပ်ထုတ်ဝေမှုအမျိုးမျိုး၊ ဘာသာပြန်ဆိုမှုအမျိုးမျိုးနဲ့ နောက်ထပ် နှစ်ပေါင်း ၁,၅၀၀ ကြာတဲ့အထိ ရုက္ခဗေဒလောကမှာ အားကိုးရဆုံး ကျမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ရဲ့ခေတ် ကုန်ခါနီး ဉာဏ်သစ်အလင်းပွင့်ခေတ် (Renaissance) ရောက်တော့ လူတွေက ခရီးတွေ ပိုပြီးသွားလာလာကြသလို သဘာဝတရားရဲ့ အသေးစိတ်တွေကိုလည်း လက်တွေ့ကျကျ ပိုပြီး သတိထားကြည့်လာကြပါတယ်။ အဲဒီအခါမှာ အဘိုးကြီး ဒိုင်အိုစကိုရိုက်ဒ်စ်ရဲ့စာအုပ်ဟာ သရုပ်ဖော်ပုံတွေ ပိုကောင်းတဲ့ အပင်မှတ်တမ်းစာအုပ်အသစ်တွေအတွက် နေရာဖယ်ပေးလိုက်ရတော့တာပဲ။ ဒီစာအုပ်တွေဟာ တကယ်တော့ ရုက္ခဗေဒဆိုင်ရာ လမ်းညွှန်စာအုပ်တွေပါပဲ။ ပန်းချီဆွဲတဲ့နည်းနဲ့ သစ်ထွင်းနည်းတွေ တိုးတက်လာလို့ ပုံတွေက ပိုပြီး လှပသေသပ်လာပေမဲ့ သဘာဝကျတဲ့ အစီအစဉ်အတိုင်း စီထားတာမျိုး မဟုတ်ဘဲ သုံးရလွယ်အောင်ပဲ စီထားကြတာပါ။
၁၆ ရာစုမှာ လီယွန်ဟတ်ဖုရှ် (Leonhart Fuchs) က အဲဒီလို စာအုပ်မျိုးတစ်အုပ် ထုတ်ခဲ့ပါတယ်။ အပင်ရာပေါင်းများစွာကို လှလှပပ သရုပ်ဖော်ထားပြီး အက္ခရာစဉ်အတိုင်း စီထားတာပေါ့။ နောက်ထပ် နှစ်ပေါင်းနှစ်ရာအကြာမှာတော့ စနစ်တကျ အမျိုးအစားခွဲခြားရာမှာ နာမည်ကြီးတဲ့ ကားလ်လင်းနီးယပ် (Carl Linnaeus) က ခရမ်းနီရောင်ပန်းတွေပွင့်တဲ့ အပင်မျိုးစုတစ်ခုကို ဖော်ပြရာမှာ လီယွန်ဟတ်ဖုရှ်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ဖူးချီးရှား” (Fuchsia) လို့ အမည်ပေးခဲ့ပါတယ်။ (အဲဒီကနေမှ ကျွန်တော်တို့ သိကြတဲ့ “ဖူးရှားရောင်/ဖူးချီးယားရောင်” ဆိုတာ ပေါ်လာတာပါ)။ လင်းနီးယပ်ဟာ ဆွီဒင်လူမျိုးဖြစ်ပြီး ငယ်စဉ်က ခရီးတွေအများကြီးသွားခဲ့ပြီး နောက်ပိုင်းမှာတော့ အက်ပ်ဆာလာ (Uppsala) မြို့မှာပဲ ပါမောက္ခအဖြစ် အခြေချဖြတ်သန်းခဲ့သူပါ။ သူဟာ အရင်က အပင်မှတ်တမ်းပြုစုတဲ့ အစဉ်အလာကနေ ဆင်းသက်လာသူဖြစ်ပေမဲ့ အဲဒီထက်ပိုပြီး ခရီးရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

၁၇၃၅ ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ လင်းနီးယပ်ရဲ့ Systema Naturae အမည်ရ စာအုပ်က တကယ် ထူးခြားဆန်းပြားပါတယ်၊ စာမျက်နှာ ၁၀ ရွက်ကျော်ကျော်ပဲ ရှိပေမဲ့ ဧည့်ခန်းစားပွဲပေါ်တင်တဲ့ မြေပုံစာအုပ်ကြီးတွေလို အချပ်ကြီးကြီးနဲ့ ထုတ်ထားတဲ့ အဲဒီထဲ လင်းနီးယပ်က သဘာဝလောကရဲ့ “နယ်ပယ် သုံးခု” လို့ သူသတ်မှတ်ထားတဲ့ အပင်၊ တိရစ္ဆာန်နဲ့ ဓာတ်သတ္ထု (တွင်းထွက်ပစ္စည်း) အားလုံးကို အမျိုးအစားခွဲခြားပြထားတာပါ။ ဓာတ်သတ္ထုတွေ ပါနေပေမဲ့ ကျွန်တော်တို့အတွက် အရေးကြီးတာက လင်းနီးယပ် သက်ရှိလောကကို ဘယ်လိုမြင်သလဲဆိုတာပါပဲ။
