ဒီဆင့်ကဲဖြစ်စဉ်အယူအဆက ပေါ်လာဖို့ သိပ်မကြာတော့သလို အဲဒါရောက်လာချိန်မှာလဲ သက်ရှိသစ်ပင်ရဲ့ အဓိပ္ပါယ်က လုံးလုံးပြောင်းလဲသွားပါလိမ့်မယ်။ ဒီအရွေ့က တကယ်ကို သက်ရောက်မှု ကြီးပြီး အဲဒီခေတ်က လူတွေအတွက် စိတ်နှလုံး တုန်လှုပ်စရာ ဖြစ်ခဲ့တယ် — မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုကို စိန်ခေါ်နေလို့ပါ၊ ဒါကြောင့်လဲ အပြင်းအထန် ကန့်ကွက်တာတွေ ရှိခဲ့တာပေါ့။ ပြင်သစ်က ဂန္ထဝင်ရှေးဦးဆင့်ကဲပညာရှင် ဂျင်း-ဘပ်တစ် လာမာ့ခ် (Jean-Baptiste Lamarck) နဲ့ ‘ခရစ်ယာန် ဘူမိဗေဒပညာရှင်’ လို့ ကိုယ့်ကိုယ်ကိုယ် သမုတ်ခဲ့သူ အမေရိကန်လူမျိုး အက်ဒဝပ် ဟစ်ချ်ကော့ခ် (Edward Hitchcock) တို့ဟာ ဒါဝင် သူ့ရဲ့ သီအိုရီကို မထုတ်ပြန်ခင် ဆယ်စုနှစ်တွေကတည်းက ‘သစ်ပင်အယူအဆ’ ဘယ်လို ပြောင်းလဲလာသလဲကို သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ ပုံကားချပ်တွေက တစ်ဆင့် အကောင်းဆုံး ပြသနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။
လာမာ့ခ်ဟာ ဘဝဇာတ်ခုံအဖုံဖုံမယ် လှည့်လည်ကပြခဲ့သူပါ။ စစ်တပ်နောက်ခံမိသားစုက ဆင်းသက်လာတဲ့ စစ်သားတစ်ယောက်ပေမဲ့ သူ့ကိုယ်သူ ရုက္ခဗေဒပညာရှင်အဖြစ် လမ်းကြောင်းပြောင်းခဲ့ပြီး နောက်၊ ၁၇၉၃ ခုနှစ်၊ ပြင်သစ်တော်လှန်ရေးရဲ့ ‘အကြောက်တရား စိုးမိုးတဲ့ ခေတ်’ (Reign of Terror) အစမှာပဲ ပဲရစ်မြို့ အမျိုးသား သဘာဝသမိုင်းပြတိုက်မှာ တိရစ္ဆာန်ဗေဒ ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ပြတိုက်မှာ သူတာဝန်ယူရတဲ့အပိုင်းက အင်းဆက်တွေ၊ သန်ကောင်တွေနဲ့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှ မြင်ရတဲ့ သတ္တဝါတွေအကြောင်းပါ။ ဒါတွေအကြောင်း သူ တစ်ခါမှ မလေ့လာဖူးပေမဲ့ ချက်ချင်းဆိုသလို အလိုက်အထိုက် ပြောင်းလဲသင်ယူနိုင်ခဲ့သလို အဲဒီသက်ရှိတွေအကုန်လုံးကို ခြုံငုံပြီး ‘ကျောရိုးမဲ့သတ္တဝါ’ (Invertebrates) ဆိုပြီးပါ ကိုယ်တိုင် စ,ကင်ပွန်းတပ်ခဲ့ပါသေးတယ်။ လာမာ့ခ်က အပင်တွေအကြောင်း လေ့လာတာကို ရပ်လိုက်ပြီး ပြင်သစ်တော်လှန်ရေးရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေမှာလဲ ဒီကျောရိုးမဲ့သတ္တဝါတွေအကြောင်းကိုပဲ ဆက်လေ့လာနေခဲ့တယ်။ လစာနည်းနည်းလေးပဲ ရပေမဲ့ တခြားသိပ္ပံပညာရှင်တွေဖြစ်တဲ့ အန်တွိုင်း-လောရန့်စ် လာဗွိုင်စီယာ (Antoine-Laurent Lavoisier) တို့လို ဂယ်လိုတင်း (ခေါင်းဖြတ်စက်) နဲ့ အကွက်မျက်မခံရဘဲ ခေါင်းနဲ့ကိုယ် မြဲအောင်ထိန်းနိုင်ခဲ့တာကပဲ တော်သေးတယ် ပြောရမယ်။ ၁၇၉၀ ခုနှစ်တုန်းကဆို သူ ဘုရင့်ဥယျာဉ် (Jardin du Roi) မှာ အလုပ်လုပ်နေရင်း အဲဒီဥယျာဉ်နာမည်က ‘ဘုရင့်’ ဆိုတဲ့ စကားလုံးကို ဖြုတ်ပြီး အပင်ဥယျာဉ် (Jardin des Plantes) လို့ ပြောင်းဖို့ တိုက်တွန်းခဲ့တာကြောင့် တော်လှန်ရေးသမားတွေကြား မျက်နှာပွင့်သွားပါသေးတယ်၊ ကြည့်ရတာ လာမာ့ခ်က နိုင်ငံရေးအမြင်လဲ အတော်ကျယ်ပုံပဲ။ သူလဲပဲ ၁၇၉၇ ခုနှစ်မတိုင်ခင်အထိ သက်ရှိမျိုးစိတ်တွေဆိုတာ ဘုရားသခင်က ဖန်ဆင်းထားတာမို့ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးဆိုတဲ့ အစဉ်အလာအယူအဆကိုပဲ လက်ကိုင်စွဲထားခဲ့တာ။ ဒါပေမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ မိုလက်စ်ခ် (Mollusks) လို သက်ရှိတွေကို လေ့လာချိန်မယ်တော့ သူတို့တွေမှာ တဖြည်းဖြည်းစီ ပြောင်းလဲလာနေတဲ့ ပုံစံမျိုး ရှိနေတာကို သတိထားမိပြီး သူ့ရဲ့ အမြင်လဲ ပြောင်းသွားခဲ့တယ်။ ဒီလိုနဲ့ ၁၈၀၀ ပြည့်နှစ်၊ မေလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ကျောရိုးမဲ့သက်ရှိတွေအကြောင်း သင်တန်းရဲ့ ပထမဆုံးဟောပြောပွဲမှာပဲ လာမာ့ခ်တစ်ယောက် သူဟာ ဆင့်ကဲဖြစ်စဉ်အယူအဆကို လက်ခံသူဖြစ်ကြောင်း ထုတ်ဖော်ဖွင့်ဟခဲ့လေရဲ့။ ဒီ့နောက်မှာတော့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သတ္တဗေဒနယ်ပယ်နဲ့ ပတ်သက်လို့ ကျမ်းကြီး ၃ စောင် ထုတ်ဝေခဲ့ပြီး အဲဒီထဲ ၁၈၀၉ ခုနှစ်မှာ ထုတ်တဲ့ Philosophie Zoologique အမည်ရ ကျမ်းက ဩဇာလွှမ်းမိုးမှုအရှိဆုံး ဖြစ်လာခဲ့ပါတယ်။

