အဲဒီအချိန်မှာ ဒါဝင်ဟာ သူ့သီအီုရီကို ဘဝရဲ့ အချိန်ထက်ဝက်လောက် ပုံအောပြီး တိတ်တဆိတ် ထွင်းထုတည်ဆောက်နေခဲ့ပါပြီ။ ၁၈၃၇ မှာ သူ့ရဲ့ မှတ်စုစာအုပ် B ထဲ သစ်ပင်ပုံကြမ်း ဆွဲခဲ့ပြီးကတည်းက ဒါဝင်တစ်ယောက် စာတွေ ဆက်ဖတ်တယ်၊ အချက်အလက်တွေ စုဆောင်းတယ်၊ ယှက်နွယ်မှုပုံစံတွေ တွေးတောတယ်၊ စကားစုတွေ စမ်းနေရာချကြည့်တယ်။ နောက်ထပ် ၁၆ လလောက် ကြာအောင် C၊ D နဲ့ E လို့ နာမည်ပေးထားတဲ့ မှတ်စုစာအုပ်တွဲတွေထဲ စားပွဲပေါ်က ပဟေဠိကားချပ်ကို ဟိုရွှေ့ဒီရွှေ့နဲ့ အဖြေညှိနေသူတစ်ယောက်လို ဒါဝင်ဟာ အသည်းအသန် ဦးနှောက်မုန်တိုင်းဆင်နေခဲ့တာ။ ဒီလိုနဲ့ ၁၈၃၈ ခု၊ နိုဝင်ဘာလအရောက်မှာ ဒါဝင်ဟာ သက်ရှိမျိုးစိတ်တွေ ဘယ်လိုဆင့်ကဲပြောင်းလဲသလဲဆိုတဲ့ ပဟေဠိရဲ့ အဖြေကို ရုတ်တရက်ရှာတွေ့သွားတယ် — မှတ်စု E ထဲ မှတ်တမ်းတင်ထားတာအရပေါ့။ သူ့စိတ်ထဲ အစိတ်အပိုင်း ၃ ခုကို ပေါင်းလိုက်ပြီး ဆင့်ကဲဖြစ်စဉ်ကို ရှင်းပြနိုင်မဲ့ ယန္တရားတစ်ရပ်ကို ဒါဝင် စဉ်းစားမိသွားတာပါ။
ပထမတစ်ချက်က စဉ်ဆက်မပြတ် မျိုးရိုးဆက်ခံနေခြင်း (Hereditary continuity) ဖြစ်ပါတယ်။ သားမြေးမြစ်တွေဟာ သူတို့ရဲ့ မိဘဘိုးဘွားတွေနဲ့ တူညီတဲ့ လက္ခဏာတွေ ရှိတတ်ကြပြီး မျိုးရိုးတစ်လျှောက်မှာလဲ မယိုယွင်းတဲ့ ဘုံအင်္ဂါရပ်တွေ ရှိနေတယ်။ ဒုတိယတစ်ချက်ကတော့ ပထမနဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ ကွဲပြားမှု (Variation) ရှိနေတာပါ။ သားသမီးတွေက သူတို့မိဘတွေနဲ့ တစ်ထေရာတည်း ချွတ်စွပ်တူတာမျိုး မဟုတ်ဘူး။ လူတွေမှာ မျက်လုံးညိုတာ၊ ပြာတာ၊ အရပ်ရှည်တာ ပုတာ၊ ဆံပင်အရောင်တွေ၊ နှာခေါင်းပုံစံတွေ မတူသလို လိပ်ပြာမှာလဲ တောင်ပံပေါ်က အမှတ်အသား၊ ငှက်နှုတ်သီးအရွယ်အစားနဲ့ သစ်ကုလားအုတ်ရဲ့ လည်ပင်းအရှည် . . . စတာတွေ တစ်ကောင်နဲ့ တစ်ကောင် ကွဲပြားကြပါတယ်။ ဆိုလိုတာက မျိုးပွားခြင်းဆိုတာ အတိအကျ ပုံတူကူးတာမျိုး မဟုတ်ပါဘူး။ အလားတူ၊ မိဘနဲ့ သားသမီးကြားမှာတင် မကဘဲ မောင်နှမချင်းမှာလဲ တစ်ဦးနဲ့ တစ်ဦး ကွဲပြားမှုတွေ ရှိကြတာပဲ။ ဒါကြောင့်ပဲ မျိုးရိုးလိုက်မှု (Heredity) နဲ့ ကွဲပြားခြားနားမှု (Variation) ဆိုတဲ့ အချက် ၂ ချက်က တစ်ခုနဲ့တစ်ခု အပြန်အလှန်အားပြိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒါဝင်က ယူဆခဲ့တယ်။
သူ စာမျိုးစုံ လိုက်ဖတ်ရင်း သတိထားမိလာတဲ့ တတိယမြောက် ပဟေဠိအပိုင်းအစကတော့ သက်ရှိတွေရဲ့ တိုးပွားပေါက်ဖွားနှုန်းဟာ ရှိနေတဲ့ အခြေခံအရင်းအမြစ်တွေထက် အမြဲတမ်း ပိုများနေတတ်တာပါ။ ကမ္ဘာကြီးက သက်ရှိတွေနဲ့ အမြဲတမ်း ပြည့်လျှံထွက်နေတာပေါ့။ ကြောင်မတစ်ကောင်က ကိုယ်ဝန်တစ်ခါဆောင်ရင် ကြောင်ပေါက်ငါးကောင်လောက် မွေးတယ်၊ ယုန်ဆို ရှစ်ကောင်လောက် မွေးတယ်၊ ဆယ်လ်မွန်ငါးကတော့ ဥပေါင်းတစ်ထောင်လောက် ဥတယ်။ တကယ်လို့သာ အဲဒီမွေးလာသမျှ အကုန်လုံး အသက်ရှင်ပြီး သူတို့အလှည့်မှာ မျိုးပြန်ပွားကြကြေးဆိုရင် အချိန်တစ်ခဏတည်းမှာပဲ ကမ္ဘာကြီးက ကြောင်တွေ၊ ယုန်တွေ၊ ငါးတွေနဲ့ ပြည့်နှက်ကုန်လိမ့်မယ်။ လူတွေအပါအဝင် ဘယ်လိုသက်ရှိဖြစ်နေပါစေ၊ တစ်သားမှာ ဘယ်နှကောင်မွေးမွေး၊ တစ်သက်မှာ မျိုးပွားနိုင်စွမ်း ဘယ်လောက်ရှိရှိ၊ ကျွန်တော်တို့ အားလုံးက ၂၊ ၃၊ ၄၊ ၅ . . . လို တစ်ထစ်ချင်းတိုးတာမျိုး (Arithmetic increase) မဟုတ်ဘဲ ၂၊ ၄၊ ၈၊ ၁၆ . . . စသဖြင့် ဆတိုးနည်း (Geometric progression) နဲ့ ဦးရေတိုးပွားတတ်ကြပါတယ်။ သို့သော်၊ နေစရာနေရာနဲ့ ရိက္ခာရင်းမြစ်တွေကတော့ အဲဒီလောက် မြန်မြန်ဆန်ဆန် တိုးပွားနိုင်စွမ်း မရှိပါဘူး။ စားကျက်တွေ တိုးမလာသလို နေစရာနေရာတွေလဲ ကျပ်ပြည့်လာတယ်၊ ငတ်မွတ်လာကြတယ်။ ရုန်းကန်လာကြရတာပေါ့။ ရလဒ်အနေနဲ့ ပြိုင်ဆိုင်မှုတွေ၊ ချို့တဲ့မှုတွေနဲ့ ဆင်းရဲဒုက္ခတွေ ပေါ်ပေါက်လာတာပဲ။ နိုင်လူနဲ့ ရှုံးသူ၊ မျိုးမပွားနိုင်သူတွေ ရှိသလို ကံမကောင်း အကြောင်းမလှတဲ့ သက်ရှိတွေဟာလဲ စောစောစီးစီး ဇီဝိန်ချုပ်ကြရှာတယ်။ မွေးလာသူ များပေမဲ့ ရှင်သန်ခွင့်ရသူက လက်တစ်ဆုပ်စာပေါ့။ ဒါဝင့်ကို ဒီအကြောင်း အလင်းပွင့်နိုးကြားစေခဲ့တဲ့ စာအုပ်က ယုတ္တိဗေဒပိုင်း အင်မတန်အားကောင်းတဲ့ သာသနာပြုဆရာ၊ ပညာရှင်ဖြစ်တဲ့ သောမတ်စ် မားလ်သပ်စ် (Thomas Malthus) ရဲ့ သက်ရှိဦးရေဆိုင်ရာ အခြေခံနိယာမများ (An Essay on the Principle of Population) စာအုပ် ဖြစ်ပါတယ်။
