ဒါဝင်က မျိုးစိတ်များ၏ မူလအစာ စာအုပ်ရဲ့ အခန်းတစ်ခုအဆုံးမှာ သစ်ပင်နဲ့ ဥပစာပေး နှိုင်းထားတာကို စာတစ်ပိုဒ်နဲ့ ရှင်းပြခဲ့သေးတယ်။ “အဖူးလေးတွေ ဝေနေတဲ့ ခပ်စိမ်းစိမ်း အခက်အလက်လေးတွေက ရှင်သန်နေဆဲ မျိုးစိတ်တွေကို ကိုယ်စားပြုတယ်” — ဒါဝင်ရေးတယ်။ အဲဒီကနေမှ သူ နောက်ကြောင်းဆွဲကြည့်တယ် — ခြောက်ကပ်ကပ်ဖြစ်နေတဲ့ အခက်အလက်ဟောင်းတွေနဲ့ ကိုင်းအသေးလေးတွေကတော့ သိပ်မကြာခင်က မျိုးတုံးသွားတဲ့ သက်ရှိပုံစံတွေပေါ့။ သစ်ကိုင်းတွေဟာ နေရာလပ်နဲ့ အလင်းရောင်ရဖို့ အချင်းချင်း တိုးထွက်ပြိုင်ဆိုင်ကြရသလို ကိုင်းမကြီးတွေကနေ ကိုင်းခွဲတွေ၊ အဲဒီကနေမှ ကိုင်းအသေးလေးတွေအဖြစ် အကုန်လုံးက ပင်စည်မကြီးတစ်ခုတည်းကနေ အထက်ကို မျက်နှာမူရင်း အဆင့်ဆင့် ခွဲဖြာဆင့်ထွက်လာတာပဲ။
“အဖူးလေးတွေကနေ ဖူးသစ်စတွေ ထပ်ထွက်လာသလိုပဲ” လို့ ဒါဝင်က ပြောတယ်။ ဒီအဖူးတွေကနေ အခက်လေးတွေဖြစ်လာတယ်၊ အခက်လေးတွေကနေ သစ်ကိုင်းတွေ ဖြစ်လာတယ်။ တချို့က သန်စွမ်းတယ်၊ တချို့က အားနည်းတယ်၊ တချို့က ဖြစ်ထွန်းအောင်မြင်ပေမဲ့ တချို့ကတော့ သေဆုံးသွားကြတယ်။ “မျိုးဆက်တစ်ခုပြီးတစ်ခု ဒီလိုပဲ ပြောင်းလဲလာရင်းနဲ့ ဒီ ‘သက်ရှိသစ်ပင်ကြီး’ ဖြစ်လာတာပဲလို့ ကျွန်တော် ယုံကြည်တယ်။ ဒီသစ်ပင်ရဲ့ သေဆုံးပြီး ကျိုးပဲ့နေတဲ့ အကိုင်းအခက်တွေ (မျိုးတုံးသွားတဲ့ မျိုးရိုးတွေ) က ကမ္ဘာ့မြေလွှာထဲ ပြည့်နှက်နေသလို ကမ္ဘာ့မျက်နှာပြင်ပေါ်မှာလဲ အစဉ်အမြဲ ကိုင်းဖြာထွက်နေတဲ့ ဝေဝေဆာဆာ အခက်အလက်တွေနဲ့ လှလှပပ ဖုံးလွှမ်းထားပါတယ်” တဲ့။ အခက်အလက်ဝေဆာတယ် — Ramifications — ဆိုတဲ့ အသုံးလေးကတော့ အတော်ထိမိတာ။
Ramifications ကို ဒီနေရာမှာ ယူသုံးတာ သိပ်ဟန်ကျတယ်။ အကြောင်းက သူ့ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လက်တင်ဘာသာ ramus က ဆင်းသက်လာတဲ့ ‘သစ်ကိုင်းတွေ ဖြာထွက်နေတဲ့ ပုံသဏ္ဌာန်’ လို့ ပြောနိုင်သလို နောက်အဓိပ္ပာယ်တစ်ခုကတော့ ‘ဆက်စပ်သက်ရောက်မှုတွေ’ (Implications) လို့ ဆိုလိုတာကြောင့်ပါ။ ဒါဝင့်ရဲ့ သစ်ပင်မှာလဲ အဲဒီလို ဆက်စပ်သက်ရောက်မှုတွေက အကြီးအကျယ် ရှိခဲ့တာကိုး။