လာမာ့ခ်ဟာ ဇနီး ၄ ယောက်နဲ့ သူ့သားသမီး ၇ ယောက်ထဲက ၃ ယောက်ထက်တောင် အသက်ပိုရှည်ပြီး ပြင်သစ်တော်လှန်ရေးခေတ်၊ နာပိုလီယမ်ခေတ်နဲ့ ဘော်တွန်မင်းဆက် (Bourbon) ပြန်စိုးမိုးတဲ့ ခေတ်တွေကိုပါ ဖြတ်သန်းခဲ့သူပါ။ သူက အောက်ကို နည်းနည်းကွေးတွန့်ကျနေတဲ့ နှုတ်ခမ်းအစုံပိုင်ရှင် ခန့်ခန့်ညားညား လူကြီးတစ်ယောက်၊ ထိပ်နည်းနည်းပြောင်နေပြီး သူ့ဘဝရဲ့ နောက်ဆုံးဆယ်စုနှစ်မှာ အမြင်အာရုံတိမ်ကွယ်သွားခဲ့လို့ သူ့အပေါ် သစ္စာရှိလှတဲ့ သမီးဖြစ်သူ ကော်နီလီ (Cornelie) ကပဲ တစ်ဘဝလုံး ပုံအောပြုစုပေးခဲ့၊ ပြင်သစ်ဝတ္ထုတွေ ဖတ်ပြရင်း အဖော်ပြုပေးခဲ့ရပါတယ်။ လာမာ့ခ်တစ်ယောက် အသက် ၈၅ နှစ်မှာ ကွယ်လွန်ပြီး ကျော့ဖရွိုင်း စိန့်ဟီလဲယား (Geoffroy St. Hilaire) လို အရေးပါတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရှင်တွေဆီကနေ ချီးကျူးထောပနာပြုခံခဲ့ရပေမဲ့ နောက်ပိုင်းတော့ သိပ်မဟန်လှပါဘူး။ သူ့ရုပ်အလောင်းကို သီးသန့်အုတ်ဂူ တည်မထားခဲ့ဘဲ မောင့်ပါနာဆေး (Montparnasse) သုဿာန်က အများသုံးမြေကျင်းတစ်ခုမှာပဲ မြှုပ်နှံခဲ့ကြတာပါ။ အဲလို အများသုံးကျင်းတွေက သုသာန်မြေဖော်ပြီး အသစ်လဲရလေ့ရှိတာကြောင့် လာမာ့ခ်ရဲ့ အရိုးတွေဟာလဲ ပဲရစ်မြို့အောက်က အရိုးသင်္ချိုင်းတွေထဲ တခြားဆင်းရဲသားတွေနဲ့ အမေ့လျော့ခံတွေရဲ့ အရိုးထောင်ပေါင်းများစွာကြားထဲ ရောပါရောက်သွားပုံပါပဲ။ လာမာ့ခ်ကို သွားဂါရဝပြုလို့ရမဲ့ အုတ်ဂူလိုမျိုးလဲ ဘယ်ရှိပါ့မလဲ။ သမိုင်းပညာရှင်တစ်ယောက် ရေးခဲ့သလို၊ သူဟာ တမဟုတ်ချင်းမှာတင် ‘လူမေ့ခံဘဝရောက်ပြီး လူမသိ သူမသိ’ ဖြစ်သွားခဲ့တာပါ။ သူဟာ နောက်ပိုင်းမှာ ပြန်ထင်ရှားကျော်ဇောလာပေမဲ့ အဲဒီအချိန်တုန်းကတော့ ကမ္ဘာ့ပထမဆုံး ဆင့်ကဲဖြစ်စဉ် သီအိုရီသမားကြီးရဲ့ ဇာတ်သိမ်းက အတော်လေးကို အေးစက်စက်နိုင်ခဲ့တာ။
ဒီနေ့ခေတ်မှာတော့ လာမာ့ခ်ဆိုတာနဲ့ လာမာ့ခ်ဝါဒ (Lamarckism) ကိုပဲ လူတွေ တွဲသိကြပါတယ် — ပိုင်ဆိုင်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ မျိုးရိုးလိုက်ဆင့်ကမ်းတဲ့ အယူအဆကို ခေါ်ဝေါ်တဲ့ ခပ်ပေါ့ပေါ့နာမည်ပါ။ အတော်များများက သူ့ကို ဒါဝင့်ထက်စောတဲ့ ဆင့်ကဲဖြစ်စဉ်သမားလို့ ခပ်ရေးရေးသိကြပြီး