လာမာ့ခ်ရဲ့ ဆင့်ကဲသစ်ပင်က ပထမဆုံးဆိုရင် အဲဒါရဲ့ တစ်ဖက်ခြမ်းမယ်တော့ အက်ဒဝပ် ဟစ်ချ်ကော့ခ် (Edward Hitchcock) ရဲ့ အကုန်လုံးကို မြေလှန်မဲ့ ဒါဝင့်အယူအဆမပေါ်ခင် ဆယ်စုနှစ်များ အလိုလောက်က နောက်ဆုံးသစ်ပင်ပုံစံ ရှိပါလိမ့်မယ်။ တကယ်တော့ ဟစ်ချ်ကော့ခ်က ၁၈၄၀ ပြည့်နှစ်မှာ ထုတ်တဲ့ သူ့ရဲ့ Elementary Geology ဆိုတဲ့ စာအုပ်ထဲမှာ တိရစ္ဆာန်အတွက် တစ်ပင်၊ အပင်အတွက် တစ်ပင် ဆိုပြီး သက်ရှိသစ်ပင် နှစ်ပင်ကို သီးခြားစီ ဖော်ပြခဲ့တာပါ။ ဒီစာအုပ်က ၁၉ ရာစုအလယ်လောက်မှာ နာမည်ကြီးခဲ့ပြီး အကြိမ်ကြိမ် ပြန်ထုတ်နှိပ်ခဲ့ရတဲ့ ကျမ်းတစ်စောင်လဲ ဖြစ်ပါတယ်။ သူ့သစ်ပင်တွေက တမူထူးတဲ့ထဲ ပါတယ် — ရှင်သန်နေဆဲ သက်ရှိတွေကိုတင် လေ့လာတာ မဟုတ်ဘဲ ကျောက်ဖြစ်ရုပ်ကြွင်းတွေပေါ်ပါ နက်နက်နဲနဲတူးဆွရင်း ဆွဲသားခဲ့တာ။ သူ့ရဲ့ ပုံကားချပ်ကို ‘ရုပ်ကြွင်းဗေဒဆိုင်ရာ ဇယား’ (Paleontological Chart) လို့ အမည်ပေးခဲ့ပြီး အဲဒီထဲ ကမ္ဘာဦး ကမ်ဘရီယံခေတ် (Cambrian period – လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၄၀ ခန့်) ကနေ ဒီဘက်ခေတ်အထိ တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေ ဘယ်လိုစုံလင်ကွဲပြားလာသလဲဆိုတာ ဘူမိဗေဒအချိန်ကာလတွေနဲ့အညီ ဇယားဆွဲ ချပြထားပါတယ်။

ဟစ်ချ်ကော့ခ်ရဲ့ သစ်ပင်တွေက မေပယ်လ်ပင်နဲ့ ဝက်သစ်ချပင်တို့လို ဘေးကို ထီးထီးကြီး ကိုင်းဖြာခွဲထွက်သွားတဲ့ သမရိုးကျသစ်ပင်ပုံစံမျိုးတော့ မဟုတ်ပါဘူး။ သစ်ပင်နှစ်ပင်စလုံး (တိရစ္ဆာန် တစ်ပင်၊ အပင်အတွက် တစ်ပင်) ရဲ့ ပုံစံက လမ်းဘေးမှာ စီတန်းစိုက်ထားတဲ့ လောင်ဘာဒီ ပေါ့ပ်လာ (Lombardy poplars) အပင်တွေလို လေကာတန်းကြီးနဲ့ ပိုတူပါတယ်။ အဲဒီလေကာတန်းရဲ့ အောက်ခြေက ခိုင်ခိုင်ခံ့ခံ့ ပင်စည်ကြီးတစ်ခုနဲ့ စ,ပေမဲ့ အပေါ်မယ်တော့ အရွက်တွေ ဝေဆာနေတဲ့ အခက်အလက်သွယ်သွယ်လေးတွေအဖြစ်ပဲ ကိုင်းသိပ်မခွဲဘဲ တက်သွားကြတာပါ။ အကိုင်းအလက် တစ်ခုနဲ့တစ်ခုကလဲ သိပ်နွယ်ယှက်မနေဘဲ ဒေါင်လိုက်အတိုင်း သီးခြားစီ ပြိုင်တန်းနေကြတာမျိုး။ ဥပမာ၊ အခွံမာရေသတ္တဝါ၊ သန်ကောင်၊ ကမာမျိုးနွယ်နဲ့ ကျောရိုးရှိသတ္တဝါ ဆိုပြီး ဒေါင်လိုက်စီတန်းနေတာမျိုးပေါ့။ ဒါပေမဲ့ ကျောရိုးရှိသတ္တဝါခြမ်းကတော့ ထိပ်ဘက်ရောက်ချိန်မှာ အကိုင်းအခက်ငယ်တွေ အတော်များများ ထပ်ခွဲသွားပါတယ်။ အဲဒီထဲကမှ လက်ရှိခေတ် နို့တိုက်သတ္တဝါတွေဆီ မျက်နှာမူတဲ့ကိုင်းရဲ့ ထိပ်ဆုံးမှာတော့ “လူသား” (Man) ဆိုတဲ့ စကားလုံး ရှိနေပြီး အဲဒီလူသားရဲ့ အပေါ်မှာတော့ လက်ဝါးကပ်တိုင် ဆင်မြန်းထားတဲ့ ဘုရင့်သရဖူကြီးတစ်ခု ခန့်ခန့်ညားညား ရှိနေလေရဲ့။
အဲဒီ လက်ဝါးကပ်တိုင်ပါတဲ့ သရဖူဆောင်း “လူသား” ပုံဖော်ချက်က ဟစ်ချ်ကော့ခ်ရဲ့ သက်ရှိလောကအပေါ် ထားရှိတဲ့ အဆင့်အတန်း ခွဲခြားမှုကို မြင်သာစေတာပါပဲ။ သူက သူ့ရဲ့ ဘူမိဗေဒပညာကို “Natural Theology” (သဘာဝတရား အခြေပြု ဘာသာရေးအယူအဆ) ဆိုတဲ့ အစဉ်အလာပေါ် မယိမ်းမယိုင် အခြေခံထားတာပါ။ အဲဒါက သိပ္ပံပညာဆိုတာ အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ ဉာဏ်တော်ကို ထင်ရှားစေဖို့ ဖြစ်ပြီး လူသားဟာ အဲဒီဖန်ဆင်းခြင်းရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တယ်တဲ့။ ဟစ်ချ်ကော့ခ်က ဘာသာတရားလဲ အင်မတန် ကိုင်းရှိုင်းသလို ဇွဲလဲ တအားကောင်းတဲ့ အမေရိကန် နယူးအင်္ဂလန်သား တစ်ယောက်။ သူ့ရဲ့ ရုပ်ကြွင်းဗေဒဇယားကလဲ လူသားတွေဟာ ဖန်ဆင်းခြင်းတွေအနက် အမြတ်ဆုံးဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကိုရော၊ သူ့ရဲ့ ဘူမိဗေဒ ရှာဖွေတွေ့ရှိချက်တွေကိုပါ ထင်ဟပ်ဖော်ပြနေတာပေါ့။
ဟစ်ချ်ကော့ခ်ကို မက်ဆာချူးဆက်ပြည်နယ်၊ ဒီးယားဖီးလ်ဒ် (Deerfield) မြို့က ဆင်းရဲတဲ့ မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ သူ့အဖေက တော်လှန်ရေးစစ်ပြန် တစ်ယောက်ဖြစ်ပြီး ဦးထုပ်ချုပ်တဲ့ အလုပ်နဲ့ အသက်မွေးသူပေါ့။ အကြွေးတွေလဲ ရှိသလို သားသုံးယောက်လဲ မွေးထားတဲ့ ဖခင်ဖြစ်သူဟာ ဟစ်ချ်ကော့ခ်တို့ ညီအစ်ကိုတွေကို မူလတန်းကျောင်း ထားပေးဖို့နဲ့ ဒေသတွင်း အကယ်ဒမီကျောင်းမှာ ခဏတဖြုတ် တက်ခွင့်ရဖို့တောင် ငွေကို မနည်းရှာခဲ့ရရှာတာပါ။ အဲနောက်ပိုင်းမှာတော့ “ငါ့ဘဝက အလုပ်ကြမ်းလုပ်ရင်းပဲ ဆုံးခန်းတိုင်သွားတော့မယ်” လို့ ဟစ်ချ်ကော့ခ်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ သူ့အဖေဆီမှာ ဖြစ်ဖြစ်၊ တခြားနေရာမှာ ဖြစ်ဖြစ် ဦးထုပ်ချုပ်တဲ့ ပညာသင် ဒါမှမဟုတ် တခြား အတတ်ပညာသင်အဖြစ် ဝင်လုပ်ဖို့တော့ သူ လုံးဝ စိတ်မဝင်စားခဲ့။ အဲဒီအစား သူ့အစ်ကိုတစ်ယောက် သူရင်းငှားလုပ်နေတဲ့ လယ်တောမှာပဲ ဝင်လုပ်ပေးခဲ့တယ်။ အဲဒီမှာ လုပ်ခဲ့တဲ့ အချိန်ကာလက ဘယ်လောက်တောင် ကြာသွားလဲ (ဒါမှမဟုတ် ကြာတယ်လို့ပဲ ခံစားရတာလားမသိ) ဆိုရင် နောက်ပိုင်းမှာ သူကိုယ်တိုင်တောင် ဘယ်နှစ်နှစ် ကြာသွားမှန်း မမှတ်မိတော့ဘူးလို့ ပြောရတဲ့အထိပါပဲ။ ရတဲ့ အားလပ်ချိန်တွေ၊ အထူးသဖြင့် မိုးရွာတဲ့နေ့တွေနဲ့ ညနေခင်းတွေမှာ လူငယ်လေး အက်ဒဝပ်ဟာ သိပ္ပံပညာနဲ့ ဂန္ထဝင်စာပေတွေ ဆည်းပူးတယ်။ ရည်မှန်းချက်လဲ ကြီး၊ ပညာကိုလဲ ဆာလောင်တမ်းတသူမို့ သူဟာ ကိုယ့်ကိုယ်ကိုယ် ဟားဗတ်တက္ကသိုလ် သွားနိုင်လောက်အောင်ထိ ပြင်ဆင်ကြိုးစားခဲ့တယ်။ ပြီးတော့ ဦးလေးဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် နက္ခတ္တဗေဒကိုလဲ စပြီး လေ့လာဖြစ်ခဲ့တယ်။ အဲဒီအချိန်၊ ဟစ်ချ်ကော့ခ် အသက် ၁၈ နှစ်အရွယ်မှာပဲ ၁၈၁၁ ခုနှစ်ရဲ့ ကြယ်တံခွန်ကြီး ပေါ်လာပါတယ် —ဆောင်းဦးပေါက် မြောက်ဘက်ကောင်းကင်ယံထဲ အလင်းလက်တောက်ပဆုံး ကောင်းကင်ခရီးသည်ကြီးပေါ့။ သူဟာ ဒီးယားဖီးလ်ဒ် အကယ်ဒမီကနေ ကိရိယာတချို့ ငှားပြီး အဲဒီကြယ်တံခွန်ကြီး ရွေ့လျားပုံကို ညတိုင်းလိုလို တိုင်းတာလေ့လာခဲ့တယ်။ “ဒီအလုပ်မှာ ငါ့ကိုယ်ငါ ဘယ်လောက်တောင် အားသွန်ခွန်စိုက် ပုံအောပြီး ကြိုးစားခဲ့သလဲဆိုရင် ကျန်းမာရေးတောင် ဆိုးရွားသွားတဲ့အထိပဲ” — နောက်ပိုင်းကျ သူ ပြန်ပြောပြတယ်။
ကျန်းမာရေးဂယက်ကြောင့်ပဲ သူ့ရဲ့ ဘာသာရေးခံယူချက်က ပြောင်းသွားရတယ်။ အရင်က စိတ်ပါဝင်စားခဲ့တဲ့ တစ်ပါးတစ်ဆူအယူ (Unitarianism) ကနေ သူ့အဖေ ကိုးကွယ်တဲ့ အသင်းတော်ဝါဒ (Congregationalism) ဘက်ကို ပြန်လှည့်လာတာပါ။ အက်ဒဝပ် ဟစ်ချ်ကော့ခ်ရဲ့ ဘဝမှာ အကြီးအကျယ် စဉ်းစားဆုံးဖြတ်ခဲ့ရတဲ့ အပြောင်းအလဲတစ်ခုလို့ ပြောရမယ်။ ဟားဗတ်တက္ကသိုလ်ကိုလဲ မသွားဖြစ်တော့ဘဲ ဒီးယားဖီးလ်ဒ် (Deerfield) မြို့ဆီ ပြန်လာပြီး တစ်နည်းနည်းနဲ့ပဲ အသက် ၂၃ နှစ်မှာတင် အကယ်ဒမီကျောင်းအုပ် ဖြစ်လာလေရဲ့။ ဒီ့နောက်မှာတော့ ဟစ်ချ်ကော့ခ်တစ်ယောက် သာသနာပြုပညာ သင်ယူပြီး သိက္ခာတော်ရဆရာ ဖြစ်လာကာ ဒီးယားဖီးလ်ဒ်နဲ့ သိပ်မဝေးတဲ့ မက်ဆာချူးဆက်ပြည်နယ်၊ ကွန်ဝေး (Conway) မြို့က ဘုရားကျောင်းမှာ သင်းအုပ်ဆရာ လုပ်ခဲ့ပြန်တယ်။ ဟစ်ချ်ကော့ခ်က ဒီနှစ်ပိုင်းတွေနဲ့ သူ့ဘဝတစ်ဆုံးထိ သူ့ခန္ဓာကိုယ်က တကယ် မကျန်းမာနေတာမျိုး မဟုတ်ဘဲ သူ့စိတ်ကိုယ်၌က သူဟာ အမြဲမကျန်းမာဘူးလို့ အစွဲမှားနေခဲ့သူပါ။ သူ့ကိုယ်သူ အားနည်းပျော့ညံ့လှတယ်လို့ စိတ်စွဲနေပြီး အမြဲတမ်း သေခါနီးပြီလို့ ညည်းတွားနေတတ်ပေမဲ့ တကယ်က အသက် ၇၀ ကျော်အထိ နေသွားတာ။ သူ့အကြောင်း လေ့လာတဲ့ ပညာရှင်တစ်ယောက်ဆိုရင် သူ့ကို ထိပ်တန်းအဆင့် ရောဂါစိတ်စွဲဝေဒနာရှင် (Hypochondriac) လို့တောင် သမုတ်ခဲ့တဲ့အထိပဲ။
သူ့ရဲ့ သိပ္ပံပညာရှင်ဘဝဘက်ခြမ်းဆီ လှည့်ပြောရရင်တော့ ၁၈၂၅ ခုနှစ် ဆောင်းဦးပေါက်မှာ ကွန်ဝေး (Conway) မြို့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာအလုပ်ကနေ အနားပေးခံရတာက အချိန်ကိုက်ဖြစ်သွားတယ်။ အကြောင်းပြချက်က (သူ့ဘာသာ စိုးရိမ်တကြီး တွေးပူနေတဲ့အတိုင်း) တကယ်လို့သာ သူ တရားဟောတာတွေ၊ နယ်လှည့်တာတွေနဲ့ ဘာသာရေး နိုးကြားမှုပွဲတွေ လုပ်တာကို မရပ်ရင် ကျန်းမာရေး ချို့ယွင်းလာပြီး မကြာခင် သေရတော့မယ်ဆိုပြီးပါ။ အဲနောက်ပိုင်းမှာတော့ အသစ်တည်ထောင်ခါစ အမ်းဟတ်စ် ကောလိပ် (Amherst College) က သူ့ကို ဓာတုဗေဒနဲ့ သဘာဝသမိုင်း သင်ကြားပေးဖို့ ခန့်အပ်လိုက်တယ်။ သူဟာ အဲဒီကျောင်းမှာပဲ သူ့ဘဝတစ်လျှောက်လုံး အခြေချနေထိုင်သွားခဲ့ပြီး နောက်ပိုင်းမှာ သဘာဝဘာသာဗေဒ (Natural Theology) နဲ့ ဘူမိဗေဒ ပါမောက္ခအဖြစ် တာဝန်ယူခဲ့သလို ကိုးနှစ်တိုင်တိုင် ကျောင်းအုပ်ကြီးအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဟစ်ချ်ကော့ခ် အမ်းဟတ်စ်မှာ စပြီး အလုပ်လုပ်တဲ့ နှစ်တွေဟာ အင်္ဂလန်က ချားလ်စ် လိုင်ရယ် (Charles Lyell) သူ့ရဲ့ နာမည်ကျော် Principles of Geology ကျမ်းကြီးတွေကို ထုတ်ဝေတဲ့ အချိန်နဲ့လဲ သွားတိုက်ဆိုင်နေပါတယ်။ အဲဒီစာအုပ်ဟာ ဟစ်ချ်ကော့ခ်ရဲ့ ကိုယ်ပိုင်အယူအဆတွေ အပါအဝင် သမ္မာကျမ်းစာအပေါ် အခြေခံထားတဲ့ ဘူမိဗေဒဆိုင်ရာ အနက်ဖွင့်ဆိုချက်တွေကို အကြီးအကျယ် စိန်ခေါ်လိုက်တဲ့ တော်လှန်ရေးလက်ရာတစ်ခု ဖြစ်ခဲ့တာပဲ။
