မစ်ချယ် ဆိုဂင် ရှိနေတဲ့အချိန်ကနေ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုလောက်အထိ ဝုစ်ရဲ့ ဓာတ်ခွဲခန်းထဲ အလုပ်လုပ်ရပုံက သိပ်ကို ရှုပ်ထွေးပင်ပန်းပြီး နည်းနည်းတောင် ကြောက်စရာကောင်းပါတယ်။ အဲဒီထဲ ပေါက်ကွဲတတ်တဲ့ အရည်တွေ၊ ဗို့အားမြင့် လျှပ်စစ်တွေ၊ ရေဒီယိုသတ္တိကြွ ဖော့စဖရပ် (Phosphorus) တွေအပြင် ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုး အနည်းဆုံး ရှိတတ်တာပါ။ ဒါပေမဲ့ ဓာတ်ခွဲခန်း ဘေးကင်းရေးစံနှုန်းတွေ သေချာမရှိဘဲ အဆင်ပြေသလို အကြမ်းဖျဉ်းလုပ်ထားကြတာမျိုး။ ယောက်ျားလေးတိုင်းရဲ့ အိပ်မက်လို့ ပြောနိုင်လိမ့်မယ်။ စိတ်အားထက်ထက်သန်သန်ရှိလှသူ ခေါင်းဆောင်တစ်ယောက်ရဲ့ လက်အောက်မှာ သတ္တိရှိတဲ့ ပါရဂူဘွဲ့ယူကျောင်းသားတွေ၊ သုတေသီတွေနဲ့ လက်ထောက်တွေဟာ ဖရက်ဒရစ် ဆန်ဂါတို့ လိုင်းနပ်စ်ပေါလင်းတို့တောင် မရောက်ဖူးသေးတဲ့ သိပ္ပံပညာရဲ့ နယ်ပယ်အသစ်တွေဆီ အတင်းတိုးဝင်စူးစမ်းနေကြပါပြီ။ အဲတုန်းက အသစ်စက်စက် ပေါ်ပေါက်လာတဲ့ အမေရိကန် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအဖွဲ့ (OSHA) ကိုယ်တိုင်လဲ ဒီမှာဖြစ်ပျက်နေတာတွေကို စိုးစဉ်းမျှ မရိပ်မိခဲ့ပါဘူး။
အဓိကပန်းတိုင်ကတော့ သက်ရှိဆဲလ်အားလုံးရဲ့ အနက်ရှိုင်းဆုံး ဗဟိုချက်မှာရှိတဲ့ မော်လီကျူးအမျိုးမျိုးရဲ့ စဉ်တန်းတွေကို ဖော်ထုတ်မယ်၊ ပြီးရင် အချင်းချင်း နှိုင်းယှဉ်မယ်၊ နောက်၊ ကမ္ဘာဦးအစကတည်းက ဖြစ်တည်လာတဲ့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဆက်နွယ်မှု သမိုင်းကြောင်းကို ကောက်ချက်ချ ဖော်ထုတ်ဖို့ပါပဲ။ ဝုစ်က သက်ရှိဆဲလ်ဖွဲ့စည်းမှုတိုင်းမှာ ဘုံပါဝင်ပြီး မျိုးဗီဇအချက်အလက်တွေကို ပရိုတိန်းအဖြစ် ပြောင်းတဲ့ ယန္တရား ‘ရိုင်ဘိုဆုမ်း’ ကို လေ့လာဖို့ ရွေးထားပြီးသားပါ။ ဒါပေမဲ့ အရေးတကြီး ဆုံးဖြတ်စရာ ကျန်နေပါတယ် — ရိုင်ဘိုဆုမ်းထဲက ဘယ်မော်လီကျူးကို လေ့လာမလဲ . . . ။ ရှေ့မှာ ပြောခဲ့သလို ရိုင်ဘိုဆုမ်းထဲ အင်္ဂါနုပ် (Subunit) နှစ်ခု ပါပါတယ်။ နှလုံးရဲ့ အပေါ်ခန်းနဲ့ အောက်ခန်းလိုမျိုး အကြီးတစ်ခုရဲ့ ဘေးမှာ အသေးတစ်ခုက ကပ်နေတာပေါ့။ အဲဒီအစိတ်အပိုင်း တစ်ခုချင်းစီကို RNA ရော ပရိုတင်းတွေနဲ့ပါ တည်ဆောက်ထားပြီး RNA အပိုင်းအစတွေမှာလဲ အလျားမတူတဲ့ မော်လီကျူးမျိုးကွဲတွေ ပါဝင်နေပါတယ်။ အစတုန်းက ဝုစ်က အင်္ဂါနုပ်ကြီးထဲက ‘5S’ (ဖိုက်ဖ်-အက်စ်) လို့ ခေါ်တဲ့ RNA မော်လီကျူးတိုလေးကို ရွေးခဲ့တာပါ။ ဘာလို့ အဲလိုခေါ်လဲကတော့ နည်းနည်းရှုပ်လို့ စာဖတ်သူ မစဉ်းစားနေပါနဲ့။ ‘၅’ ဆိုတဲ့ ဂဏန်းလေးကိုပဲ မှတ်ထားလိုက်ပါ။ ဒါပေမဲ့ ဒီမော်လီကျူးက တိုလွန်းတော့ သူ့ထဲပါတဲ့ အချက်အလက်က သိပ်နည်းပြီး အားမရစရာ ဖြစ်ခဲ့တယ်။ RNA ကို ဖွဲ့စည်းထားတဲ့ နျူကလီယိုတိုက် အက္ခရာတွေက DNA နဲ့ နည်းနည်းကွဲပါတယ်။ A, C, G နဲ့ U ဆိုပြီးပါ — DNA က ‘T’ (Thymine) ကို RNA မှာတော့ ‘U’ (Uracil) အဖြစ် အစားထိုးလိုက်လို့ပါ။ ခုနက 5S လို စဉ်တန်းအတိုလေးတွေမှာက သက်ရှိတစ်မျိုးနဲ့ တစ်မျိုး သေချာခွဲခြားနိုင်လောက်တဲ့အထိ ACGU အက္ခရာတွေ လုံလုံလောက်လောက် မပါဝင်ခဲ့ဘူး။ ဒါနဲ့ပဲ သူက အင်္ဂါနုပ်ငယ်ထဲ ပါတဲ့ ခပ်ရှည်ရှည် မော်လီကျူးစဉ်တန်းတစ်ခုကို ပြောင်းလိုက်ပါတယ်။ နာမည်ကြားရင် စာဖတ်သူ ခေါင်းနောက်သွားနိုင်ပေမဲ့ ပြောတော့ ပြောရမယ်။ ဘာလို့လဲ . . . ?၊ သိပ်အရေးကြီးလို့ပေါ့။ တစ်ခါတည်း မှတ်ထားလိုက်ရင် အသုံးဝင်မှာပါ။ ’16S rRNA’ ပါတဲ့။ သိပ်မဆိုးဘူး ဟုတ် . . . ?။
အင်္ဂလိပ်လိုဆိုရင်တော့ “sixteen-S ribosomal RNA” (၁၆-အက်စ် ရိုင်ဘိုဆုမ်း RNA) လို့ ခေါ်တာပေါ့။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတိုင်းရဲ့ ဆဲလ်ဖွဲ့စည်းမှုမှာ ပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး ဝုစ်ကလဲ အစပိုင်းက ဘက်တီးရီးယားတွေကိုပဲ အဓိကထား လေ့လာခဲ့တာပါ။
တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ မှိုတွေလိုမျိုး ပိုရှုပ်ထွေးတဲ့ သက်ရှိတွေရဲ့ ရိုင်ဘိုဆုမ်းထဲမှာကျတော့ သူနဲ့ အတော်လေး ဆင်တူတဲ့ ၁၈-အက်စ် RNA (18S rRNA) ဆိုတာ ရှိပါတယ်။ ဒါကြောင့် ဒီ ၁၆-အက်စ် မော်လီကျူးနဲ့ သူ့ရဲ့ အမျိုးကွဲ ၁၈-အက်စ်တို့ဟာ ဆဲလ်နဲ့ဖွဲ့စည်းထားတဲ့ သက်ရှိအားလုံးကြားက ဆက်စပ်မှုတွေနဲ့ ခွဲထွက်လာပုံတွေကို ဖော်ထုတ်ဖို့ရာ အကောင်းဆုံး စံနှုန်းနဲ့ အသင့်တော်ဆုံး သဲလွန်စကြီး ဖြစ်လာခဲ့တာပေါ့။ ပြောရရင် သက်ရှိသစ်ပင်ကြီးကို ပုံဖော်ဖို့အတွက် မော်လီကျူးအဆင့်ကနေ စလို့ တခြားဘယ်နေရာမှာမဆို အားအကိုးရဆုံး အထောက်အထားတစ်ရပ်ပဲ။ ဒီအချက်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာဟာ နယူးယော့ခ်တိုင်းမ် မျက်နှာဖုံးသတင်းထဲ ဖော်ပြမခံရတဲ့တိုင် ၂၀ ရာစုနဲ့ ၂၁ ရာစု ဇီဝဗေဒလောကအတွက်တော့ ကားလ်ဝုစ် ယူဆောင်ပေးနိုင်ခဲ့တဲ့ အကြီးကျယ်ဆုံးသော စွမ်းဆောင်ချက်လို့ ဆိုနိုင်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းတုန်းက ဝုစ်ရဲ့ အန္တိမရည်မှန်းချက်ဟာ သက်ရှိအမျိုးမျိုးဆီက ရိုင်ဘိုဆုမ်း RNA တွေကို ထုတ်ယူဖို့၊ အဲဒီထဲကမှ သူရွေးချယ်ထားတဲ့ rRNA မော်လီကျူးရဲ့ မျိုးရိုးဗီဇစဉ်တန်း (genetic sequence) ကို အတတ်နိုင်ဆုံး ဖော်ထုတ်ဖို့နဲ့ သူတို့အချင်းချင်းကြား ဘယ်လောက်အထိ နွယ်ယှက်နီးစပ်သလဲဆိုတာ နှိုင်းယှဉ်တွက်ချက်ဖို့ပါပဲ။ ဘက်တီးရီးယားမျိုးကွဲ အတော်များများက ဓာတ်ခွဲခန်းထဲ မွေးမြူရလွယ်ကူသလို သူတို့ရဲ့ စုပေါင်းသမိုင်းကြောင်းကလဲ အင်မတန် ရှေးကျလှတာကြောင့် ဝုစ်တစ်ယောက် ဘက်တီးရီးယားတွေကနေပဲ စလိုက်တယ်။ မတူညီတဲ့ ဘက်တီးရီးယား မျိုးစုအမြောက်အမြားကို လေ့လာခြင်းအားဖြင့် ဆင့်ကဲပြောင်းလဲမှု သိပ်နှေးကွေးလှတဲ့ 16S rRNA လို မော်လီကျူးမျိုးမှာတောင် သူတို့ကြားက