ဒါဝင် သူ့တိတ်တခိုးမှတ်စုစာအုပ် E ထဲ အဲဒီစာလေးကြောင်း ရေးခဲ့ချိန်ကနေ သူ့သီအိုရီကို လူသိရှင်ကြား ပထမဆုံးထုတ်ပြန်ခဲ့တဲ့ အချိန်အထိ နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်သွားတာပါ။ ဘယ်လိုဖြစ်လို့ အဲလောက် ကြန့်ကြာသွားရသလဲ အတော်နားလည်ရခက်ပါတယ်။ စာအုပ်ထွက်လာဖို့ဆို ပိုတောင်ကြာသွားသေး — စုစုပေါင်း ၂၁ နှစ် — မျိုးစိတ်များ၏ မူလအစ (On the Origin of Species) စာအုပ်က ၁၈၉၅ ခုနှစ်၊ နိုဝင်ဘာကျမှ ထွက်လာခဲ့တာကိုး။ ဒီလို ကြာသွားရတဲ့ အကြောင်းအရင်းတွေထဲ သိပ္ပံဆိုင်ရာ အချက်အလက်တွေကြောင့်ရော၊ ပုဂ္ဂိုလ်ရေးကိစ္စတွေအပါ စိုးရိမ်စိတ်နဲ့ အချိန်ကောင်းကို ချင့်တာအဆုံး ရောထွေးနေတာပေါ့။ ဒီအကြောင်းကို တခြားစာအုပ်တွေ (ကျွန်တော့်စာအုပ်တချို့ အပါ) မှာ အသေးစိတ်ခွဲခြမ်းလေ့လာထားပြီးသားပါ။ အခုတော့ ဒီအကြောင်းကို ခဏကျော်လိုက်ပါမယ်။ ဒါပေမဲ့ တစ်ခု သိထားသင့်တာက ဒါဝင် နောက်ဆုံးမှာ သူ့သီအိုရီကို လူသိရှင်ကြား ထုတ်ပြောလိုက်ရတာဟာ ခပ်ငယ်ငယ် သဘာဝသိပ္ပံပညာရှင်တစ်ယောက်က သူနဲ့ ထပ်တူကျတဲ့ အယူအဆမျိုးနဲ့ ပေါ်လာလို့ ဒါဝင် မတတ်သာတော့ဘဲ အလျင်အမြန် လက်ဦးမှု ရယူလိုက်ရတာပါ။
အဲဖရက် ရပ်ဆဲလ် ဝေါလေ့စ် (Alfred Russel Wallace) ဟာ အမေဇုံမှာ ၄ နှစ်၊ မလေးကျွန်းစုတွေမှာ ၄ နှစ်စီ ကွင်းဆင်းလေ့လာမှုတွေ လုပ်ပြီးတဲ့နောက် သဘာဝရဲ့ ရွေးချယ်ခြင်း အယူအဆကို ရုတ်တရက် အတွေးပေါက်ခဲ့တယ်။ (သူကတော့ သဘာဝရဲ့ ရွေးချယ်ခြင်းရယ်လို့ အတိအကျမဟုတ်ပေမဲ့ သူ့စကားနဲ့သူ အဓိပ္ပါယ်ဖွင့်တာပေါ့)။ နောက်၊ အဲဒီအတွေးကို စာတမ်းတိုလေးအဖြစ် သူ ရေးချလိုက်တယ်။ နောက်ပိုင်းမှာ ဝေါလေ့စ်ကိုယ်တိုင် ပြန်ပြောင်းပြောတာအရ ဒီအတွေးကို မိုလပ်ကပ်စ် (Moluccas) ကျွန်းစုမြောက်ပိုင်းမှာ မျိုးစိတ်နမူနာတွေ စုဆောင်းဖို့ ခရီးလှည့်နေရင်း ခဏနားနေတုန်း ပေါ်လာတာပါတဲ့။ အဲဒီအချိန်မှာ သူက (ငှက်ဖျားလို့ ယူဆရတဲ့) အဖျားဝေဒနာကို