တိရစ္ဆာန်တွေအကြောင်းကို စာမျက်နှာနှစ်ဖက်အပြည့်မှာ ကော်လံ ၆ ခုနဲ့ ခွဲပြထားတယ်။ ကော်လံတစ်ခုစီရဲ့ ထိပ်မှာတော့ သူသတ်မှတ်ထားတဲ့ မျိုးပေါင်း (Class) နာမည်တွေဖြစ်တဲ့ ခြေလေးချောင်းသတ္တဝါ (Quadrupedia)၊ ငှက် (Aves)၊ ကုန်းနေရေနေ (Amphibia)၊ ငါး (Pisces)၊ အင်းဆက် (Insecta) နဲ့ သန်ကောင်မျိုးနွယ် (Vermes) ဆိုပြီး ရှိပါတယ်။ ခြေလေးချောင်းသတ္တဝါ (Quadrupedia) အောက်မှာမှ “အဆင့်မြင့်နို့တိုက်သတ္တဝါ” (Anthropomorpha – အဓိက လူဝံမျိုးနွယ်)၊ “သားရဲတိရစ္ဆာန်” (Ferae – ဝံပုလွေနဲ့ မြေခွေးလို ခွေးမျိုးနွယ်တွေ၊ ခြင်္သေ့နဲ့ ကျားသစ်လို ကြောင်မျိုးနွယ်တွေအပြင် ဝက်ဝံတွေပါ ပါတယ်) စသဖြင့် မျိုးစဉ် (Order) တွေ ထပ်ခွဲထားပါတယ်။ သူ့ရဲ့ Amphibia မှာ ကုန်းနေရေနေတွေတင်မကဘဲ တွားသွားသတ္တဝါတွေပါ ပါနေပြီး Vermes ကတော့ သန်ကောင်တွေ၊ မျှော့တွေအပြင် ပက်ကျိ၊ ပင်လယ်မျှော့၊ ကြယ်ငါး၊ ခရင်းကောင်တွေနဲ့ တခြား ပင်လယ်သတ္တဝါတွေပါ ရောပေါင်းထည့်ထားတာပါ။ နောက်၊ လင်းနီးယပ်က မျိုးစဉ်တစ်ခုချင်းစီမှာ “မျိုးစု” (Genera) တွေ ထပ်ခွဲပြန်ရော (အဲဒီထဲ ကျွန်တော်တို့ ရင်းနှီးတဲ့ Leo-ခြင်္သေ့၊ Ursus- ဝက်ဝံ၊ Hippopotamus-ရေမြင်း- နဲ့ Homo-လူ ဆိုတဲ့ နာမည်တွေ ပါတာပေါ့)။ အဲဒီမျိုးစုတွေကိုမှ “မျိုးစိတ်” (Species) တွေအဖြစ် ထပ်ပြီး အသေးစိတ်ပါသေးတယ်။ အဲဒီ အတန်းအစား ၆ မျိုးအပြင် ကော်လံတစ်ဝက်စာ နေရာမှာတော့ Paradoxa (ဝိရောဓိသက်ရှိများ) ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ အင်မတန်ထူးဆန်းတဲ့ သက်ရှိတွေကို စုထားပါတယ် — အဲဒီထဲ ယူနီကွန်းမြင်း၊ ဆက်တာ (လူတစ်ပိုင်း ဆိတ်တစ်ပိုင်း)၊ ဖီးနစ်ငှက်၊ နဂါးတို့အပြင် အပြင်မှာ တကယ်ရှိတဲ့ ဖားလောင်းကြီးတစ်မျိုး (အခုခေတ်မှာ Pseudis paradoxa ) လဲ ပါပါတယ်၊ အဲဒီဖားလောင်းက ထူးထူးဆန်းဆန်း ဖားအဖြစ် အသွင်ပြောင်းချိန်မှာ အရွယ်အစား ကျုံ့ကျသွားတာမျိုး။
ဇယားကြီးရဲ့ အပေါ်ဆုံးမယ်တော့ “CAROLI LINNAEI REGNUM ANIMALE” ဆိုပြီး စာလုံးကြီးတွေနဲ့ ခေါင်းစဉ်တပ်ထားပါတယ် — “လင်းနီးယပ်၏ တိရစ္ဆာန်လောက” တဲ့။ ဒါဟာ အဲဒီခေတ်က သိထားသမျှ၊ ယုံကြည်ထားသမျှတွေအပေါ် အခြေခံပြီး တိရစ္ဆာန်လောကရဲ့ စုံလင်ကွဲပြားမှုကို နားလည်နိုင်အောင် နယ်ပယ်စုံဆီ ချဉ်းကပ်-ခြုံငုံစုစည်းပြထားတဲ့ ကနဦး ကြိုးပမ်းချက်တစ်ခုပေမဲ့ သိပ်ပြီး သစ်ဆန်းနေတာလဲ မဟုတ်လှပါဘူး။ နောက်တော့၊ တိရစ္ဆာန်တွေဟာလဲ လင်းနီးယပ် ကမ်းခပ်နှံ့စပ်တဲ့ နယ်ပယ် ဟုတ်မနေဘူးလေ။
လင်းနီးယပ် ကျွမ်းကျင်တာ အပင်တွေပါ။ သူ့ရဲ့ အပင်အမျိုးအစားခွဲခြားပုံဟာ ပို ဆန်းသစ်သလို၊ ပိုလဲ အသေးစိတ်ကျပြီး စနစ်တကျ ရှိလှပါတယ်။ ပန်းတွေမှာ လိင်မှုဆိုင်ရာ အစိတ်အပိုင်းတွေ ဖွဲ့စည်းပါဝင်နေတာကို သူ သဘောပေါက်ခဲ့ပြီး အပင်တွေကို အုပ်စုခွဲချိန်မှာလဲ ဝတ်မှုန် ထုတ်ပေးတဲ့၊ ဒါမှမဟုတ် လက်ခံယူတဲ့ နုနုနယ်နယ် အညှာ ဝတ်ဆံဖို (Stamens) နဲ့ ဝတ်ဆံမ (Pistils) ခေါ် ဖို/မ အင်္ဂါရပ်တွေပေါ် အခြေခံခွဲခြားခဲ့လို့ သူ့စနစ်ကို ‘လိင်အခြေပြု စနစ်’ (Sexual System) ဆိုပြီး လူသိများလာပါတယ်။ လင်းနီးယပ်ဟာ ဝတ်ဆံဖိုတွေရဲ့ အရေအတွက်၊ အရွယ်အစားနဲ့ တည်ရှိပုံတွေအပေါ် မူတည်ပြီး အပွင့်ပွင့်တဲ့ အပင်အားလုံးကို မျိုးပေါင်း (Class) ၂၃ မျိုး ခွဲခြားသတ်မှတ်ခဲ့တာပါ။ ပြီးတော့ အဲဒီမျိုးပေါင်း တစ်ခုချင်းစီကိုမှ ဝတ်ဆံမတွေရဲ့ အခြေအနေပေါ် မူတည်ပြီး မျိုးစဉ် (Order) တွေ ထပ်ခွဲပြန်ရော။ သူက အတန်းအစားတွေကို နာမည်ပေးတဲ့အခါ Monandria, Diandria, Triandria စသဖြင့် သမုတ်ခဲ့တယ် (အဓိပ္ပာယ်ကတော့ ခင်ပွန်းတစ်ယောက်၊ ခင်ပွန်းနှစ်ယောက်၊ ခင်ပွန်းသုံးယောက် ဆိုတာမျိုးပေါ့)။ အဲဒီအထဲက မျိုးစဉ်တွေကိုကျတော့ Monogynia, Digynia, Tryginia ဆိုပြီး ပေးတယ် (ဒါကတော့ ဇနီးအရေအတွက်ပေါ့၊ သဘောပေါက်မှာပါ)။ ဒီလို နာမည်ပေးပုံတွေက လင်အများ၊ မယားအများ ယူကြတဲ့ အလေ့အထတွေကို သွားပြီး သတိရစေတာမို့ အဲဒီခေတ်က လူတွေကြားမှာ နှာခေါင်းရှုံ့ပြီး မကြိုက်ကြသူတွေရှိသလို၊ ပြုံးစိစိနဲ့ သဘောကျသူတွေလဲ ရှိခဲ့တာပေါ့။ ဥပမာပြောရရင် Tetrandria အတန်းအစားထဲက Monogynia မျိုးစဉ်ဆိုရင် “ခင်ပွန်းလေးယောက်နဲ့ ဇနီးတစ်ယောက်” ရှိတဲ့ အပင်ပေါ့။ လင်းနီးယပ်ကိုယ်တိုင်လဲ ဒီလို လိင်မှုရေးရာတွေနဲ့ နှိုင်းယှဉ်တင်စားရတာကို သဘောကျပုံရပါတယ်။ ဒါပေမဲ့ ဒီလို နာမည်ပေးပုံတွေကြောင့် သူ့ရဲ့ ရုက္ခဗေဒစနစ်ဟာ ဥရောပတစ်ခွင်မှာ အသိအမှတ်ပြု လက်ခံသုံးစွဲလို့ မရတဲ့ စနစ်မျိုး ဖြစ်မသွားခဲ့ပါဘူး။