အဲဒီခေတ်က “မဟာကပ်ဘေးဝါဒ” (Catastrophism) လို့ ခေါ်ကြတဲ့ အစဉ်အလာ အယူအဆကြီးတစ်ခု ရှိလေရဲ့ — ကမ္ဘာ့သမိုင်းရဲ့ ကြောက်မက်ဖွယ် ကပ်ဘေးကြီးတွေဟာ ဖန်ဆင်းရှင်က မိုးကြိုးသွားတွေ ပစ်ချလိုက်သလိုကနေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့တယ် ဆိုတာပေါ့။ ဥပမာ၊ ကမ္ဘာဦးကျမ်းမှာ ပါတဲ့ ရက်ပေါင်း ၄၀၊ ညပေါင်း ၄၀ ကြာအောင် မိုးရွာပြီး ရေကြီးခဲ့တဲ့ နောဧရဲ့ မဟာရေလွှမ်းမှုလိုမျိုးပေါ့။ ဒီကပ်ဘေးတွေကို ဘုရားသခင်က ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည်ချက်တစ်ခုအတွက် လုပ်ဆောင်တာလို့ ယူဆကြတယ်။ ဆိုလိုတာက ဘုရားသခင်က ကမ္ဘာပေါ်က သတ္တဝါတချို့ကို ရှင်းထုတ်ပစ်ဖို့ (ဥပမာ- “ဒိုင်နိုဆောတွေ သွားပေတော့”) နဲ့ သတ္တဝါအသစ်တွေကို ဖန်ဆင်းထည့်သွင်းဖို့ (ဥပမာ- “နို့တိုက်သတ္တဝါတွေ ပေါ်လာစေ”) အခါအခွင့်သင့်သလို အသုံးချခဲ့တာလို့ ယုံကြည်ကြတာပါ။
လိုင်ရယ်ရဲ့ အယူအဆသစ်ကတော့ “သဘာဝတပြေးညီဝါဒ” (Uniformitarianism) ပါပဲ။ သူကတော့ အတိတ်မှာ ကမ္ဘာကြီးကို ပုံဖော်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ မြေတိုက်စားတာ၊ အနယ်ကျတာနဲ့ ရံဖန်ရံခါ မီးတောင်ပေါက်ကွဲတာမျိုးလို ရုပ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေပဲ ရှိတာလို့ အခိုင်အမာဆိုတယ်။ အဲဒီဖြစ်စဉ်တွေဟာ အခုလက်ရှိမှာ ဖြစ်ပျက်နေတဲ့ နှုန်းထားအတိုင်းပဲ အတိတ်မှာလဲ ဖြစ်ပျက်ခဲ့သလို ဒီလို သဘာဝရဲ့ ဖိအားတွေကြောင့်ပဲ မျိုးစိတ်တွေလဲ မျိုးသုဉ်းကုန်ရတယ် — တခြားအကျိုးသက်ရောက်မှုတွေလဲ ဒွန်တွဲလျက်ပေါ့။ လိုင်ရယ်ရဲ့ အယူအဆမှာတော့ ဘယ်လို သတ္တဝါတွေ၊ အပင်တွေ ကမ္ဘာပေါ် ရှင်သန်သင့်တယ်ဆိုတာကို ဘုရားသခင်က စိတ်ကူးတစ်မျိုး ပြောင်းပြီး ဝင်ရောက်စီမံတယ်ဆိုတဲ့အချက် လုံးဝ မပါဝင်ပါဘူး။