အပြင်းအထန် ခံစားနေရတာပါ။ အဲဒီလို ဖျားနာနေတဲ့ကြားထဲကပဲ ဒီထူးခြားလှတဲ့ အယူအဆကို ရုတ်ချည်း ကောက်ယူဖမ်းဆုပ်မိသွားတာပေါ့ — ကွဲပြားခြားနားမှု (Variation) ရယ်၊ အဆမတန် တိုးပွားမှု (Overpopulation) ရယ်ကို ပေါင်းစပ်ပြီး အဲဒီထဲကမှ မရှင်သန်နိုင်ခဲ့တဲ့ သက်ရှိတွေကို ဖယ်ထုတ်လိုက်ရင် မျိုးဆက်ကမ်းတဲ့ လိုက်လျောညီထွေမှု (Heritable adaptation) ရမယ်ဆိုတာပါ။ အဖျားကျလို့ ချွေးတွေခြောက်သွားတဲ့အချိန်ထိ သူ့ရဲ့ အိပ်မက်လိုလို အတွေးမုန်တိုင်းတွေက ယုတ္တိရှိရှိနဲ့ ခိုင်မာနေဆဲမှန်း ဝေါလေ့စ် သတိထားမိသွားတယ်။ ဒါနဲ့ပဲ ဝေါလေ့စ်တစ်ယောက် သူ့မူကြမ်းကို အချောသတ်ရေးပြီး ပညာရှင်တွေ စဉ်းစားနိုင်ဖို့ ကြံတာပဲ။
ဒါပေမဲ့ ဝေါလေ့စ်ဟာ ကျောမွဲတစ်ယောက်ရဲ့ သား။ အပူပိုင်းဒေသ တောတောင်တွေထဲထိ အလှဆင်တဲ့နေရာမှာ သုံးတဲ့ ငှက်အရေခွံတွေ၊ လိပ်ပြာတွေနဲ့ နှစ်လိုဖွယ် ပိုးတောင်မာကောင်လေးတွေ လိုက်စုဆောင်း ရောင်းချပြီး ခရီးစရိတ် ရှာခဲ့ရသူပေါ့။ ဒါဝင်တစ်ယောက် Beagle သင်္ဘောပေါ် လိုက်သွားသလို ဂုဏ်သရေရှိရှိနဲ့ လူကုံထံဆန်ဆန် ခရီးသွားသူ ဘယ်ဟုတ်ပါမလဲ။ ဝေါလေ့စ်က ပညာနောက်ခံလဲ သိပ်မရှိသလို အဆက်အသွယ်ကောင်းတွေလဲ ရှားရှာတယ်။ ဗြိတိန်၊ မဟုတ်လဲ ဥရောပ သိပ္ပံနယ်ပယ်ရဲ့ အထက်တန်းလွှာတွေထဲ သူနဲ့ မျက်မှန်းတန်းမိသူ လုံးဝနီးပါး မရှိသလို အဲဒီအသိုင်းအဝိုင်းက လူတွေကလဲ သူ့ကို မျက်နှာချင်းဆိုင်ရော၊ နယ်ပယ်တူ ပညာရှင်အဖြစ်ပါ သိထားတာမျိုး မရှိဘူး။ သူဟာ ပိုက်ဆံရဖို့ တိရစ္ဆာန်ရုပ်လုံးခြောက်တွေ လိုက်စုသူ၊ သဘာဝသမိုင်းဆိုင်ရာ ကုန်သည်တစ်ယောက်လို့ပဲ ဆိုရလိမ့်မယ်။ ဝိတိုရိယခေတ် ဗြိတိသျှ လူ့အဖွဲ့အစည်းရဲ့ တခြားနေရာတွေမှာလိုပဲ သိပ္ပံလောကကလဲ အတန်းအစားခွဲခြားမှုတွေ ရှိခဲ့တာပေါ့။ သို့သော်၊ ဝေါလေ့စ်က အစောပိုင်းမှာ နာမည်ရ ဂျာနယ်တချို့ထဲ စာတမ်းတွေ ရေးခဲ့ဖူးပြီး အဲထဲက စာတမ်းတစ်စောင်ကို နာမည်ကျော် ဘူမိဗေဒပညာရှင်ကြီး ချားလ်စ် လိုင်ရယ်က သဘောကျ သတိပြုခဲ့ဖူးတယ်။ အယ်၊ ပြီးတော့ ဝေါလေ့စ်သိတဲ့ နောက်ထပ် ထင်ထင်ရှားရှားတစ်ယောက်လဲ ရှိသေးတယ်၊ လူချင်း သိတာတော့ မဟုတ်ဘဲ စာအဆက်အသွယ်နဲ့ပေါ့။ စာထဲ ဖော်ဖော်ရွေရွေ ရေးလေ့ရှိသူ၊ ချားလ်စ် ဒါဝင်ပေါ့။