ကျွန်တော်တို့ လူ သြဂတ်စတင် အော်ဂျီယာ (Augustin Augier) ဟာ လင်းနီးယပ်ထက် ရာစုနှစ်ဝက်လောက် နောက်ကျပြီးမှ သူရဲ့ “ရုက္ခဗေဒ သစ်ပင်” နဲ့ ပေါ်လာပါတယ်။ သူဟာ လင်းနီးယပ်ရဲ့ သိပ်ကို စနစ်အကျလွန်နေတဲ့ “လိင်အခြေပြု စနစ်” ကို စိန်ခေါ်နေတယ်လို့ သူ့ကိုယ်သူ ယူဆခဲ့ပုံပါပဲ။ “ဝတ်ဆံဖို အရေအတွက်ဆိုတာ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုပဲ” လို့ အော်ဂျီယာက ဝန်ခံပေမဲ့ “အပင်တွေကို တကယ်တမ်း စေ့စေ့စပ်စပ် လေ့လာချိန်မှာ ဒါက အမြဲတမ်း ရှင်းရှင်းလင်းလင်း မရှိလှဘူး” လို့ သူက ဆိုပါတယ်။ ဆိုလိုတာက ဒီအချက်တစ်ခုတည်းအပေါ် အခြေခံပြီး ရှုပ်ထွေးလှတဲ့ အပင်လောကကြီးကို စနစ်တကျ ခွဲခြားဖို့ရာ စိတ်မချရဘူးလို့ သူက ယူဆတာပါ။ သူက လင်းနီးယပ်ကိုရော၊ ပန်းတွေ၊ အပွင့်တွေနဲ့ တခြား ခန္ဓာဗေဒ အစိတ်အပိုင်းတွေကို အခြေခံပြီး အပင်တွေကို မျိုးစု ၇၀၀ လောက် ခွဲပြခဲ့တဲ့ ပြင်သစ်ရုက္ခဗေဒပညာရှင် တိုးန်ဖို့တ် (Tournefort) ကိုပါ လေးစားသမှုနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဝေဝါးနေတဲ့ အချက်တွေနဲ့ သိမ်မွေ့တဲ့ ကွဲပြားချက်တွေကို ဖြေရှင်းဖို့ရာတော့ လက္ခဏာရပ်မျိုးစုံကို ပေါင်းစပ်အသုံးပြုထားတဲ့ သူ့ရဲ့ ကိုယ်ပိုင်စနစ်ကိုပဲ သူ တင်ပြခဲ့လေရဲ့။ “ကျွန်တော် ရုက္ခဗေဒသစ်ပင်လို့ ခေါ်တဲ့ ဒီပုံကားချပ်ဟာ အပင်အမျိုးမျိုးတွေက ပင်စည်ကနေ ခွဲထွက်သွားကြပေမဲ့ သူတို့အချင်းချင်းကြားမှာ ဘယ်လို ဆက်နွယ်မှုတွေ ရှိနေသလဲဆိုတာကို ပြထားတာပါ။ ဒါဟာ မိသားစု မျိုးရိုးစဉ်ဆက်ပြ သစ်ပင်ကြီးမှာ သစ်ကိုင်းအသီးသီးက ပင်စည်တစ်ခုတည်းကနေ ဘယ်လို ခွဲဖြာထွက်လာတယ်ဆိုတာကို ပြသလိုမျိုးပါပဲ။” အားလုံးက သီးခြားစီ ဖြစ်နေပေမဲ့ သစ်ပင်တစ်ပင်တည်းရဲ့ အစိတ်အပိုင်းတွေအဖြစ် ဆက်စပ်နေကြတာပေါ့။
ဒါပေမဲ့ အော်ဂျီယာရဲ့ စိတ်ထဲမှာတော့ ဒီလိုနွယ်ယှက်မှုဟာ ဘုံမျိုးရိုးတစ်ခုတည်းကနေ ဆင်းသက်လာတာမျိုး မဟုတ်ပါဘူး။ သူက “ပင်စည်တစ်ခုတည်းကနေ ခွဲထွက်လာတယ်” ဆိုပြီး မိသားစုမျိုးရိုးပြသစ်ပင်နဲ့ နှိုင်းယှဉ်ပြောခဲ့ပေမဲ့ သူ့ရဲ့ ရေးသားချက်တွေမှာရော၊ သူ့ရဲ့ သစ်ပင်ပုံမှာပါ ဆင့်ကဲဖြစ်စဉ် (Evolution) အယူအဆကို လက်ခံထားတာ ဒါမှမဟုတ် စိတ်ကူးမိတာမျိုး ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား လုံးဝ မရှိပါဘူး။
အခန်း ၁၊ အပိုင်း ၃
ပြီးပါပြီ