ခြားနားချက်တွေကို ရှာဖွေတွေ့ရှိနိုင်မဲ့ အခွင့်အရေး ရှိခဲ့တာပေါ့။ သူနဲ့ သူ့အဖွဲ့သားတွေဟာ ဘက်တီးရီးယားဆဲလ်တွေထဲကနေ ရိုင်ဘိုဆုမ်း RNA တွေကို အရင်ဆုံး ထုတ်ယူကြတယ်၊ ပြီးတော့ ၁၆-အက်စ် (16S) မော်လီကျူး နမူနာတွေကို တစ်ခုချင်း သန့်စင်ပြီး အင်ဇိုင်း (enzymes) တွေ သုံးရင်း အရွယ်အစား အမျိုးမျိုးရှိတဲ့ အစအနလေးတွေ ဖြစ်အောင် ဖြတ်တောက်ကြပါတယ်။ ဒီ့နောက် အရည်စိမ် စက္ကူ မဟုတ်လဲ ဂျယ်လ် (gel) ပြားကို ပြေးလမ်းတစ်ခုလို အသုံးပြုပြီး အဲအစအနလေးတွေကို လျှပ်စီးကြောင်းနဲ့ ခွဲထုတ်တဲ့နည်း (electrophoresis) သုံးပြီး သီးခြားစီ ခွဲလိုက်ကြတယ်။
လျှပ်စီးနဲ့ မော်လီကျူး ခွဲတဲ့ Electrophoresis ဖြစ်စဉ်မှာဆိုရင် အရွယ်စုံ ဆိုဒ်စုံ ရောနှောနေတဲ့ မော်လီကျူးအပိုင်းအစလေးတွေပါတဲ့ အရည်ကို ခုနက ပြေးလမ်းပေါ် တင်ပြီး လျှပ်စီးလွှတ်လိုက်ချိန်မှာ လျှပ်ဓာတ်က ဒီအစအနတွေကို ဆွဲခေါ်သွားပါတယ်။ အဲမှာ အပိုင်းသေးလေးတွေက အကြီးတွေထက် ပိုမြန်မြန်ပြေးနိုင်တာကြောင့် ပြေးလမ်းတစ်လျှောက် အစင်းကြောင်းတွေ၊ ဘဲဥပုံအစက်လေးတွေအဖြစ် သီးခြားစီ ကွဲထွက်သွားကြတာပဲ။ ဝုစ်ရဲ့ သုတေသနမှာတော့ ဒီအပိုင်းအစငယ်တစ်ခုစီမှာ A, C, G, U ဆိုတဲ့ အခြေခံအက္ခရာတွေ နည်းနည်းစီပဲ ပါဝင်ပါတယ် — ၃ လုံး၊ ၅ လုံး၊ ၈ လုံးကနေ အများဆုံး ၂၀ လောက်အထိပဲ ပါတာပါ။ ဒါက မော်လီကျူးကြီး တစ်ခုလုံးနဲ့ ယှဉ်ရင်တော့ အင်မတန် သေးငယ်တဲ့ အစအနလေးတွေပေါ့။ အဲလို ခွဲထုတ်ပြီးသား အပိုင်းအစလေးတွေကို နောက်ထပ်တစ်ကြိမ် ဘေးတိုက် ထပ်ပြီး ဆွဲထုတ်လိုက်ချိန်မှာတော့ A, C, G, U အက္ခရာတွေရဲ့ ဓာတုဗေဒနဲ့ လျှပ်ဓာတ် ကွဲပြားချက်တွေအပေါ် မူတည်ပြီး တိတိကျကျ အစီအစဉ်တွေ ပေါ်လာပါတော့တယ်။ ရှည်လျားလွန်းတဲ့ မော်လီကျူး ကွင်းဆက်ကြီးတစ်ခုလုံးကို တစ်ခါတည်း ဖော်ထုတ်ရတာထက်စာရင် အခုလို အပိုင်းအစ သေးသေးလေးတွေကို တစ်ခုချင်း ဖော်ထုတ်ရတာက ပိုလွယ်တာကိုး။ AAUUUUUCAUUCG ဆိုတဲ့ စာသားအရှည်ကြီးထက် AAG လိုမျိုး အတိုလေးကို ခွဲခြားရတာ ပိုလွယ်တယ်ဆိုတာ စာဖတ်သူလဲ ရိပ်စားမိလောက်ပါရဲ့။
ဒီအလုပ်မှာ အဆင့်ဆင့် ရှိပါတယ်။ ပထမအဆင့်မှာ မော်လီကျူး အပိုင်းအစလေးတွေကို တစ်ခုနဲ့တစ်ခု စ,ခွဲထုတ်တယ်။ ဒုတိယအဆင့်မှာတော့ ဘေးတိုက် ထပ်မံခွဲထုတ်လိုက်တဲ့အခါ ပြေးလမ်းအတိုင်းတင်မကဘဲ ဘေးဘက်ကိုပါ ပြေးလွှားသွားကြရင်း တစ်ခုချင်းစီကို သီးသန့် ခွဲခြားလို့ ရလာတော့ ဒီမော်လီကျူးလေးတွေအကြောင်း ပိုသိလာရတာပေါ့။ ဒီအစအနလေးတွေမှာ ရေဒီယိုသတ္တိကြွဓာတ် ပါနေတဲ့အတွက် X-ray ဖလင်ပြားတွေပေါ် ဘဲဥပုံအကွက်လေးတွေအဖြစ် ထင်ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ဝုစ်လို ကျွမ်းကျင်ပညာရှင်တွေဟာ ဒီအကွက်တွေ ပါတဲ့ ဖလင်ပြားကို ကြည့်ပြီး မျိုးဗီဇစဉ်တန်းကို ဖော်ထုတ်နိုင်ပါတယ် — တစ်နေရာစီ ခွဲထားတဲ့ A, C, G, U အက္ခရာတွေဟာ ဒီမော်လီကျူးပိုင်းထဲမှာ ဘယ်လိုပုံစံနဲ့ အစဉ်လိုက် တည်ရှိနေခဲ့သလဲ မြင်သာနားလည်နိုင်တာမျိုးပေါ့။ အဲလို ရှင်းရှင်းလင်းလင်း သိလိုက်ရချိန်မှသာ ဒီအစအနတွေဟာ ဝါးတားတား အမှုန်အမွှားလေးတွေ မဟုတ်တော့ဘဲ စကားလုံးတစ်လုံးလို ဖြစ်သွားပြီး သူတို့ဆီမှာ ကိုယ်ပိုင်ဖွဲ့ထုံး (spelling) တွေ ရှိလာတာပဲ။ ဒီစကားလုံးလေး၊ ဒီအပိုင်းအစလေးရဲ့ ဖွဲ့ထုံးက ဘာဖြစ်မလဲ။ CAAG လား၊ ဒါမှမဟုတ် CAUG လား၊ ဒါမှမဟုတ် ပိုရှည်လျားပြီး မတူကွဲပြားတဲ့ CUAUGG လိုမျိုးလား။ ဒီအဖြေတွေက သိပ်ကို အရေးကြီးပါတယ်။ အကြောင်းက ဒီစကားလုံးတွေကို စုစည်းပြီး စာပိုဒ်တွေအဖြစ် ပုံဖော်လိုက်နိုင်ချိန်မှာ သက်ရှိတွေကြား ဘယ်လောက်အထိ အမျိုးနီးစပ်မှုရှိသလဲဆိုတာ ဝုစ် ကောက်ချက်ချနိုင်မှာမို့ပါ။
ဒုတိယအဆင့် ခွဲထုတ်ပြီးချိန်မှာ မော်လီကျူးစဉ်တန်းတွေက မပြတ်သားတာ (ဝေဝါးနေတာမျိုး) မကြာခဏ ဖြစ်တတ်ပါတယ် — ပိုရှည်တဲ့ အပိုင်းလေးတွေမှာဆို အဖြစ်များတာမျိုး။ ဒီ့အခါမှာတော့ တခြားအင်ဇိုင်းတွေကို သုံးပြီး ထပ်ဖြတ်တောက်ရသလို တတိယအဆင့်အနေနဲ့လဲ နောက်တစ်ကြိမ် ပြန်ခွဲထုတ်ရပြန်ပါတယ်။ ရှားရှားပါးပါး စတုတ္ထအဆင့်ထိ လုပ်ရတာမျိုးလဲ ရှိနိုင်ပေမဲ့ မလိုအပ်သလို လက်တွေ့မှာလဲ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေကို ကျွေးထားတဲ့ ရေဒီယိုသတ္တိကြွ ဖော့စဖရပ်ရဲ့ သက်တမ်းဝက် (Half-life) က သိပ်တိုတာကြောင့် ဓာတ်ရောင်ခြည်တွေ ခပ်မြန်မြန်ပဲ အားပျော့သွားတတ်လို့ပါ။ နှစ်ပတ်လောက် ကြာသွားပြီးရင် အဲအပိုင်းလေးတွေက ဖလင်ပြားပေါ်မှာ ပုံရိပ်ဆက်ထင်နိုင်စွမ်း မရှိတော့ပါဘူး။ သို့သော်လဲ အတွေ့အကြုံ ရလာတာနဲ့အမျှ ဝုစ်ဟာ ဒီအပိုင်းအစတွေကို ဘယ်လိုဖြတ်တောက်ရမလဲ ကောင်းကောင်းသိလာပြီး အလုပ်အားလုံးကို အများဆုံး အဆင့် ၃ ဆင့်တည်းမှာတင် အချောသတ်လာနိုင်ပါတော့တယ်။
မစ်ချယ် ဆိုဂင်နဲ့ သူ့နောက်က ကျောင်းသားတွေကတော့ အဏုဇီဝပိုးတွေ မွေးမြူတာ၊ RNA ထုတ်ယူတာ၊ အပိုင်းအစလေးတွေဖြစ်အောင် ဖြတ်တောက်တာနဲ့ လျှပ်စစ်နဲ့ ခွဲထုတ်တာ (electrophoresis) တွေကို တာဝန်ယူ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ဟာ ဖြတ်တောက်တဲ့နေရာမှာ အင်ဇိုင်းအသစ်တွေ သုံးတာ၊ နည်းစနစ်တွေကို ပြုပြင်မွမ်းမံတာတွေ လုပ်ရင်းနဲ့ ဒီပညာရပ်ကို ပိုပြီး တိုးတက်အောင် လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဝုစ်ရဲ့ ဓာတ်ခွဲခန်းဟာ ဆန်ဂါ့နည်းလမ်းသုံး RNA စဉ်တန်းဖော်ထုတ်တဲ့ (RNA sequencing) နည်းပညာမှာ ကမ္ဘာ့အကျွမ်းကျင်ဆုံး ဖြစ်လာပါတော့တယ်။ ပါရဂူကျောင်းသားတွေနဲ့ နည်းပညာရှင်တွေက မော်လီကျူးလက်ဗွေရာတွေ ထုတ်လုပ်ပေးနေချိန်မှာ ဝုစ်ဟာ သူ့အချိန်အများစုကို အဲဒီအစက်ကလေးတွေ စိုက်ကြည့်ရင်းပဲ ကုန်လွန်စေခဲ့ပါတယ်။ သိပ်ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဒီအလုပ်မျိုးမှာ အားစိုက်ထုတ်ရတာနဲ့ ညီမျှတဲ့ အကျိုးရလဒ်မျိုး ရှိသလားလို့ မေးစရာပါပဲ။ ရှိပါတယ်။ “ဝုစ်ရေ၊ ဒီနေ့လဲ မင်းဦးနှောက်ထုံစရာအလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးခဲ့ပြန်ပြီ” လို့ ညည်းတွားရင်း အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတဲ့ နေ့တွေ အများကြီးရှိခဲ့တယ်လို့ ဝုစ်က နောက်ပိုင်း ပြန်ပြောင်းရေးသားခဲ့ပါတယ်။ ၁၉၆၈ ကနေ ၁၉၇၇ ခုနှစ်အထိ ကြားကာလတွေဟာ သိပ်ကို အထီးကျန်ပြီး ရှည်လျားလွန်းလှပါတယ်။ ဒီဘက်ခေတ်မှာ အခုလို မျိုးဗီဇစဉ်တန်း ဖော်ထုတ်တာက အချိန်ခဏလေးနဲ့ ပြီးသွားနိုင်ပေမဲ့ ဝုစ်တုန်းကတော့ သူဟာ သူ့ခေတ်ထက် အများကြီးရှေ့ရောက်နေခဲ့သူ ဖြစ်လို့ အချက်အလက်တွေကို စုဆောင်းခဲ့ရပုံက သဲကန္တာရထဲမှာ လက်နဲ့ ဒူးနဲ့တိုက်ပြီး တရွေ့ရွေ့ သွားနေရသလိုမျိုး သိပ်ကို ခက်ခဲပင်ပန်းလှပါတယ်။ ခိုင်မာတဲ့ ရည်မှန်းချက်သာ မရှိရင် ဒါကို သူ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဝုစ်ရဲ့ လက်ထောက်၊ ဒါမှမဟုတ် ကျောင်းသားဖြစ်ဖို့ကလဲ တကယ့်ကို ကြံ့ကြံ့ခံဇွဲသန်ဖို့ လိုပါတယ်။ ၁၉၇၂ ခုနှစ်ဝန်းကျင်က ဓာတ်ခွဲခန်း အခြေအနေကို ဆိုဂင် ပြန်ပြောပြတာအရ နှစ်ပတ်ကိုတစ်ခါ တနင်္လာနေ့တိုင်း ရေဒီယိုသတ္တိကြွ ဖော့စဖရပ် (P-32) တွေ အမြောက်အမြား ရောက်လာတတ်တယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းတွေက ပို့ဆောင်သူအတွက်ပဲ ဘေးကင်းအောင် လုပ်ထားတဲ့ ခဲဘူး (lead “pig”) ထဲ ထည့်ထားတာ ဖြစ်ပြီး ဖွင့်ကြည့်မဲ့သူအတွက် အကာအကွယ် မပါပါဘူး။ ဆိုဂင်က ဒီအရည်တွေကို တိုင်းထွာပြီး သူလေ့လာမဲ့ ဘက်တီးရီးယားတွေထဲ ထည့်ပေးရပါတယ်။ “ကျွန်တော် P-32 ကို သုံးပြီး သက်ရှိတွေ မွေးခဲ့တာ တကယ်ရူးချင်စရာပဲ။ အခုထိ ဘယ်လိုတောင် ဆက်အသက်ရှင်နေနိုင်သေးလဲ မသိဘူး” လို့ သူက သာမန်အမှတ်တရတစ်ခုလိုပဲ ပြန်ပြောပြတာပါ။ ဘက်တီးရီးယားတွေက တခြား ဖော့စဖရပ် အာဟာရ မရှိတော့တဲ့အခါ အဲဒီ ရေဒီယိုသတ္တိကြွပစ္စည်းတွေကိုပဲ အငမ်းမရ စားသုံးပြီး သူတို့ရဲ့ မော်လီကျူးတွေထဲ ထည့်လိုက်ကြတာပေါ့။ ဒီ့နောက်မှာတော့ ဓာတ်ခွဲခန်းထဲ ရေဒီယိုသတ္တိကြွမှုတွေ ပျံ့မသွားအောင် သေချာထိန်းသိမ်းရင်း ရိုင်ဘိုဆုမ်း RNA တွေကို ထုတ်ယူရပါတယ်။ ဒီလိုပဲ မျှော်တလင့်လင့်နဲ့ လုပ်ရတာပေါ့လေ။ ၁၆-အက်စ် (16S) ကို တခြား ရိုင်ဘိုဆုမ်း အပိုင်းအစတွေထဲကနေ ခွဲထုတ်ဖို့အတွက် သူဟာ ကိုယ်တိုင်လုပ်ထားတဲ့ လျှပ်စစ်ခွဲထုတ်စက် (electrophoresis units) တွေကို သုံးခဲ့ပါတယ် — မော်လီကျူး အပိုင်းငယ်လေးတွေကို အရှိန်အမျိုးမျိုးနဲ့ ဖြတ်သန်းစေမဲ့ အခရိုင်းလာမိုက် ဂျယ်လ် (acrylamide gel) ဆလင်ဒါချောင်းလေးတွေပေါ့။ (အခရိုင်းလာမိုက်က သိပ္ပံမှာတင်မကဘဲ စက်မှုလုပ်ငန်းတွေမှာလဲ သုံးတတ်တဲ့ ရေမှာပျော်ဝင်နိုင်စွမ်းရှိတဲ့ ပျစ်တစ်တစ် ပစ္စည်းတစ်မျိုးပါ။)