အချိန်က ၁၈၅၈ ခုနှစ်၊ ဖေဖော်ဝါရီလ။ အဲကာလက ဒါဝင်တစ်ယောက် ဆင့်ကဲဖြစ်စဉ် သီအိုရီကို တိတ်တဆိတ်ကြံစည်နေတဲ့အကြောင်း သိသူ လက်ချိုးရေလို့ ရပါတယ်။ ဒါဝင်နဲ့ အတော်နီးစပ်တဲ့ မိတ်ဆွေရင်း လိုင်ရယ် (Lyell) တို့လို လူနည်းစုလေးပဲ ဒါကို သိနှင့်တာပါ။ ဝေါလေ့စ်ကတော့ နကန်းတစ်လုံးတောင် မသိရှာဘူး။ သူ့အတွက်တော့ ချားလ်စ် ဒါဝင်ဆိုတာ Beagle ခရီးသွားမှတ်တမ်းနဲ့ ခရင်းကောင်တွေရဲ့ အမျိုးအစားခွဲခြားပုံတွေ အပါအဝင် သိပ္ပံလောကက လက်ခံပြီးသား အကြောင်းအရာတွေပဲ ရေးသားတဲ့ နာမည်ကျော် သိပ္ပံပညာရှင်ကြီးသာသာပဲ။ အဲအချိန်မှာ ဝေါလေ့စ် ရောက်နေတဲ့ မိုလပ်ကပ်စ်ကျွန်းစုက တာနိတ်ဆိပ်ကမ်းကို ဒတ်ချ်စာပို့သင်္ဘောတစ်စင်း မကြာခင် ဆိုက်ကပ်တော့မှာပါ။ ဝေါလေ့စ်ဟာ သူ့ရဲ့ ရှာဖွေတွေ့ရှိမှု (တကယ်သာ ရှာတွေ့ခဲ့ရိုး မှန်ရင်) အတွက် သိပ်စိတ်လှုပ်ရှားနေပြီး ဒီလိုအန္တရာယ်များတဲ့ အဆိုကြမ်းအယူအဆသစ်ကို သိပ္ပံအသိုင်းအဝိုင်းဆီ ချပြဖို့ အားသန်နေပါတယ်။ ဒါကြောင့်ပဲ သူ ရေးထားတဲ့ စာတမ်းကို မိတ်ဆက်စာတစ်စောင်နဲ့အတူ ထုတ်ပိုးပြီး မစ္စတာဒါဝင်ဆီ ပို့လိုက်လေရဲ့။ ဝေါလေ့စ်က ဒါဝင်တစ်ယောက် သူ့စာတမ်းကို တန်ဖိုးရှိတယ်လို့ ယူဆလိမ့်မယ်ဆိုပြီး မျှော်လင့်နေတာပဲ။ တကယ်လို့သာ ဒါဝင် ဒါကို သဘောကျခဲ့ရင် မစ္စတာလိုင်ရယ်ဆီ ပြပေးပြီး စာတမ်းအဖြစ် ပုံနှိပ်ထုတ်ဝေနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ သူက တွေးရှာတာ။