ဒါ့အပြင် သူ့စာအုပ်မှာလဲ အက်ဒဝပ် ဟစ်ချ်ကော့ခ် စာအုပ်မှာလိုပဲ သစ်ပင်ဆန်ဆန် သရုပ်ဖော်ပုံတစ်ခု ပါပါတယ်။ အဲဒီပုံကThe Origin စာအုပ်ရဲ့ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေမှုမှာ ပါတဲ့ တစ်ခုတည်းသော သရုပ်ဖော်ပုံကားချပ်လဲ ဖြစ်ပါတယ်။ စာမျက်နှာ ၁၁၆ နဲ့ ၁၁၇ ကြားက မျိုးဆက်တွေ အချိန်နဲ့အမျှ ဘယ်လိုလမ်းခွဲထွက်သွားကြသလဲ ရှင်းပြတဲ့ အပိုင်းမှာ ထည့်ထားတာ။ ဟစ်ချ်ကော့ခ်ရဲ့ ပုံလိုပဲ ဖြန့်ကြည့်ရတဲ့ ခေါက်ချိုးပုံပေမဲ့ ရိုးရိုး အဖြူအမည်းနဲ့ပဲ ပုံနှိပ်ထားပါတယ်။ အဲဒီပုံက ပန်းချီဆန်ဆန် ဆွဲထားတဲ့ သစ်ပင်ပုံ မဟုတ်ဘဲ စနစ်ပြ ပုံစံကားချပ် (Schematic figure) တစ်ခုသာသာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့မှတ်စုစာအုပ်ထဲ ဆွဲခဲ့တဲ့ ပုံကြမ်းလေးလောက်တောင် သက်ဝင်လှုပ်ရှားမှု မရှိပါဘူး။ ဒါဝင်ကိုယ်တိုင်ကတော့ ဒါကို ပုံကားချပ်လို့ပဲ ခေါ်ခဲ့တယ်။ အဲဒီပုံမှာ ဆင့်ကဲသမိုင်းတစ်လျှောက် အပေါ်ကို တက်သွားရင်း ဘေးကို ခွဲထွက်သွားတဲ့ မျိုးရိုးစဉ်ဆက်တွေကို ပြထားတာပေါ့— ဒေါင်လိုက်တက်သွားပြီး ဘေးတိုက် ကိုင်းဖြာထွက်တဲ့ အစက်ချမျဉ်းကြောင်းတွေ။ ဒါဝင်က ပန်းချီဆရာ မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာအရည်အချင်း မရှိရင်တောင် သူ့ပုံမျိုးကိုတော့ ခဲတံတစ်ချောင်းနဲ့ ပေတံတစ်ချောင်းရှိရုံနဲ့တင် လူတိုင်း ဆွဲနိုင်လိမ့်မယ်။ ပုံနှိပ်စက်ဆရ်ဆီ ပို့တဲ့ မူကြမ်းမှာလဲ ဒါဝင် အဲလိုပဲ ဆွဲခဲ့မှာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံက သစ်ပင်ပါဆိုတဲ့ အချက်ကိုတော့ ထိထိမိမိ ဖော်ပြနိုင်ခဲ့တာပဲ။

စာမျက်နှာပေါ်က ဒေါင်လိုက်မျဉ်းကြောင်း တစ်စိပ်စီဟာ မျိုးရိုးစဉ်ဆက်ပေါင်း တစ်ထောင်ကို ကိုယ်စားပြုတယ်လို့ ဒါဝင်က ရှင်းပြခဲ့ပါတယ်။ သိပ်ကို ကြာညောင်းလှတဲ့ ဘူမိဗေဒ အချိန်ကာလကြီးပေါ့။ အဓိက မျိုးရိုးစဉ်ဆက် ၁၁ ခုကနေ စပြီး အပေါ်ကို တက်လာတာကို ဆက်ပြတယ်။ အဲဒီထဲက ၈ ခုကတော့ လမ်းဆုံးသွားတယ် — မျိုးသုဉ်းသွားတာပေါ့။ ထရိုင်လိုဘိုက် (Trilobites) တွေ၊ အမ်မိုနိုက် (Ammonites) တွေ၊ အစ်သီယိုဆော (Ichthyosaurs) တွေနဲ့ ပလီစီယိုဆော (Plesiosaurs) တွေက ဒီလိုပဲ နိဂုံးချုပ်သွားပြီး ဘယ်လိုမျိုးဆက်မှ မကျန်ရစ်ခဲ့ဘူး။ မျိုးစဉ်တစ်ခုကတော့ ပဲပင်ပေါက်လေးလိုပဲ ဘေးကိုလဲ မစောင်း၊ ကိုင်းလဲမခွဲဘဲ ကမ္ဘာဦးခေတ်တွေတစ်လျှောက် အပေါ်ကို တန်းတန်းမတ်မတ် တက်လာတယ် — အချိန်တွေ ဘယ်လောက်ကြာကြာ မပြောင်းလဲဘဲ တည်ရှိနေတာကို ဆိုလိုချင်တာပေါ့။ “ရှင်သန်နေတဲ့ ရုပ်ကြွင်း” လို့ တစ်ခါတလေ တင်စားကြတဲ့ Horseshoe crabs တွေဟာ နှစ်သန်းပေါင်း ၄၅၀ ကျော်တိုင်အောင် (ရုပ်ကြွင်းတွေအရ ကြည့်ရသလောက် အပြင်ပိုင်းပုံသဏ္ဌာန်မှာ) ပြောင်းလဲတာမျိုး သိပ်မရှိဘဲ ရှင်သန်ကျန်ရစ်ခဲ့ပုံပဲ။ ပုံကားချပ်ရဲ့ ဗဟိုချက်က တခြား မျိုးစဉ်ဆက် နှစ်ခုကတော့ အပေါ်ကို တက်သွားရင်း ခဏခဏ ကိုင်းဖြာထွက်ပြီး ဘေးတိုက်လဲ ပျံ့နှံ့သွားတယ်။ ဒီလို ကိုင်းဖြာပြီး ဘေးတိုက်ပျံ့နှံ့သွားမှုက အသစ်ဖြစ်လာတဲ့ သက်ရှိပုံစံတွေဟာ သူတို့နဲ့ အံဝင်ခွင်ကျဖြစ်မဲ့ ရှင်သန်မှုနယ်ပယ်သစ် (Niches) တွေ ရှာဖွေတာကို ဆိုလိုတာပေါ့။ ဒါက ဆင့်ကဲဖြစ်စဉ်နဲ့ သက်ရှိတွေ ဘယ်လို စုံလင်ကွဲပြားလာသလဲဆိုတာ အပြည့်အစုံ ပြလိုက်တာပဲ။
မက်ဆာချူးဆက်မှာ ရှိတဲ့ အက်ဒဝပ် ဟစ်ချ်ကော့ခ်တစ်ယောက်ကတော့ ဒါဝင့်စာအုပ် ဖတ်ပြီး ရင်ဝမှာ တစ်ဆို့နေရှာတယ်။ မျိုးရိုးအသွင်ပြောင်းခြင်း (Transmutation) ဆိုတဲ့ အယူအဆကို သူ အရင်ကတည်းက ကြားဖူးနားဝ ရှိခဲ့တယ် (လာမတ်ခ်ရဲ့ လက်ရာတွေနဲ့ တခြား စိတ်ကူးယဉ်ဆန်တဲ့ အယူအဆတွေကိုလဲ သူ သိတယ်)။ ဒါပေမဲ့ ဒါဝင့်အယူအဆကတော့ အဲဒီအတွေးအခေါ်တွေထဲ ခေတ်အမီဆုံးဖြစ်ရုံတင်မက၊ အချက်အလက် အခိုင်မာဆုံး၊ ယုတ္တိလဲ အရှိဆုံး ဖြစ်နေတာကြောင့် လူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်း အမြင့်ဆုံးဖြစ်နေသလို အန္တရာယ်လဲ အများဆုံးပဲ။ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေထဲမှာ ဘုရားသခင်က တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်တဲ့ တခြား ဘာသာရေးကိုင်းရှိုင်းတဲ့ သိပ္ပံပညာရှင်တွေ — ဟားဗက်က လူဝီ အာဂတ်ဆစ် (Louis Agassiz)၊ ဂျီနီဗာက ဖရန်ဆွာ ဂျူးလ် ပစ်တေး (François Jules Pictet) နဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်က ဒါဝင့်ရဲ့ ဘူမိဗေဒဆရာ အဒမ် ဆတ်ဂ်ျဝစ်ခ် (Adam Sedgwick) — လိုပဲ ဟစ်ချ်ကော့ခ်ဟာလဲ ဒီကိစ္စကို လုံးဝ သဘောမကျခဲ့ဘူး။