မားလ်သပ်စ်ရဲ့ အဆိုးမြင်ဝါဒဆန်တဲ့ (လူသားတွေ ငတ်မွတ်ခေါင်းပါးမဲ့ဘေး ဟောကိန်းထုတ်ထားတဲ့) ဒီကျမ်းကို ၁၇၉၈ ခုနှစ်မှာ ပထမဆုံး ထုတ်ဝေခဲ့တာပါ။ နောက် ၁၀ စုနှစ် သုံးခုထဲမှာ ပုံနှိပ်ထုတ်ဝေမှု ခြောက်ကြိမ်အထိ ရှိခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ လူမှုဖူလုံရေး မူဝါဒတွေအပေါ်လဲ သြဇာကြီးမားခဲ့ပါတယ်။ (စာအုပ်ထဲ အဲဒီခေတ်က ကျင့်သုံးနေတဲ့ ဆင်းရဲသားဥပဒေတွေအရ အကူအညီတွေ လွယ်လင့်တကူ ပေးကမ်းနေတာကို ကန့်ကွက်ပြီး သိပ်မကြာခင်ပဲ အဲဒီဥပဒေတွေ ပြောင်းသွားခဲ့တာပါ။) ဒါဝင်ကတော့ ဒီစာအုပ်ကို ၁၈၃၈ ခုနှစ်၊ ဆောင်းဦးပေါက်မှာ အပျော်သက်သက် ဖတ်ခဲ့တာလို့ နောက်ပိုင်း ပြန်ပြောင်းပြောပါတယ်။ အပျော်ဖတ်ရာကနေ ဒီလောက် အကျိုးများတာမျိုးက တော်တော်လေး ရှားတာပဲ။ ဒါဝင် ဒီစာအုပ်ကနေ သက်ရှိတိုးပွားမှုအချက်ကို ရလိုက်ပြီး အရင်က တွေးထားတဲ့ နှစ်ချက်နဲ့ ပေါင်းစပ်ရင်း မှတ်စုစာအုပ် D ထဲ မှတ်တမ်းတစ်ခု ရေးချလိုက်တယ် — “မားလ်သပ်စ်ရဲ့ အယူအဆကနေ ကောက်ချက်ချရရင် သက်ရှိမျိုးစိတ်တွေကြားမှာ စစ်မက်ဖြစ်ပွားနေတာပဲ”။ ဟုတ်တယ်။ ဒီစစ်ပွဲက လူသားတွေမှာတင်မကဘဲ တခြားသက်ရှိအားလုံးမှာလဲ ဖြစ်နေတာပဲ — ဒါဝင် သဘောပေါက်သွားတယ်။ ပြိုင်ဆိုင်မှုက သိပ်ပြင်းထန်သလို အခွင့်အရေးတွေဟာလဲ အကန့်အသတ်နဲ့ပဲ ရှိနေတာ။ “သပ်ပေါင်းတစ်သိန်းရဲ့ အားနဲ့ ညီမျှတဲ့ ပမာဏနဲ့ ရိုက်သွပ်ထည့်နေသလိုပဲ” လို့ ဒါဝင်က ပြောတယ်။ သက်ရှိတွေဟာ “သဘာဝတရားရဲ့ ကျဉ်းမြောင်းလစ်ဟာတဲ့ နေရာလပ်တွေထဲ အံဝင်ခွင်ကျဖြစ်အောင် အတင်းတိုးဝင်ဖို့” ကြိုးစားနေကြရှာတာပေါ့။ သူက ဆက်ပြီး “ဒီလို ရုန်းကန်တွန်းထိုး-သပ်ဝင်နေခြင်းရဲ့ အန္တိမရည်မှန်းချက်က အသင့်တော်ဆုံး ဖွဲ့စည်းပုံတွေကို ရွေးထုတ်ဖို့နဲ့ အပြောင်းအလဲတွေကြား လိုက်လျောညီထွေ ရှင်ကျန်နေစေဖို့” လို့ ဆိုတယ်။ တကယ်တော့ သူပြောတဲ့ ‘နောက်ဆုံး ရည်မှန်းချက်’ ဆိုတာ ‘နောက်ဆုံး ရလဒ်’ ကိုပဲ ဆိုလိုတာပါ။ အသက်ရှင်ဖို့ ရုန်းကန်ရမှုတွေကနေတစ်ဆင့် ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ သက်ရှိပုံစံတွေ ထွက်ပေါ်လာတာကို ရည်ရွယ်တာပေါ့။ ဒါဟာ သူ့သီအိုရီရဲ့ အနှစ်သာရပါပဲ။ အဲအချိန်မှာတော့ ဒါဝင် ဒါကို ခပ်ရေးရေးပဲ ဖော်ပြနိုင်သေးတယ်။
ဒါဝင့် မှတ်စုစာအုပ် D အဆုံးသတ်ချိန်မှာ မားလ်သပ်စ်ရဲ့ အယူအဆကို လက်လွှတ်လိုက်ပြီလို့ ထင်ရပေမဲ့ နောက်ထပ် မှတ်စုစာအုပ်လဲ ကူးရော သူ့ဆီကို ချက်ချင်း ပြန်ရောက်သွားလေရဲ့။ ၁၈၃၈ ခုနှစ်၊ အောက်တိုဘာလမှာ စ,ရေးတဲ့ E အမည်ရ အဲဒီမှတ်စုစာအုပ်လေးက သံချေးရောင်သားရေကို အဖုံးလုပ်ပြီး သတ္တုဂျိတ်လေးလဲ ပါတယ်။ ဇီဝဗေဒသမိုင်းမှာတော့ တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုပေါ့။ ဒီမှတ်စုစာအုပ်ရဲ့ အစောပိုင်း စာမျက်နှာတွေမှာ ဒါဝင်ဟာ “လူဦးရေ အဆမတန် တိုးပွားကျပ်ညပ်မှု” အကြောင်း ဆက်ပြီး တွေးနေခဲ့သလို “ကျွန်တော့်သီအိုရီ” လို့ သူကိုယ်တိုင် ကမ္ပည်းတပ်ထားတဲ့ အယူအဆကိုလဲ ခပ်စိပ်စိပ် ထည့်သွင်းပြောဆိုလာပါတယ်။ သူ့ရဲ့ အတွေးတွေကလဲ ပိုရှင်းလင်းပြတ်သားလာပြီး ယုံကြည်မှုလဲ ပိုရှိလာပုံပါပဲ။
အဲဒီနောက် နိုဝင်ဘာလ ၂၇ ရက်၊ မဟုတ်လဲ အဲဝန်းကျင်ပေါ့၊ သူ့ရဲ့ ထုံးစံအတိုင်း ပြတ်တောင်းပြတ်တောင်း သဒ္ဒါတွေ၊ စနစ်မကျတဲ့ ပုဒ်ဖြတ်ပုဒ်ရပ်တွေနဲ့ အခုလို ရေးချလိုက်တယ် —
“အခြေခံမူ ၃ ချက် ရှိရင် အားလုံးကို ရှင်းပြလို့ ရပြီ –
၁။ မြေးတွေက သူတို့ရဲ့ ဘိုးဘွားတွေနဲ့ ဆင်တူကြတယ်။
၂။ နည်းနည်းစီ ပြောင်းလဲတတ်တဲ့ လားရာသဘော ရှိတယ် . . . အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာ။
၃။ မိဘတွေရဲ့ ကျွေးမွေးထောက်ပံ့နိုင်စွမ်းနဲ့ ယှဉ်ရင် မျိုးပွားနှုန်းက အဆမတန် များတယ်။”
မျိုးရိုးလိုက်မှု၊ ကွဲပြားခြားနားမှုနဲ့ အဆမတန် တိုးပွားမှု။ ဒီအချက်သုံးချက်က ဘယ်လို အံဝင်ခွင်ကျ ဖြစ်သွားတယ်ဆိုတာ ဒါဝင် သဘောပေါက်သွားတယ်။ ဒီအချက်တွေကို ယန္တရားတစ်ခုလို ပေါင်းစပ်ပြီး လည်ပတ်ကြည့်လိုက်ရင် (တစ်ခုခုပေါ် အခြေခံပြီး) ဘယ်သူတွေက ပိုရှင်သန်နိုင်မလဲဆိုတဲ့ ကွဲပြားခြားနားချက်ကို ရလာလိမ့်မယ်။ ဘာအပေါ်မှာ အခြေခံတာလဲ . . .? ဘယ်လို မတူကွဲပြားမှုတွေက ရှင်သန်ဖို့အတွက် အကျိုးအရှိဆုံး ဖြစ်မလဲဆိုတဲ့အပေါ်မှာပေါ့။ အဲဒီ အကျိုးရှိတဲ့ ခြားနားမှုတွေကပဲ မျိုးဆက်လိုက် လက်ဆင့်ကမ်းသွားတတ်ကြတယ်။ ရလဒ်ကတော့ မသင့်တော်တာကို ရွေးချယ်ဖယ်ထုတ်တဲ့ (Selective culling) ဖြစ်စဉ်ကတစ်ဆင့် မျိုးရိုးဗီဇပုံစံတွေဟာ ဖြည်းဖြည်းချင်း အသွင်ပြောင်းလဲလာပြီး ပတ်ဝန်းကျင်နဲ့လဲ လိုက်လျောညီထွေ ဖြစ်လာတော့တာပဲ။ နောက်ဆုံးမှာတော့ ဒါဝင် ဒီယန္တရားကြီးကို ကင်ပွန်းတပ်ပေးလိုက်တယ် “သဘာဝရဲ့ ရွေးချယ်ခြင်း” (Natural Selection) တဲ့။ မှတ်စုစာအုပ် E မှာ ဒီအကြောင်းမှတ်တမ်းတင်ပြီး နောက်ထပ် အနှစ် ၂၀ လောက် ထပ်ကြာသွားခဲ့တယ်။ အဲအချိန်ထိလဲ သဘာဝရဲ့ ရွေးချယ်မှုနဲ့ ဆက်စပ်လို့ ကမ္ဘာကြီးက နားစွန်နားဖျားတောင် မကြားရသေးဘူး။
အခန်း ၁၊ အပိုင်း ၄
ပြီးပါပြီ