စာအိတ်က ၁၈၅၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ဝန်းကျင်မှာ ဒါဝင့်ဆီ ရောက်သွားပြီး ဒါဝင်ခမျာ အရှိန်နဲ့ ပြေးလာတဲ့ နွားသိုးတစ်ကောင် သူ့ကို တိုက်မိသလိုမျိုး အကြီးအကျယ် တုန်လှုပ်သွားခဲ့တယ်။ စိတ်ပျက်သွားတယ်၊ လက်ဦးမှု အယူခံလိုက်ရပြီး အရာရာ ပျက်စီးသွားပြီလို့ ခံစားလိုက်ရတာပေါ့။ ဒါပေမဲ့ ဝေါလေ့စ်ရဲ့ တောင်းဆိုချက်အတိုင်း ဒီစာတမ်းကို ပုံနှိပ်ထုတ်ဝေနိုင်အောင် ပေးပို့ဖို့ သိက္ခာအရ တာဝန်ရှိတယ်လို့ သူ ယူဆတယ်။ ဒီလိုလုပ်လိုက်ရင် သူကိုယ်တိုင် အနှစ် ၂၀ လောက် တိတ်တဆိတ် ပျိုးထောင်လာခဲ့ပေမဲ့ အချောမသတ်ရသေးတဲ့ ဒီလို ခေတ်ကို ရွေ့စေမဲ့ အတွေးအခေါ်ကြီးအတွက် အသိအမှတ်ပြုမှုတွေအားလုံး သူ့ထက် ဝါငယ်သူဆီ ပေးလိုက်ရတော့မှာကိုလဲ ဒါဝင် ကောင်းကောင်း သဘောပေါက်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဝေါလေ့စ်ရဲ့ စာတမ်းကို လိုင်ရယ့်ဆီ ပို့ပေးလိုက်တယ်။ ပို့ချိန်မှာလဲ သူ့ရဲ့ နာကျင်ခံစားရချက်တွေကို စာထဲ ညည်းတွားထည့်ရေးလိုက်တာပဲ။ လိုင်ရယ်က စာတမ်းကိုတင် မကဘဲ ဒါဝင့်စိတ်အခြေအနေကိုပါ ရိပ်စားမိသွားတယ်။ ဒီလိုနဲ့ပဲ ဒါဝင်နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် ရုက္ခဗေဒပညာရှင် ဂျိုးဇက် ဟွတ်ခါ (Josepth Hooker) နဲ့ ပေါင်းပြီး ဒါဝင် စိတ်ဓာတ်မကျအောင် ဖျောင်းဖျကြတာပေါ့။ ကိုယ့်ဂုဏ်သိက္ခာအတွက် လုံးဝအနစ်နာခံလိုက်တာမျိုးထက် နှစ်ဦးနှစ်ဖက် မျှတတဲ့ နည်းကို အကြံပြုပြီး အသိအမှတ်ပြုမှုတွေကိုလဲ ခွဲယူကြဖို့ ညှိနှိုင်းကြတယ်။ ရလဒ်က ၁၈၅၈ ခု၊ နွေရာသီမှာ ဗြိတိသျှ သိပ္ပံအသင်းဖြစ်တဲ့ လင်းနီးယမ်း အသင်း (Linnean Society) မှာ ဝေါလေ့စ် စာတမ်းနဲ့ ဒါဝင့်ရဲ့ မထုတ်ရသေးတဲ့ စာတမ်းတွေကို ကမန်းကတမ်းပေါင်းစပ်ပြီး တင်ပြလိုက်ရတာပါပဲ။ လိုင်ရယ်နဲ့ ဟွတ်ခါက မိတ်ဆက်စကား ပြောပေးပြီး ကျန်တာကိုတော့ ထိုင်ကြည့်၊ ထိုင်နားထောင်နေလိုက်ကြတယ်။ စာတမ်းရှင် ၂ ယောက်လုံး မရှိကြလို့ ကိုယ်စားလှယ်တွေကပဲ စာတမ်းကို ဖတ်ကြားခဲ့တာပါ။ (ဒါဝင်က အိမ်မှာ သူ့ရဲ့ အငယ်ဆုံးသားလေး အလွန်ပြင်းတဲ့ အဖျားရောဂါ (Scarlet fever) နဲ့ ဆုံးပါးသွားလို့ ကျန်ရစ်ခဲ့တာပါ။ ဝေါလေ့စ်ကတော့ မလေးကျွန်းစုတွေရဲ့ အလှမ်းဝေးလှတဲ့ တောတောင်တွေထဲ ရှိနေခဲ့ပါတယ်။) စာတမ်းဖတ်ပွဲက လာတက်တဲ့ လင်းနီးယမ်းအသင်းသားတွေအပေါ် ထူးထွေသက်ရောက်မှုမျိုး မရှိသလောက်ပဲ။ အကြောင်းက အဲဒီညက သိပ်ပူအိုက်လွန်းတယ်၊ သုံးထားတဲ့ စကားလုံးတွေကလဲ ခက်ခဲနက်နဲချက်၊ ယုတ္တိရေးရာပိုင်းလဲ ပွေလီအူလှိုက်နေတော့ အဓိကဆိုလိုရင်းကြီးကို ဘယ်သူမှ လက်ဆုပ်လက်ကိုင်ရ သဘောမပေါက်လိုက်ကြဘူးလေ။

နောက်ထပ် ၁၇ လအကြာမှာတော့ ဒါဝင်ဟာ “မျိုးစိတ်များ၏ မူလအစ” (On the Origin of Species) စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။ ၁၈၅၈ ခုနှစ်က ပူးတွဲတင်ပြခဲ့တဲ့ စာတမ်းတိုတွေ မဟုတ်ဘဲ တစ်နှစ်အကြာမှ ထွက်လာတဲ့ ဒီစာအုပ်ကမှ ‘ဒါဝင်နီယံ တော်လှန်ရေး’ (Darwinian revolution) ကို အစပျိုးပေးနိုင်ခဲ့လေရဲ့။ တကယ်တော့ ဒီစာအုပ်က ဒါဝင် နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ရေးနေခဲ့တဲ့ (ပိုပြီးလဲ ရှည်လျားပျင်းရိစရာ ကောင်းတဲ့) ‘သဘာဝရဲ့ ရွေးချယ်ခြင်း’ ဆိုင်ရာ စာအုပ်ကြီးကို ခပ်လောလော အကျဉ်းချုံးရေးထားတဲ့ မူကြမ်းတစ်ခုသာသာပဲ။ ဒါပေမဲ့ ဒီစာအုပ်ကပဲ အခြေအနေနဲ့ အချိန်အခါ အံဝင်ခွင်ကျ ဖြစ်သွားပုံရတယ်။ ဒါဝင်က သူ့သီအိုရီကို သာမန် ယုတ္တိဗေဒ အဆိုပြုချက်တစ်ခုထက် ခပ်ရှည်ရှည် အချေအတင် ဆွေးနွေးချက်တစ်ရပ်အဖြစ် တင်ပြခဲ့တာ။ အချက်အလက်တွေ အပုံအပင် ပါပေမဲ့ စာညွှန်းတွေ သိပ်မရှိလှဘူး။ အရေးအသားကလဲ ရိုးရှင်းပြတ်သားလွန်းတော့ စာတတ်သူတိုင်း ဖတ်နိုင်တဲ့ စာအုပ်မျိုး ဖြစ်နေတာပေါ့။ အဲဒီစာအုပ်ဟာ အရောင်းရဆုံး ဖြစ်လာပြီး အကြိမ်ပေါင်းများစွာ ပြန်ရိုက်နှိပ်ခဲ့ရပါတယ်။ အဲဒီခေတ်က သိပ္ပံပညာရှင် မျိုးဆက်တစ်ရပ်လုံးကိုလဲ ဆင့်ကဲဖြစ်စဉ် အယူအဆဘက် ပါလာအောင် ဆွဲဆောင်နိုင်ခဲ့တာပေါ့။ (ဒါပေမဲ့ သဘာဝရဲ့ ရွေးချယ်ခြင်းကိုတော့ အဓိကယန္တရားအဖြစ် အားလုံး လက်မခံကြသေးဘူး)။ ဒီစာအုပ်ကို တခြားနိုင်ငံတွေ၊ အဓိက ဂျာမနီဘာသာဆီလဲ ဘာသာပြန်ခဲ့ပြီး