သူ့သီအိုရီတွေက စိတ်ဝင်စားစရာကောင်းပေမဲ့ မှားနေတယ်၊ နောက်ပိုင်း အထောက်အထားတွေအရလဲ ပယ်ချငြင်းဆိုခံရတယ်လို့ မြင်ကြပါတယ်။ အကြောင်းက သက်ရှိတွေ ကိုယ်တိုင်ကြိုးစားအားထုတ်ရင်း ပိုင်ဆိုင်လာတဲ့ အရည်အသွေးတွေဟာ မျိုးရိုးလိုက်တယ်ဆိုတဲ့ အယူအဆလွဲပေါ်အခြေခံထားလို့ပါ၊ ဒါဝင်ကတော့ အဲဒါပေါ် အခြေမခံဘူးလို့ ထင်ကြတာပေါ့။ (အမှန်ကတော့ အဲဒီလောက် မရိုးရှင်းဘူး။ ဥပမာပြောရရင် ဒါဝင်ကိုယ်တိုင်တောင်မှ ‘အသုံးချမှုနဲ့ ပစ်ပယ်မှု’ (Use and Disuse) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပိုင်ဆိုင်လာတဲ့ လက္ခဏာအရည်အသွေးတွေ နောက်မျိုးဆက်ဆီ စီးဆင်းလိုက်ပါသွားတာကို ဆင့်ကဲဖြစ်စဉ်ရဲ့ ယန္တရားအားတစ်ရပ်အဖြစ် ထည့်စဉ်းစားခဲ့တာပါပဲ။) ဒီလို မျိုးရိုးလိုက်ပုံကို လာမာ့ခ်ကိုယ်တိုင် ပေးခဲ့တဲ့ ဖန်တရာတေ ဥပမာကတော့ သစ်ကုလားအုတ်တွေပါ။ အာဖရိက လွင်တီးခေါင်က သစ်ကုလားအုတ် ရှေးဦးမျိုးနွယ်တွေဟာ အမြင့်က သစ်ရွက်တွေကို စားဖို့ကြိုးစားရင်း လည်ပင်းကို အတင်းဆွဲဆန့်ရတယ်၊ အဲလို အားထုတ်မှုကြောင့် (သူ့အဆိုအရ) လည်ပင်းက ရှည်လာပြီး ရှေ့ခြေထောက်တွေလဲ ရှည်လာတယ်ပေါ့။ ဒီလိုနဲ့ (သူ့အဆိုအရပဲ) အဲဒီ သစ်ကုလားအုတ်တွေရဲ့ နောက်မျိုးဆက် သားသမီးတွေဟာလဲ လည်ပင်းရှည်ရှည်၊ ခြေထောက်ရှည်ရှည်နဲ့ မွေးလာကြပါတယ်။ ‘လာမာ့ခ်ဝါဒ’ က ဒီလို ကာတွန်းဆန်ဆန် ရှင်းပြချက်ကြောင့်ပဲ အထင်အမြင်သေးခံရဖို့ လွယ်ပေမဲ့ လုံးဝကွယ်ပျောက်သွားဖို့ကလဲ တော်တော်ခက်နေပြန်လေရဲ့။

© Photos.com/Thinkstock
၁၉ ရာစုနှောင်းပိုင်းမှာ ဆင့်ကဲဖြစ်စဉ် (Evolution) ဆိုတဲ့ ယေဘုယျအယူအဆကို လူတွေလက်ခံလာကြပေမဲ့ ဒါဝင့်ရဲ့ သီအိုရီတွေထဲက အဓိကယန္တရားဖြစ်တဲ့ ‘သဘာဝရဲ့ ရွေးချယ်ခြင်း’ (Natural Selection) ကိုတော့ အများစုက ငြင်းပယ်ခဲ့ကြပါတယ်။ သဘာဝရဲ့ ရွေးချယ်ခြင်းအယူအဆက သိပ်ရုပ်ဝတ္ထုဆန်လွန်းပြီး လမ်းညွှန်မှုတစ်ရပ် မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတာကြောင့် ဆင့်ကဲသမိုင်းပညာရှင် တော်တော်များများ ဒါကို ဘဝင်မခွေ့ကြရှာဘူး။ ဒီလိုနဲ့ ကမ္ဘာကြီးက ဒါဝင့်ရဲ့ ဆင့်ကဲဖြစ်စဉ်ကိုတော့ လက်ခံပြီး ‘ဘာကြောင့် ဆင့်ကဲရသလဲ’ ဆိုတဲ့ သူ့ရဲ့ ရှင်းပြချက်ကိုတော့ ငြင်းဆိုခဲ့တဲ့ အခြေအနေဟာ ဆယ်စုနှစ်တွေ အတော်ကြာခဲ့တာပါ — ခုချိန်မှာတော့ ဒါကို သမိုင်းပညာရှင်တွေပဲ မှတ်မိကြပါတယ်။ အဲအချိန်မှာ လာမာ့ခ်ဝါဒက လာမာ့ခ်ဝါဒသစ် (neo-Lamarckism) အဖြစ် နာမည်ပြန်ကြီးလာပြီး ဒါဝင့်ရဲ့ နတ္ထိကဆန်ဆန် အယူအဆထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ကိုယ်တိုင် ကြိုးစားပြီး ရလာတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ မျိုးရိုးလိုက်ဆင့်ကမ်းတဲ့ အယူအဆကတော့ ခုထက်ထိတောင် နေရာယူထားဆဲပါပဲ။
ဒါပေမယ့် လာမာ့ခ် ချန်ခဲ့တဲ့ထဲ ဒီအယူအဆတစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ သူ့မှာ တခြားအတွေးအခေါ်တွေလဲ ရှိခဲ့ပြီး တချို့ဆို ဒီ့ထက်တောင် ပိုဆိုးသေး။ ဥပမာ၊ သက်ရှိတွေဟာ သက်မဲ့အရာတွေကနေ အလိုအလျောက် ပေါ်ပေါက်လာတာ (Spontaneous generation) မျိုးကို သူက ယုံတယ်။ သဘာဝအလျောက် မျိုးသုဉ်းသွားတယ်ဆိုတာကိုလဲ လက်မခံဘူး။ ပြီးတော့ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ နူးညံ့တဲ့ အရည်တွေ (Subtle fluids) က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပုံဖော်ပေးတယ်လို့လဲ သူက ယူဆခဲ့သေးတာ။
လာမာ့ခ်တစ်ယောက် သတ္တဗေဒဘက်ကို အာရုံမပြောင်းခင်နဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း အလင်းမပွင့်ခင် သူ့ရဲ့ အစောပိုင်း ရုက္ခဗေဒလက်ရာတစ်ခုမှာ အပင်တွေကို “တိုးတက်ဆင့်ကဲခြင်းရဲ့ မှန်ကန်တဲ့ အစီအစဉ်” ဆိုတဲ့ ပုံစံနဲ့ အနိမ့်ဆုံးနဲ့ မပြည့်စုံဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်ထိ မိရိုးဖလာ ‘သက်ရှိလှေကား’ ပုံစံအတိုင်း အောက်ကနေ အထက် စီထားလေရဲ့။ သူက တိရစ္ဆာန်တွေအတွက်လဲ အဲဒီလှေကားနဲ့ ယှဉ်တွဲပြီး အလားတူ လှေကားတစ်စင်း ထပ်စီပေးခဲ့တယ်။ အဲဒီမှာ တိရစ္ဆာန်တွေရဲ့ ပုံသဏ္ဌာန်ဟာ သန်ကောင်ကနေတစ်ဆင့် အင်းဆက်၊ ငါး၊ ကုန်းနေရေနေ၊ ငှက်၊ အဲဒီကနေမှ နို့တိုက်သတ္တဝါဆိုပြီး