ဟစ်ချ်ကော့ခ်တစ်ယောက် လိုင်ရယ့်ကျမ်း ပထမသုံးတွဲ ထွက်လာတဲ့ ၁၈၃၀ ကနေ ၁၈၃၃ ခုနှစ်အတွင်းမှာတင် အမြန်လိုက်ဖတ်ကြည့်ခဲ့တယ်။ သို့သော် စာအုပ်ထဲက အချက်အလက်တွေက သူ့အတွက် စိတ်စနိုးစနောင့် ဖြစ်စရာတွေချည်းပဲ။ သူကိုယ်တိုင်က ကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ဂဏန်းလောက်ကမှ ဖန်ဆင်းခဲ့တာလို့ မျက်စိမှိတ်ယုံကြည်တဲ့ “မြေကမ္ဘာသက်တမ်းနု ဖန်ဆင်းရှင်ဝါဒီ” (Young-earth creationist) မျိုး မဟုတ်သလို မီးတောင်ပေါက်ကွဲတာနဲ့ မြေတိုက်စားတာတွေဟာ အစဉ်တစိုက် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဆိုတာလဲ လက်ခံတယ်။ ဒါပေမဲ့ လိုင်ရယ်ရဲ့ အယူအဆတွေက ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ နေရာမှာရော၊ အုပ်စိုးတဲ့နေရာမှာပါ “ဖန်ဆင်းရှင်ကို ဖယ်ထုတ်ပစ်လိုက်သလို” ဖြစ်နေမှာကို သူက စိုးရိမ်ခဲ့တာ။ ရေလွှမ်းမိုးမှုဘေးတွေအကြောင်း ရေးတဲ့ ဆောင်းပါးတစ်စောင်မှာ ကျမ်းစာပါ မှတ်တမ်းတွေနဲ့ ဘူမိဗေဒ မှတ်တမ်းတွေကို နှိုင်းယှဉ်ရင်း ဟစ်ချ်ကော့ခ်က လိုင်ရယ်ကို အခုလို ခပ်စပ်စပ်လေး ဝေဖန်ခဲ့သေးတယ် – “ကျွန်တော်တို့ မစ္စတာ လိုင်ရယ်ရဲ့ ဘာသာရေး ယုံကြည်ချက်က ဘာလဲ မသိရပါဘူး။ ဒါပေမဲ့ ကျမ်းစာပါ ဖော်ပြချက်တွေကို ဒီလို ဝေဝါးဝေဝါး ကိုင်တွယ်ပုံက ဘာသာမဲ့တွေရဲ့ ကောက်ကျစ်စဉ်းလဲမှုမျိုးနဲ့ ဆင်တူနေသလိုပါပဲ” တဲ့။ တကယ်တော့ လိုင်ရယ်က ဘာသာမဲ့ မဟုတ်ဘူး။ အနည်းဆုံးတော့ Principles of Geology စာအုပ်ကို ရေးနေချိန်မှာ သူဟာ ဘာသာရေးကို ရိုရိုသေသေ ကိုးကွယ်နေတဲ့ အင်္ဂလီကန် ခရစ်ယာန်ဘာသာဝင်တစ်ယောက်။ ဒါပေမဲ့ ဟစ်ချ်ကော့ခ်ကတော့ လိုင်ရယ်ကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ ဒီစာအုပ်က စာဖတ်သူတွေကို ဘုရားမဲ့ဝါဒနဲ့ ရုပ်ဝါဒဘက် ဆိုက်ဆိုက်မြိုက်မြိုက် တွန်းပို့လိမ့်မယ်ဆိုတာ ကျမ်းရေးသူထက် ပိုပြီး ကြိုအာရုံခံမိနေလေရဲ့။
အဲလို တွန်းပို့ခံရသူတွေထဲ ချားလ်ဒါဝင်လဲ တစ်ယောက် အပါအဝင် ဖြစ်တယ်။ သူက ဘီဂယ်သင်္ဘောပေါ်မှာ လိုင်ရယ်ရဲ့ စာအုပ် သုံးတွဲစလုံးကို ဖတ်ခဲ့ပြီး အဲဒီစာအုပ်တွေရဲ့ လွှမ်းမိုးမှုနောက် ကောက်ကောက်ပါသွားခဲ့တာပါ — ဒီလိုကနေ ဘူမိဗေဒဆိုင်ရာ “သဘာဝတပြေးညီဝါဒ” ဆီတင် မကဘဲ နောက်ဆုံးမှာ ဆင့်ကဲဖြစ်စဉ် သီအိုရီ (Theory of Evolution) ဆီပါ ဦးတည်သွားစေခဲ့တာပေါ့။ (အကြောင်းက လိုင်ရယ်ဟာ လာမတ်ခ်ရဲ့ အယူအဆတွေကို သဘောမတူလို့ ထောက်ခံခြင်း မပြုပေမဲ့ သူ့စာအုပ်ထဲမှာတော့ အသေးစိတ် ထည့်သွင်းဖော်ပြထားလို့ပါပဲ)။