လေးလေးနက်နက် ထောက်ခံခြင်းကို ရခဲ့တယ်။ ဒါကြောင့်လဲ ဒါဝင်ဟာ သမိုင်းတစ်လျှောက် အကြည်ညိုခံရဆုံး ဇီဝဗေဒပညာရှင်ကြီး ဖြစ်နေပြီး အဲဖရက် ရပ်ဆဲလ် ဝေါလေ့စ်ကတော့ သူ့အကြောင်း သိတဲ့သူ အနည်းငယ်ကြားမှာတင် ဒါဝင့် အရိပ်မိုးခြင်းကို ခံလိုက်ရတဲ့ အိမ်ဖြည့်ပြိုင်ဘက်တစ်ယောက်အဖြစ်သာ မြင်ကျန်ရစ်ခဲ့ရတာပါ။
ဒီ ရှည်လျားလှတဲ့ အချေအတင် ဆွေးနွေးတင်ပြချက်ရဲ့ အဓိကအနှစ်သာရက ‘သဘာဝရဲ့ ရွေးချယ်ခြင်း’ လို့ ခေါင်းစဉ်တပ်ထားတဲ့ အခန်း ၄ မှာ ပါတယ်။ အဲမှာ ဒါဝင်က သူ့သီအိုရီရဲ့ အဓိကယန္တရားကို ရှင်းပြထားတာပါ။ လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်ခုစာ မှတ်စုစာအုပ်တွေထဲ ရေးခြစ်ခဲ့တဲ့ အချက် ၃ ချက်ကို ပေါင်းစပ်ပြီး စက်ယန္တရားတစ်ခုလို လည်ပတ်ရွေ့လျားစေလိုက်တာပါပဲ။ “သဘာဝရဲ့ ရွေးချယ်ခြင်းက . . .” ဒါဝင် စာအုပ်ထဲ ရေးတယ် — “သက်ရှိတွေရဲ့ ဝိသေသလက္ခဏာကို ကွဲပြားခြားနားသွားစေသလို၊ ပိုကောင်းမွန်အောင် မပြောင်းလဲနိုင်တဲ့ သက်ရှိတွေနဲ့ ကြားက သက်ရှိပုံစံ အတော်များများကိုလည်း မျိုးတုံးပျောက်ကွယ်သွားစေတယ်”။ မျိုးရိုးစဉ်ဆက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေကြတယ်လို့ သူ ဆိုတယ်။ ဒါကို ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေမှာလဲ အထင်အရှား တွေ့နိုင်တာပေါ့။ မတူညီတဲ့ သက်ရှိတွေဟာ မတူညီတဲ့ ပတ်ဝန်းကျင်တွေ၊ ရှင်သန်မှု ပုံစံတွေနဲ့ အလိုက်သင့် ညှိယူနေထိုင်ကြရင်း သူတို့ရဲ့ ပုံသဏ္ဌာန်နဲ့ အမူအကျင့်တွေကလဲ ပုံစံအမျိုးမျိုး ခွဲဖြာထွက်လာကြတာပေါ့။ ကြားအဆင့် ကူးပြောင်းမှုတွေကတော့ ပျောက်ကွယ်သွားတယ်။ ဒီ့နောက်မှာတော့ ဒါဝင် အခုလို ဆက်ရေးခဲ့တယ် — “မျိုးနွယ်တူ သက်ရှိတွေအားလုံးကြားက ဆက်စပ်မှုတွေကို တစ်ခါတလေ သစ်ပင်ကြီးတစ်ပင်နဲ့ တင်စားလေ့ရှိကြတယ်။ ဒီနှိုင်းယှဉ်ချက်ဟာ အမှန်တရားကို အတော်လေး ပေါ်လွင်စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” တဲ့။