အဆင့်ဆင့် တက်သွားတာပါ။ ဒီလှေကားနှစ်စင်းလုံးမှာ ဘုံဘိုးဘေးတစ်ခုတည်းကနေ ခွဲထွက်လာတာမျိုး၊ ဒါမှမဟုတ်လဲ တစ်မျိုးကနေ နောက်တစ်မျိုးဆီ အသွင်ပြောင်းလဲတာမျိုးကို အရိပ်အယောင်တောင် မပြထားပါဘူး။ ဒါပေမဲ့ ၁၈၀၉ ခုနှစ်ထုတ် Philosophie Zoologique စာအုပ်မှာတော့ သက်ရှိတွေရဲ့ စုံလင်ကွဲပြားမှုကို ဖော်ပြဖို့ သိမ်မွေ့ပေမဲ့ သိပ်ထူးခြားပြောင်မြောက်တဲ့ ပုံစံသစ်တစ်ခု လာမာ့ခ် ထည့်ခဲ့ပါတယ်။ စာမျက်နှာအောက်ဘက်ကို ဦးတည်ပြီး ကိုင်းဖြာခွဲထွက်နေတဲ့ ပုံကားချပ်တစ်ခု ဖြစ်ပြီး ပန်ကိတ်ဆိုင်တွေက စားပွဲခင်းစက္ကူပေါ်မှာ ကလေးတွေ ကစားကြတဲ့ “အစက်ဆက်ကစားနည်း” (Connect-the-dots) လိုမျိုး အဓိက တိရစ္ဆာန်အုပ်စုတွေကို အစက်ကလေးတွေနဲ့ ချိတ်ဆက်ထားတာပါ။ အစက်ကလေးတွေကို ဆက်လိုက်တဲ့အခါ ဝှက်ထားတဲ့ပုံက . . . လေယာဉ်ပျံ ဖြစ်ရင်ဖြစ်၊ မဟုတ်လဲ . . . ဆင်ပုံ၊ ဒါမှမဟုတ် . . . ဂျော့ခ်ျဝါရှင်တန်ရဲ့ ခေါင်းပုံ ပေါ်လာသလိုမျိုး။ လာမာ့ခ်ရဲ့ အစက်ချကားချပ်မှာတော့ ပေါ်လာတဲ့ပုံက သစ်ပင်တစ်ပင် ဖြစ်နေလေရဲ့။
အဲဒီပုံထဲမှာ ငှက်တွေဟာ တွားသွားသတ္တဝါတွေဆီကနေ ကိုင်းခွဲထွက်နေတဲ့ သစ်ကိုင်းတစ်ခုပေါ် ရှိနေတယ်။ မိုးလက်စ်ခ် ခေါ် ခရုပုစွန်မျိုးနွယ် (Mollusks) တွေ မပေါ်ခင်မှာပဲ အင်းဆက်တွေက ပင်စည်မကြီးကနေ အရင်ဖြာခွဲထွက်သွားတာကို တွေ့ရပြန်တယ်။ ဖျံကြီး (Walruses) တွေနဲ့ တခြား ပင်လယ်ရေနေနို့တိုက်သတ္တဝါတွေက ပင်စည်ရဲ့ နောက်ပိုင်းမှာ ရှိနေပြီး အဲဒီကမှတစ်ဆင့် ဝေလငါး၊ ခွာရှိတဲ့သတ္တဝါနဲ့ နောက်ဆုံးမှာ တခြား နို့တိုက်သတ္တဝါအားလုံးဆီ ကိုင်းတွေ ထပ်ခွဲထွက်သွားတာပါ။ အသေးစိတ် အချက်အလက်တွေမှာ မှားနေတာ ရှိသလို၊ ပုံကလဲ (အမြစ်က အပေါ်မှာဖြစ်ပြီး) ပြောင်းပြန်ကြီး ဖြစ်နေပေမဲ့ ဒီပုံကားချပ်ဟာ သိပ္ပံပညာရဲ့ အတွေးအခေါ်အုတ်မြစ်ပိုင်းမှာတော့ အင်မတန်အရေးကြီးတဲ့ အရွေ့တစ်ခု ဖြစ်ခဲ့တာပဲ။ ပညာရှင်တွေကတော့ ဒါကို ကမ္ဘာ့အစောဆုံး “ဆင့်ကဲဖြစ်စဉ်ပြ သစ်ပင်” (Evolutionary tree) လို့ ပြောကြလေရဲ့။
အခန်း ၁၊ အပိုင်း ၄
ပြီးပါပြီ