ပြီးတော့မှ အဲဒီ ဂျယ်လ်ချောင်းလေးတွေကို အေးခဲအောင်လုပ်ပြီး ဘိုလော့ဂ်နာ (bologna) အသားချောင်းလေးတွေ ပါးပါးလှီးသလိုမျိုး ဓားတစ်ချောင်းနဲ့ တိတိကျကျ လှီးဖြတ်ရပါတယ်။ ဒီအလုပ်ကလဲ သိပ်မလွယ်ပါဘူး။ မပြတ်သင့်တဲ့ နေရာကနေ ပြတ်ကျသွားတာမျိုး ခဏခဏ ဖြစ်တတ်သလို အပူချိန်ကိုလဲ ကွက်တိဖြစ်နေအောင် ဂရုစိုက်ရပါတယ်။ ပြီးတော့ ဆိုဂင်က ပြောတယ် — “ဒါတွေက ရေဒီယိုသတ္တိတော်တော်ကြွနေတဲ့ ပစ္စည်းတွေဗျ”။ အဲနောက်မှာတော့ ဆိုဂင်က ၁၆-အက်စ် (16S) မော်လီကျူးတွေကို အင်ဇိုင်းတစ်ခုသုံးပြီး အပိုင်းငယ်လေးတွေဖြစ်အောင် ထပ်ခွဲလိုက်ပါတယ်။ အဲဒီ အပိုင်းအစလေးတွေကိုတော့ အရင်လို ဂျယ်လ်ဆလင်ဒါချောင်းထဲ မဟုတ်တော့ဘဲ စုပ်ယူမှုအားကောင်းတဲ့ အထူးစက္ကူပြား ပြေးလမ်းပေါ်မှာ ဒုတိယအဆင့်အနေနဲ့ ထပ်ပြီး ခွဲထုတ်ရပြန်တာပေါ့။
ရှည်လျားတဲ့ စက္ကူပြားရဲ့ တစ်ဖက်စွန်းကို (ဖရက်ဒရစ် ဆန်ဂါ တီထွင်ခဲ့လို့) ဆန်ဂါတင့် (Sanger tank) လို့ ခေါ်တဲ့ ဘတ်ဖာ (buffer) အရည်တွေ ထည့်ထားတဲ့ ကန်တစ်ခုထဲ ထည့်လိုက်ပါတယ်။ အဲဒီစက္ကူပြားက စင်တစ်ခုပေါ်ကနေ ဖြတ်သွားပြီး ကျန်တဲ့ တစ်ဖက်စွန်းကတော့ နောက်ထပ် ဆန်ဂါတင့်တစ်ခုထဲကို ကျပါတယ်။ ဒီကန်နှစ်ခုလုံးကိုတော့ လျှပ်စစ်ဓာတ်အားပေးမဲ့ စက်တစ်ခုနဲ့ ချိတ်ဆက်ထားတာပါ။ ကန်တွေရဲ့ အောက်ခြေမှာ ဗို့အားမြင့် ပလက်တီနမ် လျှပ်ခေါင်း (electrodes) တွေ ရှိပါတယ်။ အဲဒီလျှပ်ခေါင်းတွေကို သုံးလက်မလောက်ရှိတဲ့ ဘတ်ဖာအရည်နဲ့ အရင်ဖုံးထားပြီး အပေါ်ကနေ စက္ကူပြားကို အအေးခံဖို့အတွက် “ဗာဆို” (Varsol) လို့ခေါ်တဲ့ (ဆေးသုတ်ရင် သုံးတဲ့ သင်နာ – Thinner နဲ့ ခပ်ဆင်ဆင်) အရည်ကို ၁၅ လက်မလောက် အနည်းဆုံး ထပ်လောင်းထည့်ထားပါတယ်။ “ဗာဆိုက အငွေ့ပျံလွယ်သလို ပေါက်ကွဲလဲ လွယ်တယ်” လို့ ဆိုဂင်က ပြောပြတယ်။ အဲတုန်းက လျှပ်စစ်အားက ဗို့အား ၃,၅၀၀ ဝန်းကျင်နဲ့ အမ်ပီယာ (amps) လည်း အတော်များတယ်လို့ သူက ဆိုတယ်။ “လူတစ်ယောက်ကို သေစေဖို့ သေချာပေါက် လုံလောက်တဲ့ ပမာဏပေါ့” တဲ့။ မတော်တဆ မီးပွားလေးတစ်ခုခုသာ ဗာဆိုအရည်ထဲ လွင့်စင်သွားရင် ခင်ဗျားကိုပါ တစ်စစီဖြစ်အောင် ဖောက်ခွဲလိုက်နိုင်တဲ့ အားမျိုး။
ဒီအန္တရာယ်များပြီး ရှုပ်ထွေးလှတဲ့ စက်ကိရိယာ အစုအဝေးကြီးတစ်ခုလုံးကို ဓာတ်ခွဲခန်းမကြီးရဲ့ ဘေးကပ်လျက်က “လျှပ်ခွဲထုတ်ခန်း” (electrophoresis room) လို့ ခေါ်တဲ့ အခန်းကျဉ်းလေးထဲက အကာအကွယ်အဖုံး (shielding hood) တစ်ခုထဲ ထည့်ထားတာပါ။ ဒီနေရာကို ကြမ်းပြင်ကနေ မျက်နှာကျက်အထိ အပြည့်ရှိတဲ့ လျှောတံခါးကြီးတွေနဲ့ ပိတ်ထားလို့ ရတယ်။ စနစ်တစ်ခုလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးတာနဲ့ တံခါးတွေ ပိတ်၊ လျှပ်စစ်လွှတ်လိုက်ပြီး ဘာအမှားအယွင်းမှ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရတာပေါ့။ “အဲတုန်းက ကျွန်တော် ဘာမှ ကြောက်ရကောင်းမှန်း မသိလောက်အောင်ကို အူအခဲ့တာပါ” လို့ ဆိုဂင်က စာရေးသူကို ပြောပြပါတယ်။ “သိပ်လဲ ရိုးလွန်းတယ်၊ အသက်ကလဲ ငယ်ငယ်၊ ဘယ်တော့မှ မသေဘူးလို့ ထင်ခဲ့တာ” . . . ။ ဆိုဂင် ကံတော့ကောင်းရှာတယ်၊ တခြားဘယ်သူမှလဲ ထိခိုက်ဒဏ်ရာ မရလိုက်ပါဘူး။