ဒါကြောင့် ဟစ်ချ်ကော့ခ်ရဲ့ လိုင်ရယ့်အပေါ် “ကောက်ကျစ်စဉ်းလဲတယ်” လို့ ယိုးစွပ်ချက်က မှားချင်မှားလိမ့်မယ်။ ဒါပေမဲ့ Principles of Geology စာအုပ်က စာဖတ်သူတွေကို (အနည်းဆုံးတော့ သိပ်ကို အရေးပါတဲ့ စာဖတ်သူ တစ်ယောက်ဆီ) အတွေးအခေါ်တွေ ချော်လဲခလုတ်တိုက်စေမဲ့ လျှောစောက်တစ်ခုပေါ် တွန်းပို့လိုက်လိမ့်မယ်ဆိုတဲ့ ဟစ်ကော့ချ်ရဲ့ ထင်ကြေးကတော့ မုချအမှန်ဖြစ်နေခဲ့ပါတယ်။
လိုင်ရယ်ရဲ့ တတိယတွဲ ထွက်ပြီး ခုနစ်နှစ်အကြာ၊ ၁၈၄၀ ပြည့်နှစ်မှာ ဟစ်ချ်ကော့ခ်က သူ့ရဲ့ ကိုယ်ပိုင်ကျမ်းဖြစ်တဲ့ Elementary Geology ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီမှာ လက်နဲ့ ဆေးရောင်ခြယ်ထားတဲ့၊ ခေါက်ချိုးပုံစံနဲ့ ဖြန့်ကြည့်ရတဲ့ “လောင်ဘာဒီ ပေါ့ပ်လာ” သစ်ပင်ပုံစံနဲ့ (ဆင့်ကဲဖြစ်စဉ် မပါဝင်တဲ့) သက်ရှိသစ်ပင် နှစ်ပင်ကို ဇယားနဲ့ ဖော်ပြထားပါတယ်။ အဲဒီဇယားက ဘူမိဗေဒ အချိန်ကာလတွေအလိုက် အပင်နဲ့ တိရစ္ဆာန်အုပ်စုတွေဟာ အမျိုးအစား စုံလင်လာလိုက်၊ ပြန်နည်းသွားလိုက် ဖြစ်နေတာကို ပြပေမဲ့ မျိုးစိတ်တစ်ခုကနေ တစ်ခု ခွဲထွက်လာတာ (ကိုင်းဖြာတာ) မျိုးတော့ သိပ်မတွေ့ရပါဘူး။ ဒီပြောင်းလဲမှုတွေ ဖြစ်ရတာဟာ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ကြားဝင်စီမံပြီး သတ္တဝါတွေကို ဖြည့်လိုက်၊ ဖယ်လိုက်နဲ့ ကမ္ဘာကြီးကို ရေရှည်စီမံကိန်းတစ်ခုအဖြစ် ပိုပြည့်စုံကောင်းမွန်လာအောင် လုပ်ဆောင်နေတာကြောင့်လို့ ဟစ်ချ်ကော့ခ်က ရှင်းပြခဲ့တယ်။ သူ့ရဲ့ ဒီယုတ္တိခက်ခက် (ဇွတ်ဆွဲတွေးထားရတဲ့) အယူအဆအရဆိုရင် အဓိက အုပ်စုကြီးတွေက အစကတည်းက ရှိနေခဲ့တာပါ။ ဒါပေမဲ့ “ပိုမိုအဆင့်မြင့်တဲ့ ဖွဲ့စည်းပုံ” (Higher organization) ရှိတဲ့ မျိုးစိတ်သစ်တွေကိုတော့ ကြားထဲ ဖြည့်စွက်ပေးခဲ့ပြီး၊ နောက်ဆုံးမှာတော့ ကမ္ဘာကြီးဟာ “ပိုပြီး ပြည့်စုံတဲ့” သတ္တဝါတွေ၊ အထူးသဖြင့် “အားလုံးထဲမှာ အပြည့်စုံဆုံးဖြစ်တဲ့ လူသားကို ထိပ်ဆုံးမှာထားတဲ့ သတ္တဝါတွေ” အတွက် အဆင်သင့် ဖြစ်သွားခဲ့တာပေါ့။ သူက “ပိုအဆင့်မြင့်တဲ့ မျိုးနွယ်စုတွေ” (Higher races) ကို တဖြည်းဖြည်း မိတ်ဆက်ပေးလာတာဟာ ကမ္ဘာကြီးရဲ့ အခြေအနေ ပြောင်းလဲလာတာကြောင့်ဖြစ်ပြီး ပတ်ဝန်းကျင်က အဲဒီလိုမျိုး ပိုပြည့်စုံတဲ့ မျိုးနွယ်တွေအတွက် အဆင်သင့် ဖြစ်လာတဲ့အခါမှာ ဘုရားသခင်ရဲ့ ဉာဏ်တော် (Divine Wisdom) က သူတို့ကို ထည့်သွင်းပေးခဲ့တာပဲလို့ ရေးသားခဲ့တယ်။ ဒါတွေဟာ ပတ်ဝန်းကျင် ပြောင်းလဲလာတာနဲ့အမျှ ဖန်ဆင်းရှင်က သီးခြားစီ ဖန်ဆင်းပေးလိုက်တာတွေပေါ့ ဘုရားသခင်က သက်ရှိတွေအကြောင်းကို အစကနေ ပြန်စဉ်းစားနေတာမျိုး ဘယ်ဟုတ်ပါ့မလဲ၊ အခြေအနေသစ်တွေ (Niches) ရလာတာနဲ့အမျှ အဲဒီနေရာမှာ နေနိုင်မဲ့ သက်ရှိတွေကို အလိုက်သင့် ညှိပေးနေတာမျိုးပါပဲ။ ဒါကြီးက နည်းနည်း ယုတ္တိမဲ့နေတယ်လို့ ခံစားရရင် ချားလ်စ် လိုင်ရယ်ကိုရော၊ ကျွန်တော့်ပါ အပြစ်တော့ မတင်လိုက်ပါနဲ့။
ဟစ်ချ်ကော့ခ်ရဲ့ Elementary Geology စာအုပ်ဟာ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ၁၈၄၀ ကနေ ၁၈၅၀ ပြည့်နှစ်တွေ နှောင်းပိုင်းအထိ အကြိမ်ပေါင်း ၃၀ တောင် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး အခေါက်တိုင်းမှာလဲ စာသားနဲ့ အချက်အလက်တချို့ပဲ နည်းနည်းစီ ပြင်ဆင်ခဲ့တာပါ။ အဲဒီရိုက်နှိပ်မှု အကြိမ်တွေ တစ်လျှောက်လုံးမှာလဲ သစ်ပင်ပုံကားချပ်ကြီးက ဆေးရောင်ခြယ်တာကလွဲလို့ ဘာမှမပြောင်းလဲဘဲ ပါဝင်နေခဲ့တာပါ။ အဲဒီနောက်တော့ တစ်ခုခု ဖြစ်သွားတယ်။ အဲဖြစ်ရပ်ရဲ့ အကျိုးဆက်ကြောင့်လား၊ ဒါမှမဟုတ် မဖြစ်နိုင်လောက်တဲ့ တိုက်ဆိုင်မှုပဲလားတော့ မသိဘူး၊ ၁၈၆၀ ပြည့်နှစ်မှာ ထွက်လာတဲ့ ဟစ်ချ်ကော့ခ်ရဲ့ ၃၁ ကြိမ်မြောက် စာအုပ်မှာတော့ သိသိသာသာ ထူးခြားသွားတဲ့ ချန်လှပ်ထားမှုတစ်ရပ် ရှိနေခဲ့တယ်။ သစ်ပင်ပုံတွေ လုံးဝ ပါမလာတော့ပါဘူး။
တကယ့်အကြောင်းခံကတော့ ၁၈၅၉ ခုနှစ်မှာ ချားလ်စ် ဒါဝင် ထုတ်ဝေလိုက်တဲ့ On the Origin of Species (မျိုးစိတ်များ၏ မူလအစ) ဆိုတဲ့ စာအုပ်ကြောင့်ပါ။ ဒါဝင့်စာအုပ်မှာလဲ သစ်ပင်ပုံတစ်ပုံ ပါတာပါပဲ။ ဒါပေမဲ့ အဲဒီသစ်ပင်ကတော့ အရင်ကနဲ့မတူဘဲ သိပ်ကို အန္တရာယ်များတဲ့ အဓိပ္ပာယ်သစ်တစ်ရပ် ဆောင်နေလေရဲ့။
အခန်း ၁၊ အပိုင်း ၅
ပြီးပါပြီ