ဒါနဲ့ပဲ သူဟာ ၁၈၆၀ ပြည့်နှစ်မှာ ထွက်တဲ့ သူ့ Elementary Geology စာအုပ်မှာ ဒါဝင့်ကို တုံ့ပြန်တဲ့ ချေပချက်တွေ ထည့်သွင်းခဲ့ပါတယ်။ တုံ့ပြန်တဲ့အခါမှာလဲ နာမည်ကြီး ပညာရှင်တွေရဲ့ အယူအဆတွေကိုပဲ အဓိကကိုးကားပြီး ချေပခဲ့တာပါ။ သူက ပစ်တေး (Pictet) ကို ကိုးကားပြီး ငါးရုပ်ကြွင်း မှတ်တမ်းတွေမှာ မျိုးရိုးအသွင်ပြောင်းခြင်းဆိုင်ရာ အထောက်အထား လုံးဝ မရှိဘူးလို့ ဆိုခဲ့တယ်။ အာဂတ်ဆစ် (Agassiz) ကတော့ တိရစ္ဆာန်တွေကြားက ဆင်တူညီမျှမှုတွေ ဘယ်ကလာသလဲဆိုတော့ ဖန်ဆင်းရှင်ရဲ့ ဉာဏ်တော် (The mind of the Creator) လို့ ပြောခဲ့တယ်လေ။ “ဒါဝင်ကို ရှေ့တန်းတင်ပြီး မျိုးစိတ်တွေက ဖြည်းဖြည်းချင်း အသွင်ပြောင်းလဲလာတယ်ဆိုတဲ့ ဝါဒကို လူအတော်များများ လက်ခံချင်နေကြတဲ့ အခုလို အချိန်မျိုးမှာ သိပ္ပံနယ်ပယ်က ဂုရုကြီးတွေရဲ့ အမြင်တွေကို ဂရုတစိုက်ရှိသင့်တယ်” လို့ ဟစ်ချ်ကော့ခ်က ရေးခဲ့တယ်။
သိမ်မွေ့ပြီး ခိုင်မာတဲ့ လက်တုံ့ပြန်မှုပါပဲ၊ ပြောရရင် ဂရုမစိုက်သလို ပခုံးတွန့်ပြလိုက်တာမျိုး။ ဟစ်ချ်ကော့ခ်ဟာ ဒါဝင့်ကို လျစ်လျူရှုလိုက်ရုံတင်မကဘဲ သူ့စာဖတ်သူတွေကိုလဲ အဲဒီလိုပဲလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ပိုအဓိပ္ပာယ်ပါပြီး ခုခံကာကွယ်မှု သဘောဆောင်တဲ့ နောက်ထပ် တုံ့ပြန်မှုတစ်ခုကတော့ သူ့စာအုပ်ထဲက သစ်ပင်ပုံကားချပ်တွေကို ဖြုတ်ပစ်လိုက်တာပဲ။ ရုပ်ကြွင်းဗေဒ ဇယားကြီး မရှိတော့ဘူး။ Elementary Geology ရဲ့ နောက်ထပ် ရိုက်နှိပ်မှုတွေမှာလဲ ဒီပုံက ထပ်ပါမလာတော့ပုံရတယ်။ အခုချိန်မှာ ဒီသစ်ပင်က ဒါဝင်နဲ့ ဒါဝင်ဝါဒီတွေရဲ့ အပိုင် — သူတို့အမှတ်အသား — ဖြစ်သွားပါပြီ။
အဆိုပါ သစ်ပင်ပုံဟာ ၂၀ ရာစုနှောင်းပိုင်းအထိ သက်ရှိတွေရဲ့ သမိုင်းကြောင်း၊ အချိန်နဲ့အမျှ ဆင့်ကဲပြောင်းလဲလာမှု၊ စုံလင်ကွဲပြားမှုနဲ့ လိုက်လျောညီထွေ ဖြစ်လာမှုတွေကို ဖော်ပြတဲ့ အကောင်းဆုံး ပုံကားချပ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ရုတ်တရက်ဆိုသလို သိပ္ပံပညာရှင် အဖွဲ့ငယ်လေးက တစ်ခုခုကို ရှာဖွေဖော်ထုတ်မိသွားတယ် — “အိုး . . . မဟုတ်သေးဘူး၊ ဒါကြီးက လွဲနေတာပဲ”။ ။
အခန်း ၁
ပြီးပါပြီ။