ဆိုဂင်တစ်ယောက် သူ့ပါရဂူဘွဲ့ပြီးဆုံးလို့ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဝုစ်က လင်ဒါ ဘိုးနန် (Linda Bonen) အမည်ရ အမျိုးသမီးငယ်တစ်ဦးကို နည်းပညာပိုင်းဆိုင်ရာအတွက် အလုပ်ခန့်လိုက်ပါတယ်။ ဒီတိုင်းပဲ တခြားအဆောက်အအုံတစ်ခုကနေ တန်းဝင်လာပြီး အလုပ်ရသွားတာ။ ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်ရဲ့ တောမြို့လေးမှာ ကြီးပြင်းခဲ့တဲ့ လင်ဒါဟာ အီလီနွိုင်းတက္ကသိုလ်မှာ ဇီဝရူပဗေဒ (biophysics) နဲ့ မာစတာဘွဲ့ ယူထားသူ ဖြစ်ပါတယ်။ ဝုစ်ဟာ လင်ဒါ့ကို ဒီဓာတ်ခွဲခန်းအလုပ်တွေအကြောင်း အနီးကပ်သင်ကြားပေးခဲ့ပါတယ်။ RNA တွေကို အပိုင်းငယ်လေးတွေဖြစ်အောင် ဘယ်လိုဖြတ်တောက်မလဲ၊ လျှပ်စီးကြောင်းသုံးပြီး နှစ်ဖက်မြင်ပုံစံ ဘယ်လို ခွဲထုတ်ရမလဲ၊ ဖလင်တွေကို ဘယ်လိုပြင်ဆင်မလဲ ဆိုတာမျိုးပေါ့။ ဒါတင်မကသေးဘဲ ဖလင်ပေါ်က အစက်ကလေးတွေကို ကြည့်ပြီး ဘယ်မော်လီကျူး အပိုင်းအစက ဘယ်အက္ခရာစုလေးတွေကို ကိုယ်စားပြုသလဲ ကောက်ချက်ချပုံကိုပါ နည်းနည်းပါးပါး လက်ဆင့်ကမ်းလိုက်သေးတယ်။ အဲဒီ အက္ခရာလေးတွေကို ခွဲခြားရတာက တစ်ခါတလေကျရင် သိပ်ခက်ခဲတယ်။ UCUCG လား၊ UUUCG လား ဆိုတာမျိုးပေါ့။ ဒါပေမဲ့ GAAGU ဆိုတာမျိုးကျတော့လဲ သိသိသာသာ ကွဲထွက်နေပြန်တာပဲ။ ဝုစ်ကတော့ ဒီအလုပ်တွေနဲ့ သူတို့ရဲ့ အနှစ်သာရတွေကို လင်ဒါ့ကို စိတ်ရှည်လက်ရှည်နဲ့ပဲ သေသေချာချာ လေ့ကျင့်သင်ကြားပေးခဲ့တာပေါ့။
“သူ ကျွန်မကို သေသေချာချာ လက်တွဲခေါ်ခဲ့တာ” လို့ ဘိုးနန်က ပြန်ပြောင်းပြောပြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က အကြောင်းတွေကို စာရေးသူတို့ အော့တဝါ (Ottawa) တက္ကသိုလ်မှာ စမြုံ့ပြန်ဖြစ်ခဲ့ကြတာပါ။ အခုတော့ သူကိုယ်တိုင်လဲ ဆံပင်ဖြူဖြူနဲ့ မော်လီကျူးမျိုးရိုးဗီဇပညာမှာ အင်မတန်နှံ့စပ်တဲ့ ကျောင်းဆရာမတစ်ယောက်လို သိမ်သိမ်မွေ့မွေ့ ဇီဝဗေဒပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ “ဒီအလုပ်ရဲ့ နောက်ဆုံးရလဒ်က ‘အဏုဇီဝပိုးမွှား X’ အတွက် ‘ကတ်တလောက်’ (Catalog) တစ်ခု ရလာဖို့ပါပဲ” လို့ သူက ဆိုပါတယ်။ အဲဒီသက်ရှိရဲ့ 16S rRNA မော်လီကျူးထဲမှာ တွေ့ရတဲ့ မတူညီတဲ့ အပိုင်းအစလေးတွေရဲ့ စာရင်းပါပဲ။ ကတ်တလောက်ပေါ့။ တကယ်လို့သာ အပိုင်းအစလေးတွေက ‘စကားလုံး’ တွေဆိုရင် ဒီကတ်တလောက်တွေဟာ ‘စာပိုဒ်’ တွေ ဖြစ်လိမ့်မယ်။ ကတ်တလောက် တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်တဲ့အခါ သက်ရှိနှစ်မျိုးကြားက ဆင်တူမှုအတိုင်းအတာကို သိပ်တိကျတဲ့ စံနှုန်းတစ်ခုနဲ့ သိနိုင်ပါတယ်။ ကွဲပြားမှု ပိုများလေ၊ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ သူတို့ကြားက အချိန်ကာလ ပိုပြီး အလှမ်းဝေးလေပါပဲ။ ပင်စည်မကြီးကနေ ကိုင်းကြီးတွေ ဘယ်နေရာမှာ ခွဲထွက်သွားတာလဲ၊ ကိုင်းကြီးတွေကနေ ကိုင်းသေးလေးတွေ ဘယ်လိုထပ်ခွဲတာလဲ။ ပြီးတော့ ဘာကြောင့် အဲဒီနေရာမှာ၊ အဲဒီအချိန်မှာ ခွဲထွက်ရတာလဲ၊ ဘယ်လိုသတ္တဝါတွေဆီကို ဦးတည်သွားတာလဲ။ အချက်အလက်တွေ စုဆောင်းရပြီး ငြီးငွေ့စရာကောင်းတဲ့ နည်းလမ်းတွေရဲ့ အလွန်မှာ ဝုစ် တကယ်အဖြေရှာချင်နေတဲ့ မေးခွန်းတွေက ဒါတွေပါပဲ။
အလုပ်ရှင်အနေနဲ့ရော၊ ဆရာတစ်ယောက်အဖြစ်ပါ ကားလ်ဝုစ်က ဘယ်လိုလူစားမျိုးလဲလို့ ဘိုးနန်ကို စာရေးသူ မေးကြည့်ခဲ့ပါတယ်။
“သူ့ကို အလုပ်ရှင်တစ်ယောက်လို့ ကျွန်မ တစ်ခါမှ မခံစားရဖူးဘူး” လို့ သူက ပြောတယ်။ “စကားပြောသိမ်မွေ့ပြီး သိပ်အေးတဲ့သူ၊ သူ့ဘာသာပဲ ဖာသိဖာသာ နေတတ်တယ်။ ကျွန်မ အထင် ရှင်လဲ . . .” လို့ ပြောရင်း သူ ခေတ္တ တုံ့ဆိုင်းသွားပါတယ်။ “နေပါအုံး၊ ရှင်ကိုယ်တိုင်ရော သူ့ကို သိသလား။ လူကိုယ်တိုင် တွေ့ဖူးလား” တဲ့ . . . ။
တစ်ခါမှ မတွေ့ဖူးပါဘူး။ စာရေးသူ သူ့ကို အကျယ်တဝင့် မရှင်းပြတော့ပေမဲ့ တကယ့်အကြောင်းရင်းကတော့ ခပ်ရိုးရိုးပါ။ ဒီအကြောင်းတွေ စပြီး လိုက်လံစူးစမ်းဖို့ ပြင်ဆင်နေတဲ့အချိန် — ၂၀၁၂ ခုနှစ်နှောင်းပိုင်း — မှာပဲ ဝုစ် ကွယ်လွန်သွားခဲ့လို့ပါ။ သူဟာ မုန့်ချိုအိတ်ကင်ဆာ (pancreatic cancer) ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရပြီး ရက်ပိုင်းအတွင်းမှာတင် တမဟုတ်ချင်း ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။
“လူတိုင်းအတွက် သူက ‘ကားလ်’ ပါပဲ” လို့ ဘိုးနန်က ဆိုတယ်။ “သူက အလုပ်ရှင်တစ်ယောက်လို မဟုတ်ခဲ့ဘူး။”
ဘိုးနန်က သူ့ကိုယ်ပိုင်မှတ်တမ်းတွေထဲက အမှတ်တရ ဓာတ်ပုံတစ်ပုံကို စာရေးသူဆီ ထုတ်ပြတယ်။ ဝါစိမ်းရောင် မီးလင်းဖိုအောက်မှာ မေးစေ့ကို ခပ်တင်းတင်းစေ့ထားရင်း အနက်ရောင် အစက်အပြောက်တွေ မော့ကြည့်နေတဲ့ ကားလ်ဝုစ်ရဲ့ လူငယ်ဘဝပုံလေး။ ဆံပင်ညိုတိုတို၊ အစင်းကျား အားကစားရှပ်အင်္ကျီနဲ့ ရုတ်တရက်ကြည့်ရင် Beach Boys အဖွဲ့ဝင်တွေကြားထဲ စင်ပေါ်တက်ရသူ တစ်ယောက်လိုတောင် ခန့်ညားပြီး ခပ်လန်းလန်းရှိလှပါတယ်။ “ဒါ ကျွန်မဆီ ရှိတဲ့ တစ်ခုတည်းသော ပုံကောင်းလေးပါ” လို့ ဘိုးနန်က အားတုံ့အားနာ ပြောတယ်။ စာရေးသူ တွေးထင်ထားတာနဲ့ လုံးဝ ကွဲပြားနေတာပါ — စိတ်ထဲမှာ မြင်ယောင်ထားတာက နောက်ပိုင်းခေတ်က လူကြီး၊ ရှက်တတ်ပြီး ဂွကျတတ်သလို ဂုဏ်ဒြပ်လဲကြီးလှတဲ့ ဒေါက်တာ ကားလ်ဝုစ်ကိုပဲလေ။
သူက ရှက်တတ်တာတော့ ဟုတ်ပါတယ်လို့ ဘိုးနန်က ဆိုတယ်။ ဒါပေမဲ့ “ဂုဏ်ဒြပ်ကြီးတယ်” (august) ဆိုတာတော့ မဟုတ်ဘူး၊ အဲစကားလုံးက သူနဲ့ မလိုက်ဖက်သလို . . . ဒီနေရာမှာပဲ သူ့အသံ တိမ်ဝင်သွားတယ်။ ပြီးတော့မှ “ကျွန်မက သူ့ကို အချိန်တိုလေးအတွင်းမှာပဲ သိခဲ့တာ” လို့ ဖြည့်ပြောလေရဲ့။ ။
အခန်း ၂၊ အပိုင်း ၆
ပြီးပါပြီ